မြန်မာနိုင်ငံသည် စိုက်ပျိုးမြေများ၊ လူအင်အားများ၊ လုပ်နိုင်ကိုင်နိုင်သော အင်အားများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အဖြင့် နိုင်ငံခြားသို့ တင်ပို့နိုင်သည့် စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို သည့်ထက်မက ပိုမိုတင်ပို့နိုင်ခြေရှိပါသည်။ အရေးကြီးသည်မှာ ခိုင်မာသော ဈေးကွက်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုး၍ရသော သီးနှံများ ဈေးကောင်းမရ၊ တွက်ခြေမကိုက်လျှင် သီးနှံအထွက်တိုးရေးကိစ္စအပေါ် မည်သည့်တောင်သူမှ စိတ်ဝင်စားမည် မဟုတ်ပါ။ တောင်သူများအတွက် အားထားရနိုင်သော ဈေးကွက်တစ်ခု ဖန်တီးပေးလျှင် စိုက်ပျိုးရေးတွင် အထွက်တိုးစေရန် အတွက်သော်လည်းကောင်း၊ စိုက်ပျိုးမြေများတိုးချဲ့ရေးကိုသော်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပေါ် အားကြိုးမာန်တက် ဖိဖိစီးစီးလုပ်ကြရရေး ကိုသော်လည်းကောင်း မည်သူမျှဆော်ဩနေစရာ စည်းရုံး နေစရာ လိုမည်မဟုတ်ပါ။
လယ်သမားများအတွက် ခိုင်မာသော ဈေးကွက်တစ်ခုတည်ဆောက်ပေးပြီးနောက် လယ်ယာလုပ်ကိုင်နိုင်ရန်နှင့် သီးနှံအထွက်တိုးရန် အကောင်အထည်ဖော်ရမည့် စက်မှုလယ်ယာကိစ္စဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့ စက်မှုလယ်ယာစခန်းများ ဖွင့်လှစ်လုပ်ဆောင်ခဲ့ပြီး လယ်ထွန်စက်များကိုလည်း ထုတ်လုပ်လာနိုင်ခဲ့သော်လည်း ယခုအချိန်ထိ တေင်သူလယ်သမားအများစုသည် လယ်ယာလုပ်ငန်းတွင် လူနှင့် ကျွဲ၊ နွား အင်အားကိုသာ အဓိကထားသုံးစွဲနေရသေးပါသည်။ လယ်ယာလုပ်ငန်းတွင် ကျွဲ၊ နွားများအစား စက်ကိရိယာများကို သုံးစွဲနိုင်လျှင် သီးနှံအထွက်တိုး လာမည်ဖြစ်ရာ နိုင်ငံခြားသို့တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်ပမာဏသည်လည်း အမှန်ပင် တိုးတက်လာမည်ဖြစ်ပါသည်။ အခွင့်သာပါက လယ်သမားများအနေနှင့် မိုးစပါးများပြီးလျှင် နွေစပါးကိုဆက်စိုက်မည်။ သို့မဟုတ်ပါကလည်း မတ်ပဲ စသောသီးနှံ တစ်မျိုးမျိုးကို လယ်ထဲတွင်စိုက်လိုမည်သာဖြစ်ပါသည်။ ဤကဲ့သို့ စိုက်ရာတွင် နောက်သီးနှံအတွက် အစိုဓာတ်အရေးကြီးပါသည်။ ထိုအခါရိတ်သိမ်းပြီးသောစပါး များကို ခြွေလှေ့ခြင်း၊ တလင်းထဲသို့ပို့နိုင်ခြင်းမပြုနိုင်သေးဘဲ ရိတ်ပြီးစလယ်ကို ထယ်ထိုးရသည်။ နောက်သီးနှံအတွက် လုံးပန်းနေရသဖြင့် လယ်ကန်သင်းများပေါ်တွင် ပုံထားသော ကောက်လှိုင်းပုံများမှာ လိုသည်ထက် ပိုခြောက်ကုန်သည်။ ထို့နောက် ကောက်လှိုင်းပုံမှ တလင်းသို့ သယ်သည့်အခါတွင် အလေအလွင့်များလှသည်။ သည်ကြားထဲ အချိန်အခါ မဟုတ် မိုးရွာလိုက်ပါက ကြွေသည်ကတစ်မျိုး၊ မိုးကောင်း၍ အစို့ပေါက်ကုန်သည် ကတစ်မျိုးတို့ဖြင့် ကောက်လှိုင်းရှိ စပါးမှာ တစ်ဝက်ပင် မတင်တော့ပါ။
လယ်သမားများသည် စပါးကို ရိတ်သိမ်းခြွေလှေ့စက်( Combine Harvester) ဖြင့် ရိတ်သိမ်းနိုင်ခဲ့ပါက ရိတ်သည်နှင့် တစ်ပြိုက်နက် အိတ်သွတ်ပြီးသား စပါးကို ရသဖြင့် အထက်ဖော်ပြပါ အလေအအလွင့်များကို များစွာလျှော့ချနိုင်ပေလိမ့်မည်။ စက်ဖြင့်ရိတ် သောကြောင့်လည်း နောက်သီးနှံအတွက် အစိုဓါတ်မမီမှာ မပူရတော့ပေ။ မြန်မာနိုင်ငံအနှံ့အပြားတွင် လယ်ယာလုပ်ငန်းများ မည်မျှတွင်ကျယ်လာသည်၊ လယ်သမားများအနေနှင့် ထိုစက်များသုံးစွဲနေရသည်မှာ အဆင်ပြေ/မပြေ၊ မည်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသနည်း၊ စနစ်တကျ ရင်ဆိုင်နေရပါသနည်း စသည်တို့ကို စနစ်တကျ ကွင်းဆင်းလေ့လာသင့်ပါသည်။
နိုင်ငံခြားမှတင်သွင်းခြင်းသည့် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပြီး အစိုးရစက်ရုံများနှင့် ပုဂ္ဂလိက စက်ရုံများမှလည်း မြန်မာ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဦးဆောင်မှု အောက်တွင် ပြည်တွင်း၌ လယ်ယာသုံးစက်ကိရိယာများကိုထုတ်လုပ်ခဲ့ကြပါသည်။ စက်မှုလယ်ယာအဖြစ် ဖော်ဆောင်ရာတွင် အဓိကလိုအပ်ချက်မှာ နည်းပညာများ ပံ့ပိုးမှုဖြစ်ပါသည်။ ငွေအင်အားသုံးပြီး စက်ပစ္စည်းကိရိယာများ မည်မျှပင် ထည့်သွင်းစေပါမူ ထိုစက်ကိရိယာများကို ထိထိရောက်ရောက် အသုံးမချနိုင်ပါက အောင်မြင်ဖြစ်ထွန်းမည်မဟုတ်ပါ။ လယ်ယာသုံးစက်ကိရိယာများကို သုံးစွဲရာတွင် သုံးစွဲနေသည့် တောင်သူများထံမှလည်း စက်သုံးစွဲရာတွင် မည်သည့်အခက်အခဲများရှိသည်၊ မည်သည့်အခက်အခဲ ရင်ဆိုင်နေရသည်၊ မည်ကဲ့သို့လုပ်လိုက်လျှင် ပိုကောင်းလာမည် စသည်တို့ကိုလည်း ပြန်လည်အကြံပြုချက် (Feed Back) အမြဲ ပြန်လည်ရယူနေသင့်ပါသည်။ သို့မှသာ ထိုဒေသနှင့်ကိုက်ညီမည့် စက်ကိရိယာများကို တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် စက်မှုလယ်ယာ ထူထောင်ခြင်းဟူသည် လယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ ရောင်းချပေးရုံသာမဟုတ်ပါ။ လယ်ယာသုံးစက်ကိရိယာများ လယ်ယာများထဲ၊ ကျေးရွာများထဲ၌ စက်များမြင်နေရုံမျှ နှင့် စက်မှုလယ်ယာများဖြစ်လာပြီဟု မဆိုနိုင်ပေ။ စပါးခြွေ့စက်များနှင့် ခြွေလှေ့နေသည်ကိုမြင်ရသည်နှင့် စက်မှုလယ်ယာစနစ် အောင်မြင်ပြီဟု လက်ခမောင်းခတ်လို့မဖြစ်ပါ။ စက်မှုလယ်ယာထူထောင်ရေးအတွက် အရေးကြီးသော နောက်တစ်ချက်မှာ စက်သုံးဆီ အလုံအလောက်ရရှိရေးနှင့် စက်ကိရိယာ အပိုပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိရေးပင်ဖြစ်ပါသည်။ ထွန်စက်အလုံးတစ်ရာရှိလျှင် ထိုထွန်စက် အလုံးတစ်ရာစာအတွက် အနည်းဆုံးအပိုပစ္စည်းအစုံ တစ်ရာထားရှိရန်လိုပါသည်။ သို့မဟုတ်ပါက စက်ချို့ယွင်း၍ အပိုပစ္စည်းအစားထိုးရမည်ဆိုမှ အပိုပစ္စည်းမရှိမှုကြောင့် စက်ကြီးကို သည်အတိုင်းရပ်ထားမည်ဆိုလျှင် လုပ်ငန်းများနှောင့်နှေး ကြန့်ကြာမည်ဖြစ်ပါသည်။ ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရပါမည်။ ဤသည်တို့သည်ကား စက်မှုလယ်ယာထူထောင်ရေးတွင် အဓိကစိန်ခေါ်မှုများပင် ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန