Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ကုန်စည်များတရားမဝင်ကုန်သွယ်ရောင်းဝယ်မှုပပျောက်စေ ရန်နှင့် နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိစေရန် ရည်ရွယ်၍ ကလေး၊ ရွှေဘို၊ စစ်ကိုင်းနှင့် မုံရွာမြို့များတွင် စစ်ဆေးရေးဂိတ် (၄) ခုဖြင့် တရားမဝင်ကုန်သွယ်မှုအထူးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းကာ နေ့စဉ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

          အဆိုပါ တရားမဝင်ကုန်သွယ်မှုအထူးတိုက်ဖျက်ရေးအဖွဲ့တွင် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်အကောက်ခွန်များဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အတိုင်းအတာအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ တရားမဝင်သစ်မျိုးစုံ၊ တိရိစ္ဆာန်(နွား)၊ ဂျုံမှုန့်၊ အင်ဂျင်စက်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ နှင့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများကို ဖမ်းဆီးရရှိကြောင်းသိရှိရပါသည်။ မတ်လအတွင်း ဖမ်းဆီးရရှိသည့်အမှုပေါင်း (၆၂) မှု ရှိရာ ကာလတန်ဖိုးအားဖြင့် (၁၅၈၆၉၉၅၄၀) ကျပ်ရှိကြောင်း သတင်းရရှိပါသည်။

မင်းပြားမြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မှု

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်းနှင့် ဝန်ထမ်းများသည် ၂၅-၃-၂၀၂၂ နေ့ နံနက်( ၉:၃၀) နာရီအချိန်တွင် မင်းပြားမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောစားသောက်ကုန်များ၊ အလှကုန်ပစ္စည်များနှင့်ပတ်သက်၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ပူးပေါင်းပြီး စားသုံးသူပြည်သူများနေ့စဉ်ဝယ်ယူစားသုံးနေကြသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို သတင်းအချက်အလက်ပြည်စုံမှန်ကန်စွာဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ  ဖော်ပြထားခြင်း ရှိ/မရှိ နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

          မင်းပြားမြို့မြို့မဈေးအတွင်းရောင်းချနေသော လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော မြန်ဘာဘာသာဖြင့်ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဦးစားပေး ရောင်းချကြရန်၊ အကယ်၍ သတ်မှတ်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများအား ရောင်းချပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ (သို့မဟုတ်) သက်ဆိုင်ရာဌာနများမှ  စားသုံးရန်(သို့)သုံးစွဲရန် မသင့်ထုတ်ပြန်ထားသည့် သုံးစွဲသူမိဘပြည်သူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်ပစ္စည်းများအားလည်း ရောင်းချမှုမပြုလုပ်ကြပါရန် အသိပညာပေးဆွေးနွေးခြင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌါန်းချက်လက်ကမ်းစာစောင်များနှင့် FDA မှ လတ်တလော စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် ကုန်ပစ္စည်းနမူနာများအားဖြန့်ဝေပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ချောက်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်မှ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ (၁၁:၃၀) မှ(၁၃:၃၀)နာရီထိ ချောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် ပူးပေါင်းပြီး ချောက်မြို့နယ် ထိန်စမ်း အုပ်စု၊ အိုင်ကြီးရွာရှိ ကုန်စုံဆိုင်(၅)ဆိုင်အား ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ      (၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာနိုင်ရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

               ထိုသို့ဆောင်ရွက်ရာတွင် ဆိုင်ပိုင်ရှင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိရောင်းချသည့် ကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့‌ပေါ်ရှိ မုန့်ဖုတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မှ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး မျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးကာကွယ်ရေးဥပဒေပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

                 မကွေးခရိုင်ဦးစီးမှူးရုံးမှ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ‌ရေနံချောင်းမြို့၊ ငွေဘုံသာရပ်ရှိ “Family” ပေါင်မုန့်ဖုတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်မှ ထုတ်လုပ်ရောင်းချခွင့်လုပ်ငန်း လိုင်စင်ပြုလုပ်ထားပါကြောင်း၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင် မဆောင်ရွက်ရသေးပါကြောင်းပြောကြားရာ မြို့နယ်တာဝန်ခံမှ ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၈) ကုန်ညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်‌စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်ဖော်ပြမှုနှင့် ပတ်သက်၍ မိမိတို့စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍ စိစစ်ခွင့်ပြုချက်လျှောက်ထားရမည် ဖြစ်ကြောင်း၊  အခြားဌာနများ၏ ခွင့်ပြုချက်လိုင်စင်များ ပြုလုပ်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

ကုန်သွယ်မှုများတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

       မြန်မာနိုင်ငံဟာဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက်  ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ ပို့ကုန်သွင်းကုန် ကဏ္ဍဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ ပို့ကုန်သွင်းကုန်လို့ ဆိုရာမှာလည်း သွင်းကုန်ထက် ပို့ကုန်က ပိုမိုအရေးပါတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ပို့ကုန်ပမာဏ တစ်နေ့ထက်တစ်နေ့ များပြားလာပြီး တစ်နေ့ထက်တစ်နေ့ လွယ်ကူလျင်မြန်ချောမွေ့မှသာ နိုင်ငံရဲ့စီးပွားရေး ယခုထက်ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ပို့ကုန် သုံးဆ တိုးတက်တင်ပို့နိုင်ရေးအတွက်ကိုလည်း စီးပွားရေးဦးတည်ချက်တွေ ချမှတ်ပြီး လုပ်ဆောင် နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံအသီးသီးနဲ့ ကုန်သွယ်မှုပြုရာမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ရော နယ်စပ်ကုန်သွယ်မှုနဲ့ပါ ကုန်သွယ်မှုပြုနေတာဖြစ်ပါတယ်။ပို့ကုန်ရော သွင်းကုန်ပါများပြားလာပြီး ကုန်သွယ်မှု ပိုမိုတိုးတက်လာတာနဲ့အမျှ ကုန်းတွင်းဆိပ်ကမ်းနဲ့ ရေပြင်ဆိပ်ကမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ပိုမို အရေးပါနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိမြေပြင် အခြေအနေမှာတော့ ပို့ကုန်ထက် သွင်းကုန်ပမာဏက ပိုမိုများပြားနေတာကို တွေ့ ရမှာဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်ပမာဏ ပိုမိုများပြားလာတာနဲ့အမျှ ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေ စုပုံရောက်ရှိနေပြီး ဆိပ်ကမ်းမှာကျပ်တည်းမှုတွေ ဖြစ်ပေါ်ခဲ့ရပါ တယ်။

    ပြည်ပကုန်သွယ်မှုမှာအဓိကစိန်ခေါ်မှု ဖြစ်နေတဲ့Transportation နဲ့Logistics Facilities  လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာနဲ့အညီ ဆိပ်ကမ်းပေါင်းခြောက်ခုနဲ့ ပင်လယ်ရေကြောင်းမှ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ၊ပင်လယ်ရေကြောင်းမှ တင်ပို့မယ့် ကုန်ပစ္စည်းတွေ  အတင်အချ ပြုလုပ် လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပင်လယ် ရေကြောင်း ကနေ ကုန်သွယ်မှုဟာ တစ်နေ့တခြားတိုးတက်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
      ဈေးကွက်ဆိုတာဟာ ရောင်းလိုအားနဲ့ဝယ်လိုအားပေါ်မှာ တည်မှီနေတာကို အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပို့ကုန်ကို ဦးစားပေးတဲ့နိုင်ငံဖြစ်တဲ့အတွက် ကုန်တင်ယာဉ်တွေ သွားလာခွင့်ပြုရာမှာလည်း ပို့ကုန်ကုန်တင်ယာဉ်တွေကို ဦးစားပေးပြီးသွားလာစေဖို့ ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုလွယ်ကူချောမွေ့ အဆင်ပြေမှာသာလျှင် နိုင်ငံတော်ရဲ့ ပို့ကုန်ရငွေတွေ အများအပြားဝင်ရောက်လာပြီး နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။
       ကုန်တင်ယာဉ်သွားလာမှုကို ကန့်သတ်ခွင့်ပြုရာမှာ သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုကဏ္ဍမှာ ကုန်သွယ်မှု ပိုငွေပြနေမှသာ နိုင်ငံ တော်ရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကုန်တင်ယာဉ် သွားလာခွင့်တွေကို ကန့်သတ်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာ နတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ၊ ကွန်တင်နာတင်မော်တော်ယာဉ်  ပိုင်ရှင်တွေ၊ ကုန်တင်ယာဉ်ပိုင်ရှင်တွေ၊ ဆိပ်ကမ်းပိုင်ရှင်တွေ၊ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်တွေစတဲ့ လုပ်ငန်းရှင်အသီးသီးနဲ့ အကျေအလည် ဆွေးနွေးပြီးမှ ကန့်သတ်သင့်ပါတယ်။

     မြန်မာနိုင်ငံရဲ့နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းမှာ အဓိကအသက်သွေးကြောဖြစ်တဲ့ ရန်ကုန်မြစ်ဟာ ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်သွားလာပြီး ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတာဟာ နှစ်ပရိစ္ဆေဒကြာမြင့်နေပြီဖြစ်ပါတယ်။ နှစ်ပရိစ္ဆေဒကြာမြင့်လာတဲ့အတွက် ရန်ကုန်မြစ်အတွင်းမှာ နုန်းတွေ အနည်ထိုင်လာပြီး မြစ်ကျဉ်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ သက်ဆိုင်ရာဌာနများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ၊ကုန်သေတ္တာတင်ယာဉ်ပိုင်ရှင်များ၊ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ အေဂျင်စီ များစတဲ့ Logistic  ကဏ္ဍမှာ ဆက်နွယ်ပတ်သက်နေသူတွေ အားလုံးဝိုင်းဝန်းပူးပေါင်းပြီးဖြေရှင်းကြရမှာဖြစ်ပြီး ကုန်သေတ္တာတင်ယာဉ်တွေပိုမို တိုးတက်များပြားလာဖို့အတွက် ကားတွေ တင်သွင်းမယ့်အစား Used Assemble  လုပ်တာမျိုးကို ခွင့်ပြုပေးဖို့ လိုပါတယ်။

       ကုန်တင်သင်္ဘောကြီးတွေဆိုက်ကပ်နိုင်ဖို့အတွက် ပင်လယ်ဆိပ်ကမ်းတစ်လျှောက် ပင်လယ်ပြင် ဧရိယာတွေမှာGeneral Cargo Terminal  အသစ်တွေ တိုးချဲ့ ဆောက်လုပ်သွားဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ဝန်ကြီးဌာန ချင်းပေါင်းစပ် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်မှုမှာ အားနည်းလျက်ရှိတာကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ဖြစ်ပါတယ်။

       နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် အရေးပါတဲ့အချက် တစ်ချက်အနေနဲ့ ပါဝင်နေတာကို သတိပြုရပါမယ်။ ယခုဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ကုန်သေတ္တာတင်ယာဉ်ကိစ္စ၊ ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေ ကျပ်တည်းနေတဲ့ကိစ္စ၊ ဆိပ်ကမ်း မလုံလောက်မှုအရေးကိစ္စတွေဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်သလို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်စတဲ့ဌာနတွေသာမကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စတဲ့ သက်ဆိုင်ရာဌာန အသီးသီးတို့ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ကြမယ်ဆိုရင် ပိုမိုထိရောက်သွားမှာဖြစ်ပါတယ်။

    ကုန်သွယ်မှုကိစ္စသာမက အခြားသောကိစ္စများကို စတင်ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနများအနေနဲ့ လိုအပ်တဲ့ကိန်းဂဏန်း အချက်အလက်ပြုစုခြင်းနဲ့ သုတေသနပြုမှုတွေကို လုပ်ဆောင်ရာမှာ အသုံးစရိတ်ချွေတာ သုံးစွဲလေ့ရှိကြပါတယ်။ လုပ်ငန်း တစ်ခု စတင်လုပ်ဆောင်ရာမှာ ဒါမှမဟုတ် အပြောင်းအလဲတစ်ခု ပြုလုပ်ကြရာမှာ သုတေသနပြုလုပ်ခြင်းနဲ့ ကိန်းဂဏန်း အချက်အလက် ကောက်ယူစုဆောင်းခြင်းဟာ လုပ်ငန်းအောင်မြင်မှုရရှိဖို့အတွက်  အထောက်အပံ့ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဆိပ်ကမ်းတွေ၊ ၊ ကုန်သေတ္တာတင်ယာဉ် အရေအတွက် ပိုမိုများပြားအောင်  ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကိုလုပ်ကိုင် ခွင့်ပြုသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ ယခုလက်ရှိကာလဟာ ကောက်ပဲသီးနှံနဲ့ လယ်ယာထွက်ကုန်များကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ တင်ပို့နေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေမယ်ဆိုရင် ပို့ကုန်တင်ပို့ရာမှာ အခက်အခဲတွေဖြစ် ပေါ်လာမှာဖြစ်ပါတယ်။ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးဖို့အတွက် သက်ဆိုင်ရာဌာနများအနေနဲ့  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ရန်ကုန်)
 

မြဝတီမြို့ ပေါ်ရှိ ရပ်ကွက် လက်လီဆိုင်ကြီးများတွင် ရောင်းချလျှက်ရှိသော Similac Product များအား ဈေးကွက်ထောက်လှမ်းခြင်းနှင့် မြဝတီမြို့ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

          ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ခရိုင်ဝန်ထမ်းများသည် ၂၅.၃.၂၀၂၂ ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၏ ဖိတ်ကြားချက်အရ ခရိုင်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မြဝတီဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့(ဈေး)အဖွဲ့များတွေ့ဆုံပြီး မြဝတီမြို့ပေါ်ရှိ လက်လီဆိုင်ကြီးများတွင် ရောင်းချနေသော Similac Product များ ဈေးကွက်ထောက်လှမ်းစစ်ဆေးရန်၊ တွေ့ရှိပါက ဈေးကွက်မှ တစ်ခါတည်းဖယ်ရှားရန် မြဝတီမြို့လက်လီဆိုင်များတွင် ရောင်းချမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

     ဆက်လက်၍ မြဝတီခရိုင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ကမ္ဘာကျန်းမာရေးအဖွဲ့နှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၏ တို့၏ ညွှန်ကြားချက်စာများ ဖြစ်သော အောက်ပါအချက်များကို ပါဝင်သောကုန်စည်များကို ရှာဖွေစစ်ဆေးခဲ့ကြပါသည်-

(က) Code နံပါတ်(၇) လုံးမှ(၉)လုံးတွင် ပထမဂဏာန်းမှာ(၂၂-၃၇)အတွင်း၊

( ခ ) Code နံပါတ်တွင်ပါဝင်သော စာသားများတွင် K8၊ SH (သို့) Z2 ပါရှိပြီး၊

( ဂ ) သက်တမ်းကုန်ဆုံးရက်စွဲသည် (၁.၄.၂၀၂၂)ရက်နေ့ (သို့) ဧပြီလ(၁)ရက်နေ့ စသည့် အ ချက်များပါသော Similac Productများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိမရှိကို ပဏာမ ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ကြပါသည်။

     မြဝတီမြို့ပေါ်ရှိ လက်လီဆိုင်ကြီးများတွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၏  ထုတ်ပြန်ထားသောအချက်များနှင့် ကိုက်ညီသော ကုန်ပစ္စည်းများ မတွေ့ရှိခဲ့ပါကြောင်းနှင့် မြဝတီမြို့ပေါ်ရှိ စစ်ဆေးသည့်ဆိုင်များတွင် FDAမှ ဈေးကွက် ထောက်လှမ်းစစ်ဆေးရာတွင် ပါဝင်သောအချက်များအကြောင်းကို စီးပွားရေးလက်လီဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြီး ဧပြီ(၁)ရက်နေ့မှစ၍ သက်တမ်းလွန်မည့် ဈေးကွက်အတွင်း ရောင်းချရန် ကျန်ရှိမည့် ကုန်စည်များကို သက်တမ်းမလွန်ခင်အချိန်တွင် သက်ဆိုင်ရာကုမ္ပဏီနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ဖြေရှင်းမှုများလုပ်ဆောင်ကြရန် ထပ်မံ၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးချိန်၌ သက်တမ်းလွန်ကုန်စည်းများ တွေ့ရှိပါက သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် မြဝတီမြို့ပေါ်ရှိ လက်လီဆိုင်(၁၀)ဆိုင်အား ပညာပေးပြောကြားပြီး စားသုံးသူများအတွက် ထိခိုက်နစ်နစ်မှုမရှိစေရန် ဌာနဆိုင်ရာတို့၏ လမ်းညွှန်ချက်၊ ထုတ်ပြန်ချက်များကို ပူးပေါင်းလိုက်နာကြရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများအကြောင်းအား ရှင်းလင်း ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ကရင်)

ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ဆောင်ရွက်နိုင်စေရေး တွေ့ဆုံဆွေးနွေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မတ်လ အတွင်း မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်ရှိ “ရွေလ‌ရောင်” အမှတ် တံဆိပ်ပါ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း၊ “ရွှေပြည်မိုး” အမှတ်တံဆိပ်ပါ မုန့်မျိုးစုံလုပ်ငန်းနှင့် “စိုးမိုးထွန်း” အမှတ်တံဆိပ်ပါ ဆီလုပ်ငန်းစသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက် များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက် နာဆောင်ရွက်နိုင်စေရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များနှင့်စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖော်ပြရန်နှင့် ထုတ်လုပ်သည့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ ဖော်ပြနိုင်စေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊  ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် အချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်

                  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်တုန်း မြို့နယ်ဝါးတောစွန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ၁၇.၃.၂၀၂၂နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူ၏အခွင့်အရေးများအကြောင်းကို ဟောပြောဆွေးနွေး ခဲ့ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူတို့၏ အခွင့်အရေးများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများ၏သိရှိလိုသည်များကို ပြန်လည်ပြောကြားခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့  ပြည်သူ(၇၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

အများပြည်သူသုံးစွဲရန်မသင့်သော အရက်ပုလင်းများဖျက်ဆီး

   ပုသိမ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်သော ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် အရက်ပုလင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အကောက်ခွန်ဦးစီး ဌာနမှူးရုံးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖျက်ဆီးခဲ့ပါသည်။

          ထိုသို့ဖျက်ဆီးခဲ့ရာတွင် အရက်ပုလင်းမျိုးစုံ(၃၆၈)ပုလင်း၏ ဖမ်းဆီးရရှိမှု စုစုပေါင်းတန်ဖိုး ငွေမှာကျပ်(၆,၃၄၂,၇၀ဝိ/-)ဖြစ်ကြောင်း ပုသိမ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

တရားမဝင် စက်ဆီ၊ ချောဆီ၊ အမဲဆီများ ဈေးကွက်အတွင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း ၍ ၂၀၂၂ ခုနှစ်၊ မတ် လ (၂၄)ရက်နေ့၊ နံနက် (၁၀ ၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောဆိုင်များသို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲသူများ အရည်အသွေးမှန်ကန်စွာ သုံးစွဲနိုင်ရန်၊ ပြန်လည်ပြုပြင်ထားသည့် သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည့် စက်ဆီ၊ ချောဆီများရောင်းချခြင်းမပြုရန်၊ တရားဝင်ခွင့်ပြုချက် လိုင်စင်မရှိပဲ ရေသန့်ဘူးများတွင် အမှတ်တံဆိပ်များ ထည့်သွင်းပြီး တရားမဝင်စက်ဆီ၊ ချောဆီများအဖြစ် ပြန်လည်ရောင်းချခြင်းများ မရှိစေရန်၊ တရားဝင်လိုင်စင်ရယူ ဆောင်ရွက်ထားသည့် ကုမ္ပဏီများမှ တင်သွင်းသည့် Product များကိုသာ တင်သွင်းရောင်းချသွားရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် အတုအပပြုလုပ်ရောင်းချလျက်ရှိသည့် တရားမဝင် စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ