Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ တွင် လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ ထေးသမ ဆီစက်နှင့် မိုင်းလုံးရပ်ကွက်ရှိရွှေမင်းဆီစက်လုပ်ငန်းများထံသို့ သွားရောက်၍ ပြည်တွင်းကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဆီထွက်သီးနှံထွက်ရှိမှု၊ ဆီလိုအပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်အတွင်း ဆီထွက်သီးနှံထွက်ရှိမှု နှင့် ဆီလိုအပ်မှုအခြေအနေများအားလည်းကောင်း၊ မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါး အာဏာပိုင် အဖွဲ့၏ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၃၈(ခ)အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ၆(င)အရ အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ် တံဆိပ်ပါ စားသုံးဆီတို့အား ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်ထားပါကြောင်း ၊ ဆီစက် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ  ( ၂၀ )ရက်နေ့တွင် ထုတ်ပြန်ထားသော စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁ )အား သိရှိ လိုက်နာဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုး အမည်၊ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပါကြောင်း အသိပေးရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် သတင်းနှင့် ဆောင်းပါး ရေးသားခြင်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှု သင်တန်းကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဝန်ထမ်းများ သတင်းအချက် အလက်နည်းပညာဖြင့် စားသုံးသူအခွင့်အရေးများသိရှိစေရန်၊ ဘေးအန္တရာယ်ရှိသော ထုတ်ကုန်ပစ္စည်းများအား သိရှိရှောင်ကြဉ်နိုင်ရန်နှင့် သတင်းပေးပို့နိုင်ရန် ရည်ရွယ်၍ ၂၂-၃-၂၀၂၂ ရက်နေ့၊ နေ့လည် ၀၂:၀၀ နာရီအချိန်တွင် သတင်းနှင့် ဆောင်းပါးရေးသားခြင်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှုသင်တန်း ကျင်းပခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က သတင်း/ ဆောင်းပါးများရေးသားရာတွင် လိုက်နာရမည့်အခြေခံအချက်များကိုလည်းကောင်း ကြိုတင် ပြင်ဆင်ခြင်း၊ သတင်းခေါင်းစဉ်များကို လိုရင်းတိုရှင်းနှင့် ပြည့်စုံစွာ ရေးသားခြင်း၊ သတင်း/ ဆောင်းပါး ရေးသားရာတွင် ဆောင်ရန် ‌ရှောင်ရန်များ လိုက်နာကျင့်သုံးပြီး နည်းစနစ်မှန်မှန် ရေးသားခြင်း၊ သတင်း/ ဆောင်းပါးရေးသားရာတွင် အဓိကအခြေခံအချက်ဖြစ်သော “ဘ” ခြောက်လုံးဖြင့် အခြေခံရေးသားရမည့်အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

          ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးသန်းဉီးက  သတင်းမီဒီယာ၏အခန်းကဏ္ဍသည် ပြည်သူများနှင့် ပတ်သက်ပြီး သိသင့်သိထိုက်များ၊ ပြောသင့်ပြောထိုက်သည်များကို အကောင်းဆုံးနှင့် အထိရောက်ဆုံး ပြောနိုင် ပြနိုင် ဖော်ထုတ်နိုင်သည့် အရေးပါဆုံးသော အရာဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းဦးရေ ( ၁၂ ) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ပခုက္ကူဒေသထွက် “အမယ်သစ်နှမ်းဖတ်ချဉ်ကြော်”လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များကိုရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အရေးများပိုမိုရရှိလာစေရေး၊  မိမိတို့အခွင့်အရေးကိုသိရှိပြီး မိမိကိုယ်မိမိကာကွယ်နိုင်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် ဘေးကင်း လုံခြုံသည့် ကုန်စည်များထုတ်လုပ်လာစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန် တွင် ပခုက္ကူမြို့၊ ရွှေချောင်းကွက်သစ်ရပ်ကွက်ရှိ ဒေသတွင်းစားသောက် ကုန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော "ဆင်ချောင်း အရီးချို" စားသောက်ကုန်လုပ်ငန်း၏ အမယ်သစ်ဖြစ်သော နှမ်းဖတ်ချဉ်ကြော်ထုတ်လုပ်မှုလုပ်ငန်းအား သွားရောက်လေ့လာမှုနှင့်အတူ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့အသိပညာပေးဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်အနေဖြင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူပိုင်ခွင့်များ၊  တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးရာတွင် ကုန်အမှတ်တံဆိပ်များအား ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချရာတွင် စိစစ်ခွင့်ပြုချက်ရရှိထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ရောင်းချရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိများမှ ဈေးကွက် အတွင်းကွင်းဆင်းရာတွင် စိစစ်ခွင့်ပြုချက်ရရှိပြီးဖြစ်သော အမှတ်တံဆိပ်များမှာ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချမှုမရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထပ်မံထုတ်လုပ်မည့် စားသောက်ကုန်အမျိုးအမည်များတွင် လည်း ယခုစိစစ်ခွင့်ပြုချက်ရယူထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့် သွင်း၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့ တိုင်ကြားနိုင်မည့်နည်းလမ်းများအား အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ အသိပညာပေးဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ လုပ်ငန်းရှင်နှင့် လုပ်သားများလည်းရှေ့ဆက်လက်၍ ယခုလိုပဲ အရည်အသွေးကိုထိန်း၍ စိတ်တူကိုယ်တူ လုပ်ဆောင် စေလိုကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး "ဆင်ချောင်း အရီးချို"စားသောက်ကုန်လုပ်ငန်းမှ အမယ်သစ်ထုတ်လုပ်လိုက်သည့် နှမ်းဖတ်ချဉ်ကြော် ထုတ်လုပ်မှုအား လေ့လာရာတွင် ကုန်ကြမ်းဖြစ်သော ပဲဖတ်ခွေ တစ်ပိဿာကို (၁၅၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီကြိတ်ပြီးသား ပဲဖတ်အခွေကို အမှုန့်ဖြစ်အောင်ပြုလုပ်ပြီး တစ်ညတာ အချဉ်ဓာတ်ရရှိရန် ရေစိမ်ထားရပါကြောင်း၊ ပဲဖတ်ခွေ တစ်ပိဿာလျှင် ယခင်အချဉ်ခံပြီးသား အနှစ်(၅)ကျပ်သားနှုန်း ထည့်ရကြောင်း၊ နောက်တစ်နေ့မိုးလင်းလျှင်အကြမ်းဖတ်များဖယ်၍  အနုဖတ်များကို  ပိတ်စဖြင့်ဖိ၍ ရေစစ်ထားရပါကြောင်း၊ (၃)နာရီကြာရေစစ်ထားပြီးလျှင် အသင့်စား နှမ်းဖတ်ချဉ် အစိမ်းရရှိပါကြောင်း၊  နှမ်းဖတ်ချဉ်အစိမ်းကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ဆီးစိမ်းဖြင့် အစိမ်းသုတ်စားကြကြောင်း၊ မိမိတို့လုပ်ငန်းမှနှမ်းဖတ်ချဉ်အစိမ်းကို မြေပဲဆုံဆီ၊ ကြက်သွန်ဖြူ၊ ဆားတို့နှင့်ရော၍ လိုအပ်သော အချိုးအဆ အတိုင်းထည့်ပြီး (၄)နာရီခန့် မီးအေးအေးဖြင့်ကြော်၍  နှမ်းဖတ်ချဉ်ကြော်ကို စမ်းသပ် ထုတ်လုပ်ထားပါကြောင်း၊ မိမိတို့လိုချင်သော အနေအထားရပါကအအေးခံ၍ ထုပ်ပိုးပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၂၅)ကျပ်သား တစ်ဗူးလျှင် (၁၅၀၀)ကျပ်၊ (၃၀)ကျပ်သား တစ်ဗူးလျှင် (၂၀၀၀)ကျပ် ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်း နှင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်၊ မြန်အောင်မြို့များသို့ ဖြန့်ဖြူးတင်ပို့ရောင်းချပါကြောင်း၊ အလုပ်သမား(၂၀)ဦးခန့်ရှိပါကြောင်း၊ လုပ်အားခမှာတစ်ဦးလျှင် (၄၀၀၀/၅၀၀၀/၆၀၀၀) ကျပ်ခန့်ပေးပါကြောင်း လုပ်ငန်းရှင်ဦးသိန်းနိုင်၏‌ ပြောကြားချက်အရသိရှိရပါသည်။

          ပခုက္ကူဒေသထွက် နှမ်းဖတ်ချဉ်မှာ အညာဒေသ၏နာမည်ကြီး အစားအစာတစ်ခု ဖြစ်ပြီး ပခုက္ကူအညာဒေသတွင်သာမက မြန်မာပြည်အနှံအပြားသို့ တင်ပို့နိုင်ရန် နှမ်းဖတ်ချဉ်အစိမ်းအား ကာလရှည်ကြာစွာထားသိုနိုင်ရန်ကြော်၍ ဈေးကွက်ထိုးဖောက်လာသည့် တန်ဖိုးမြင့် ထုတ်ကုန်တစ်ခု အဖြစ် ဂုဏ်ယူစွာရေးသားဖော်ပြလိုက်ရပါသည်။

DOCA(မကွေး)

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်မှ ဝန်ထမ်းများသည် သံတွဲခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည်  (၂၁-၃-၂၀၂၂)နေ့  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် သံတွဲမြို့၊ ဒွါရာဝတီဈေးကြီးအတွင်းသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်စွာသုံးစွဲနိုင်ရေးနှင့် ကုန်အညွှန်အမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ဈေးအတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများအား သွားရောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းနိုင်မှ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ မြန်မာဘာသာဖြင့် ဖော်ပြရန် ပြဌာန်ချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေပြဌာန်ချက်များအား သိရှိစေရေး လက်ကမ်း စာစောင်များပေးဝေးခြင်း၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ များမှလည်း FDA မှ ထုတ်ပြန်ထားသော စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဓါတုဆေးဝါးများ သုံးစွဲထားသော အလှကုန်ပစ္စည်းများမရောင်းချရေးတို့အား အသိပညာပေးရှင်းပြပြီး အလှကုန် ပစ္စည်းများအား စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်

             မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံဦးစိုးဝင်းသည် (2၁.၃.၂၀၂၂)ရက်နေ့နံနက်(၉:၃၀)နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ကျင်းပခဲ့ကြောင်း သိရ ပါသည်။

           မြို့နယ်တာဝန်ခံ ဦးစိုးဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများရယူ၊ သုံးစွဲနိုင်ရန် စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းရှင်းစေရန် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၏ ကာကွယ်ဆောင်ရွက်မှုများ၊ စားသုံးသူများသည်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ဝယ်ယူသုံးစွဲရာတွင် ရှောင်ရန်၊ဆောင်ရန် သတိထားရှိမည့်အချက်အလက်တို့အား သိရှိစေရန်နှင့် စားသုံးသူများထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်သည့်အကြောင်းအရာနည်းလမ်းတို့အား ရှင်းလင်းဆွေးနွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (Talk Show)တွင် အများပြည်သူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ် ရေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်ခြင်း

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဒေါ်အိဖြိုးမှ(၁၈.၃.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးမှ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ကုန်စည် နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း စားသုံးသူတို့မှထိခိုက်နစ်နာမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်မည့်အခွင့်အလမ်းများလည်းကောင်း ရှင်းလင်းဆွေးနွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (Talk Show)တွင် အများပြည်သူစားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့၌ စားသုံးသူအသိပညာပေးပြခန်းခင်းကျင်းပြသ

            ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့သည် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ဖြစ်ပါသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။ မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊မွန်ပြည်နယ်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ ပြခန်းများခင်းကျင်းပြသရေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကြိုဆိုရေးနှင့်လုံခြုံရေး ဝန်ထမ်းများ တက်ရောက်ကြပါသည်။ မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို နံနက် ၈ နာရီချိန်တွင် တေးသီချင်းများဖြင့်ကြိုဆိုတီးမှုတ်ခြင်း မွန်၊ ကရင်၊ ပအို့ဝ် မောင်မယ်များ၏ တိုင်းရင်းသားရိုးရာယိမ်း အဖွဲ့အကများနှင့်တင်ဆက်ကပြခြင်းများဖြင့်ဂုဏ်ပြုခြင်း၊ (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

           ယင်းနောက်တဆက်တည်းတွင် ဌာနဆိုင်ရာအသီးသီးတို့မှဖွင့်လှစ်ပြသသည့် ပြခန်းပေါင်း (၅၀) ခန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မွန်ပြည်နယ်ရှိသက်ဆိုင်ရာဦးစီးဌာနများမှ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှပုဂ္ဂိုလ်များက အသိပညာပေးပြခန်းခင်းကျင်းပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု့ခြင်း သက်ဆိုင်သည့်ပြခန်းတာဝန်ခံများမှလည်း ပြသထားရှိသည့် မိမိတို့၏ ပြခန်းနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းခဲ့ကြသည်။ ပြခန်းများအနက် စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံး၏ ပြခန်းခင်းကျင်းပြသမှုကို လေ့လာကြည့်ရှု့ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်း၊ ဦးစီးအရာရှိများနှင့် ပြခန်းတာဝန်ခံနှင့်ဝန်ထမ်းများက ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် လုပ်ငန်း တာဝန်တို့အား တင်ပြရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ နှင့်အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ ပြခန်းဖွင့်လှစ်ချိန်အတွင်း ပြခန်းအတွင်းလာရောက် လေ့လာသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။ အဆိုပါ ပြခန်းများအား မတ်လ ၂၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

          ၂၃-၃-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံမြို့၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စားသုံးသူပြည်သူများကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်အကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ(၂/၂၀၁၉)ဖြင့် ထုတ်ပြန် ထားသော ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည့်အချက်များကို ပြည့်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဉပဒေပါ အခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူပြည်သူများက ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူပြည်သူများက ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာ တွင် နစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာပါက စားသုံးသူရေးရာဦးစီးဌာန www.doca.gov.mm website သို့လည်းကောင်း၊ Consumer Call Center ကုတ်နံပါတ် 1535 (or) 09765481535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ Consumer Information Complaint Center (CICC) ရုံးတွင် တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းပြီး ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် (၃၀) ဦး တက်ရောက်ပြီး တက်ရောက်လာသူများကို စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည် စားသုံးကြ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံသည် (၁၈.၃.၂၀၂၂)နေ့ နံနက်(၁၀:၀၀) နာရီတွင် ကြို့ပင်ကောက်မြို့နယ်တာဝန်ခံရုံး၌ ပေါင်မုန့်လုပ်ငန်း၊ ပဲကြော်လုပ်ငန်း၊ ဆီအရောင်းဆိုင် လုပ်ငန်းရှင်(၁၂)ဦးတို့နှင့် တွေ့ဆုံ၍ "ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချ ယုံကြည်စားသုံးကြ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀.၁၂.၂၀၂၁တွင် ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) ကို လိုက်နာပေးပါရန် ၊ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်ပစ္စည်း၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊  ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အဆိုပါညွှန်ကြားချက်သည် စတင်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်းကိုလည်း ဆီလုပ်ငန်းရှင်များသိရှိရန် ထည့်သွင်းဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ကုန်စည်များကို ထုတ်လုပ်/ဖြန့်ဖြူး/ရောင်းချတော့မည်ဆိုပါက စားသုံးသူကာကွယ်ရေး ဉပဒေပါ အခန်း(၁၈) တွင်ပြဌာန်းချက်အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောပြီး တက်ရောက်လာသောလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့၍ ပြန်လည်ဖြေကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင်အတွင်းရှိ တရားမဝင်စက်ဆီ၊ ချောဆီများ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးဦးအောင်သိန်း ဦးဆောင်၍ နတ်တလင်း မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေနှင့် ဝန်ထမ်းများသည် စက်ဆီ၊ ချောဆီများ ရောင်းချနေသောဆိုင်များအား(၁၅.၃.၂၀၂၂) ရက်နေ့တွင်လည်းကောင်း ၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဉီးချစ်ကိုကိုနှင့် ခရိုင် စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် (၁၇.၃.၂၀၂၂) ရက်နေ့တွင်လည်းကောင်း ၊ ဇီးကုန်းမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်နှင့် ဝန်ထမ်းများသည် (၁၈.၃.၂၀၂၂)ရက်နေ့တွင်လည်းကောင်း မိမိတို့မြို့နယ်အတွင်းရှိ စက်ဆီ၊ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းရောင်းချသည့် အရောင်းဆိုင်များနှင့်  မော်တော်ယာဉ်ပြုပြင် ဆောင်ရွက်သည့်လုပ်ငန်းရှင်များ(Car Workshop &  Auto Service Center) အား တွေ့ဆုံ၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများတင်သွင်း၊ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင်  ရယူဆောင်ရွက်ရေးနှင့် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊   အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၂၄)ပါ ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ