Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်

             မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံဦးစိုးဝင်းသည် (2၁.၃.၂၀၂၂)ရက်နေ့နံနက်(၉:၃၀)နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ကျင်းပခဲ့ကြောင်း သိရ ပါသည်။

           မြို့နယ်တာဝန်ခံ ဦးစိုးဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများရယူ၊ သုံးစွဲနိုင်ရန် စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းရှင်းစေရန် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၏ ကာကွယ်ဆောင်ရွက်မှုများ၊ စားသုံးသူများသည်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ဝယ်ယူသုံးစွဲရာတွင် ရှောင်ရန်၊ဆောင်ရန် သတိထားရှိမည့်အချက်အလက်တို့အား သိရှိစေရန်နှင့် စားသုံးသူများထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်သည့်အကြောင်းအရာနည်းလမ်းတို့အား ရှင်းလင်းဆွေးနွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (Talk Show)တွင် အများပြည်သူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ် ရေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်ခြင်း

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဒေါ်အိဖြိုးမှ(၁၈.၃.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးမှ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ကုန်စည် နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း စားသုံးသူတို့မှထိခိုက်နစ်နာမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်မည့်အခွင့်အလမ်းများလည်းကောင်း ရှင်းလင်းဆွေးနွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (Talk Show)တွင် အများပြည်သူစားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့၌ စားသုံးသူအသိပညာပေးပြခန်းခင်းကျင်းပြသ

            ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့သည် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ဖြစ်ပါသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။ မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊မွန်ပြည်နယ်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ ပြခန်းများခင်းကျင်းပြသရေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကြိုဆိုရေးနှင့်လုံခြုံရေး ဝန်ထမ်းများ တက်ရောက်ကြပါသည်။ မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို နံနက် ၈ နာရီချိန်တွင် တေးသီချင်းများဖြင့်ကြိုဆိုတီးမှုတ်ခြင်း မွန်၊ ကရင်၊ ပအို့ဝ် မောင်မယ်များ၏ တိုင်းရင်းသားရိုးရာယိမ်း အဖွဲ့အကများနှင့်တင်ဆက်ကပြခြင်းများဖြင့်ဂုဏ်ပြုခြင်း၊ (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

           ယင်းနောက်တဆက်တည်းတွင် ဌာနဆိုင်ရာအသီးသီးတို့မှဖွင့်လှစ်ပြသသည့် ပြခန်းပေါင်း (၅၀) ခန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မွန်ပြည်နယ်ရှိသက်ဆိုင်ရာဦးစီးဌာနများမှ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှပုဂ္ဂိုလ်များက အသိပညာပေးပြခန်းခင်းကျင်းပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု့ခြင်း သက်ဆိုင်သည့်ပြခန်းတာဝန်ခံများမှလည်း ပြသထားရှိသည့် မိမိတို့၏ ပြခန်းနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းခဲ့ကြသည်။ ပြခန်းများအနက် စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံး၏ ပြခန်းခင်းကျင်းပြသမှုကို လေ့လာကြည့်ရှု့ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်း၊ ဦးစီးအရာရှိများနှင့် ပြခန်းတာဝန်ခံနှင့်ဝန်ထမ်းများက ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် လုပ်ငန်း တာဝန်တို့အား တင်ပြရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ နှင့်အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ ပြခန်းဖွင့်လှစ်ချိန်အတွင်း ပြခန်းအတွင်းလာရောက် လေ့လာသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။ အဆိုပါ ပြခန်းများအား မတ်လ ၂၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

          ၂၃-၃-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံမြို့၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စားသုံးသူပြည်သူများကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်အကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ(၂/၂၀၁၉)ဖြင့် ထုတ်ပြန် ထားသော ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည့်အချက်များကို ပြည့်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဉပဒေပါ အခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူပြည်သူများက ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူပြည်သူများက ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာ တွင် နစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာပါက စားသုံးသူရေးရာဦးစီးဌာန www.doca.gov.mm website သို့လည်းကောင်း၊ Consumer Call Center ကုတ်နံပါတ် 1535 (or) 09765481535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ Consumer Information Complaint Center (CICC) ရုံးတွင် တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းပြီး ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် (၃၀) ဦး တက်ရောက်ပြီး တက်ရောက်လာသူများကို စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည် စားသုံးကြ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံသည် (၁၈.၃.၂၀၂၂)နေ့ နံနက်(၁၀:၀၀) နာရီတွင် ကြို့ပင်ကောက်မြို့နယ်တာဝန်ခံရုံး၌ ပေါင်မုန့်လုပ်ငန်း၊ ပဲကြော်လုပ်ငန်း၊ ဆီအရောင်းဆိုင် လုပ်ငန်းရှင်(၁၂)ဦးတို့နှင့် တွေ့ဆုံ၍ "ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချ ယုံကြည်စားသုံးကြ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀.၁၂.၂၀၂၁တွင် ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) ကို လိုက်နာပေးပါရန် ၊ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်ပစ္စည်း၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊  ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အဆိုပါညွှန်ကြားချက်သည် စတင်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်းကိုလည်း ဆီလုပ်ငန်းရှင်များသိရှိရန် ထည့်သွင်းဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ကုန်စည်များကို ထုတ်လုပ်/ဖြန့်ဖြူး/ရောင်းချတော့မည်ဆိုပါက စားသုံးသူကာကွယ်ရေး ဉပဒေပါ အခန်း(၁၈) တွင်ပြဌာန်းချက်အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောပြီး တက်ရောက်လာသောလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့၍ ပြန်လည်ဖြေကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင်အတွင်းရှိ တရားမဝင်စက်ဆီ၊ ချောဆီများ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးဦးအောင်သိန်း ဦးဆောင်၍ နတ်တလင်း မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေနှင့် ဝန်ထမ်းများသည် စက်ဆီ၊ ချောဆီများ ရောင်းချနေသောဆိုင်များအား(၁၅.၃.၂၀၂၂) ရက်နေ့တွင်လည်းကောင်း ၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဉီးချစ်ကိုကိုနှင့် ခရိုင် စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် (၁၇.၃.၂၀၂၂) ရက်နေ့တွင်လည်းကောင်း ၊ ဇီးကုန်းမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်နှင့် ဝန်ထမ်းများသည် (၁၈.၃.၂၀၂၂)ရက်နေ့တွင်လည်းကောင်း မိမိတို့မြို့နယ်အတွင်းရှိ စက်ဆီ၊ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းရောင်းချသည့် အရောင်းဆိုင်များနှင့်  မော်တော်ယာဉ်ပြုပြင် ဆောင်ရွက်သည့်လုပ်ငန်းရှင်များ(Car Workshop &  Auto Service Center) အား တွေ့ဆုံ၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများတင်သွင်း၊ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင်  ရယူဆောင်ရွက်ရေးနှင့် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊   အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၂၄)ပါ ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ဝယ်သူလည်းတန် ရောင်းသူလည်းကျန် အုတ်ဖိုနယ်ကကြံ

              ဆောင်းအကုန် နွေအကူးတွင် "အဝသောက်(၂၀၀/)"ကျပ် ဆိုသည့်ဆွဲဆောင်မှုအပြည့်ဖြင့် ကြံရည်ကြိတ် ရောင်းချသော အအေးဆိုင်ကလေးများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ အုတ်ဖိုမြို့နယ် အေးမြသာယာရွာနှင့် ပြည်တော်သာရွာများတွင် ရောင်းချနေကြခြင်းဖြစ်ပြီး ကြံစိုက်တောင်သူများနှင့် တွေဆုံမေးမြန်းရာ မိမိကိုယ်တိုင် စိုက်ပျိုးရောင်းချသူ (၁၅)ဦးခန့်ရှိပြီး  ကြံစည်းလိုက် တင်ပို့သူများလည်းရှိကြောင်း၊ တောင်သူတစ်ဉီးလျှင် တစ်ဧကမှ သုံးဧကအထိ စိုက်ပျိုး ထားကြောင်း သိရှိရပါသည်။ ယခုနှစ်အနေဖြင့် ဓါတ်မြေသြဇာစရိတ် မြင့်တက်မှုကြောင့်  တစ်ဧကလျှင် ကုန်ကျစရိတ် အနည်းဆုံး ရှစ်သိန်းဝန်းကျင်ခန့် ကုန်ကျပြီး အကျိုးအမြတ်မှာလည်း ရှစ်သိန်းနီးပါးခန့် အမြတ်ရရှိကြောင်း သိရှိရပြီး နှစ်စဉ်ဝါဆိုလတွင် စတင်စိုက်ပျိုးကြ၍ တပို့တွဲ၊ တပေါင်းလများတွင် ခုတ်ယူရောင်းချကြရာ နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့နယ်များသို့ တင်ပို့ရောင်းချရကြောင်းလည်း သိရှိရပါသည်။ အုတ်ဖိုမြို့နယ်ကို အလည်တစ်ခေါက် လာရောက်မည်ဆိုပါက ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အေးမြသာယာရွာကလေးနှင့် ပြည်တော်ရွာကလေးမှ "အဝသောက် ကြံရည်(၂၀၀/) " ကျပ်ဖြင့်အမောပြေ ဝယ်ယူသောက်သုံးနိုင်ကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(ပဲခူး)

ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာသိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၅.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

            နတ်တလင်းမြို့နယ်တာဝန်ခံရုံး၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ရေး ဉပ‌ဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်၍ လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခုဟင်းသီးဟင်းရွက်ဆီ  (Vegetable Oil, Cooking Oil) အမျိုးအစားနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာပေးရန် ၊ ပင်ရင်းပါဝင်ပစ္စည်း၊ ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊  (ဉပမာ- ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ အဆင့်မြင့် စားအုန်းဆီ) ၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက် သည် (၂၀.၁၂.၂၀၂၁)နေ့တွင် စတင်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်ပြီးသည့်နေ့မှ စတင်အာဏာ သက်ရောက်မည်ဖြစ်ပါကြောင်း ၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တာရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူပြည်သားတိုင်းသည် စားသုံးသူအခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်သည် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်း၍ ဥပဒေနှင့်အညီ စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရေးဆောင်ရွက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးကို အဓိကတာဝန်ယူဆောင်ရွက်လျှက် ရှိပါသည်။

               အပြည်ပြည်ဆိုင်ရာ စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုအနေဖြင့် ၁၉၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ပြဌာန်းခဲ့သော အစားအသောက်နှင့်ဆေးဝါး သီးသန့်အက်ဥပဒေသည် စားသုံးသူကာကွယ်ရေး၏ မူလအစ ဆောင်ရွက်ချက်ဖြစ်ပါသည်။ ၁၉၆၀ခုနှစ် နောက်ပိုင်းနှစ်များတွင် ဥရောပနှင့် မြောက်အမေရိကတိုက်တို့မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ လှုပ်ရှားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်၌ သမ္မတ John. F. Kennedy က စားသုံးသူအခွင့်အရေးများကို စတင်ဖော်ထုတ် အသိအမှတ်ပြုခဲ့ပါသည်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက်ကြောင့် စားသုံးသူကာကွယ်ရေး လှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အမှတ်(၃၉/၂၄၈)ဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာမူဝါဒ (၈)ခု ချမှတ်နိုင်ခဲ့ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့်လည်း ၂၀၀၇ ခုနှစ်တွင် အာဆီယံစားသုံးသူကာကွယ်ရေးညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်၌ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းကာ စားသုံးသူကာကွယ်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်၌ စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းထားပြီး စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျှက် ရှိပါသည်။

           စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်အဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်ကိုဆိုသည်ဟု စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ(က)တွင်လည်းကောင်း၊  စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်ဟု ပုဒ်မခွဲ(ခ) တွင်လည်းကောင်း တိကျစွာအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

             ကုန်ပစ္စည်းတစ်ခုကို ကိုယ်တိုင် စားသုံးရန် သို့မဟုတ် သုံးစွဲရန် ဝယ်ယူသူသည် လည်းကောင်း၊ တခြားသူတစ်ဦး၏ ပေးကမ်းထောက်ပံ့ခြင်း၊ မေတ္တာလက်ဆောင်ပေးခြင်း၊ လှူဒါန်းခြင်းကြောင့် စားသုံးခြင်း သို့မဟုတ် သုံးစွဲခြင်းပြုသူသည် လည်းကောင်း၊ ဝန်ဆောင်မှုတစ်ခုကို ကိုယ်တိုင် သုံးစွဲသူသည် လည်းကောင်း၊ တခြားသူတစ်ဦး၏ မေတ္တာဖြင့် ဝန်ဆောင်မှုရယူသူသည်လည်းကောင်း စားသုံးသူဖြစ်ပါသည်။ ပြည်သူတိုင်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ကိုယ်တိုင်သုံးစွဲရန်ဝယ်ယူခြင်း၊ ရယူခြင်းပြုရစမြဲဖြစ်ပါသည်။ ထို့အတူ အခြားသူတစ်ဦးဦး၏ ပေးကမ်း ထောက်ပံ့ခြင်း၊ မေတ္တာလက်ဆောင်ပေးခြင်း၊ လှူဒါန်းခြင်းကြောင့်လည်း သုံးစွဲခြင်း၊ ဝန်ဆောင်မှု ရယူခြင်းများပြုကြပါသည်။ ထို့ကြောင့်ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် စားသုံးသူဖြစ်သည်ဟု ဆိုရပါမည်။

          စားသုံးသူသည် မိမိဝယ်ယူစားသုံးသည့် အစားအသောက်၊ သုံးစွဲသည့် အသုံးအဆောင် ပစ္စည်း၊ ရယူသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စိတ်ကျေနပ်မှု ရရှိစေရပါမည်။ မိမိပေးလိုက်ရသော တန်ဘိုးနှင့် ညီမျှသည့် ကုန်စည်၊ မိမိပေးလိုက်ရသည့် တန်ဘိုးနှင့်ထိုက်တန်သော ဝန်ဆောင်မှုကို ရရှိစေရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုခွင့် ရရှိစေရ ပါမည်။ အန္တရာယ်ရှိနိုင်မှန်း သိလျက်နှင့် သုံးစွဲခြင်း၊ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရပါ။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် လိုအပ်သော သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့် ရှိရပါမည်။ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသောကုန်စည်၊ သတင်းအချက်အလက်များ မှန်ကန်စွာ အသိပေးထားသည့် ကြော်ငြာများပါသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူခွင့်ရှိရပါမည်။ ပြေစာ၊ အာမခံကတ်ပြား စသည့်အထောက်အထားများ ရယူခွင့်လည်းရှိရပါမည်။ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိရပါမည်။

          ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိရပါမည်။ ကုစားခွင့်ဆိုသည်မှာ ဥပဒေပါစကားရပ်ဖြစ်ပါသည်။ မိမိနစ်နာဆုံးရှုံးမှုအတွက် လုပ်ငန်းရှင်မှ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဘိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းတို့ကို ပြုလုပ်ပေးစေခွင့်ရှိရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် ရှိရပါမည်။ ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရပါမည်။

          စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဘိုးနှင့်အညီ ပေးချေရပါမည်။ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ရပါမည်။ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြည်ရပါမည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ နစ်နာ ဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ မရှိစေရေး ဈေးကွက်စောင့်ကြည့်လေ့လာခြင်းများကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် နိုင်ငံတစ်ဝှမ်း ဟောပြောပွဲများကျင်းပ၍ ဆောင်ရွက်နေစဉ် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားလာသဖြင့် လူစုလူဝေးဖြင့်ပြုလုပ်ရသည့် ဟောပြောပွဲများကို ရပ်နားခဲ့ရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်သာ ဆောင်ရွက်ခဲ့ရပါသည်။

            စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အခမ်းအနားဖြင့် ဆောင်ရွက်ခြင်း မပြုနိုင်သော်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများသို့ အရောက်သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများခန့်အပ်ပြီး ရုံးချုပ်မှစနစ်တကျ လေ့ကျင့်သင်တန်းပေးကာ ဈေးကွက်အတွင်း ရှိကုန်စည်များတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များမရှိစေရေး ဈေးကွက် စောင့်ကြည့်လေ့လာခြင်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျှက်ရှိပါသည်။

           စားသုံးသူအခွင့်အရေးများနှင့်ပတ်သတ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူပြည်သူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာ ရရှိနိုင်မည်ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉) ပုဒ်မ ၄၄ တွင် စားသုံးသူပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးထားပါသည်။ ပုဒ်မ ၄၄ အရ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ အစည်း တစ်ခုခုသည် စားသုံးသူနစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ သက်သေအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပါသည်။ ထိုသို့တိုင်ကြားရာတွင် နစ်နာသည့် စားသုံးသူကိုယ်တိုင်သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များက သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူနှင့် ဆက်နွယ်သော ပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အစိုးရဌာန အဖွဲ့အစည်းများကသော်လည်းကောင်း၊ စားသုံးသူဆိုင်ရာအသင်းအဖွဲ့များကသော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center - CICC) ကို ဖွင့်လှစ်ထားရှိပါသည်။ စားသုံးသူပြည်သူများသည် လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။ CICC များက လိုအပ်သော အချက်အလက်များ ဖြည့်သွင်းခြင်း၊ အထောက်အထားများ ယူခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ထို့အတူ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www .doca .gov .mm သို့လည်း ဝင်ရောက်၍ တိုင်ကြားနိုင်ပါသည်။

           သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးသည် စားသုံးသူတိုင်ကြားလာမှုနှင့် ပတ်သက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဦးစီးမှူးရုံးများ၏ စီမံခန့်ခွဲ ပိုင်ခွင့်ကို ကျော်လွန်သော ဖြစ်စဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာ ကော်မတီများသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ စားသုံးသူများ နစ်နာဆုံးရှုံးစေမှုအတွက် လိုအပ်ပါက တရားစွဲဆိုသည်အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။

         သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ နစ်နာဆုံးရှုံးမှုများကိုသော်လည်းကောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိကြောင်း သိရှိရလျှင်သော်လည်းကောင်း စားသုံးသူရေးရာဦးစီး ဌာနသို့ သတင်းပေးတိုင်ကြားခြင်းဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စားသုံးသူပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်အတွင်း အထူးဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချသည့် တောင်ငူမြို့၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ Denko (Taungoo) စက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိပြီး Premier Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်တာဝန်ခံနှင့်အတူ ရေတာ ရှည်မြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၁၉၂ ရှိ Petro K (Yedashe) သို့ ရောက်ရှိပြီး Premier Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စက်သုံးဆီများ၏ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရေးတို့ကို မှာကြားခဲ့ပါသည်။

           စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသည့် စက်သုံးဆီကုမ္ပဏီများမှ နိုင်ငံခြားငွေ ရရှိမှုအပေါ်မူတည်၍ စက်သုံးဆီများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ