Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တရားမဝင်စက်ဆီ၊ ချောဆီများရောင်းချမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၁.၃.၂၀၂၂ နှင့် ၂၂.၃.၂၀၂၂ ရက်နေ့များတွင်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ မြို့နယ်များသို့ စက်ဆီ၊ ချောဆီများ လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၇)အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း တရားမဝင်စက်ဆီ၊ ချောဆီများဖြန့်ဖြူးရောင်းချနေမှုကြောင့် နိုင်ငံတော်အတွက် အခွန်ခများနစ်နာကြောင်း၊ အရည်အသွေးမမှန်သည့် စက်ဆီ၊ ချောဆီများရောင်းချမှုကြောင့် စားသုံးသူများ၏ စက်ပစ္စည်းများပျက်စီးမှုရှိကြောင်း၊ အရည်အသွေးအာမခံချက်မရှိခြင်းကြောင့် စားသုံးသူကာကွယ်ရေး  ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်မှုမရှိခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် တရားဝင်လိုင်စင်ရယူဆောင်ရွက်သည့် ကုမ္ပဏီများမှ တင်သွင်းထုတ်လုပ်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (PPRD Code No) ပါ Product များကိုသာ ဖြန့်ဖြူး ရောင်းချကြရန်နှင့် တရားမဝင်စက်ဆီ၊ ချောဆီများဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ကချင်)

မိတ္ထီလာခရိုင်အတွင်း အထူးစျေးနှုန်းဖြင့်ရောင်းချနေသော စက်သုံးဆီဆိုင်များသို ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ မတ်လ (၇)ရက် မွန်းလွဲ (၁၀၀၀)နာရီ အချိန်တွင် သာစည်မြို့နယ်ရှိ ကျော်စံစက်သုံးဆီ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသော ကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင်စံခွက်ဖြင့်ချိန်တွယ် စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိနှင့်နေ့စဉ် ရောင်းချမှုစာရင်းနှင့် စျေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး မိမိတို့ဌာနသို့ နေ့စဉ် ဖုန်း(သို့မဟုတ်) Viber ဖြင့် စာရင်းပေးပို့ရန် ခွဲတမ်းရရှိမှု တစ်ကြိမ်ပြီးတိုင်း စာရင်းချုပ်ပြုစုပေးပို့ရန် ပြောကြားခဲ့ပါသည်၊၊

DOCA(မန္တလေး)

 

“မိတ္ထီလာခရိုင်တွင် မုန့် Promotion ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူမှသတင်းပေးမှုအား ဖြေရှင်းဆောင်ရွက်မှုအခြေအနေ”

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး CICC Meiktila Facebook Page Messenger တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ စားသုံးသူတစ်ဦးမှ မုန့်ထုတ်ပေါ်တွင် လက်ဆောင်အပိုကွတ်ကီး(၂)ခု မပါရှိခြင်းနှင့်ပတ်သက်၍ သတင်းပေးမှုတစ်ခုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

          အဆိုပါဖြစ်စဉ်မှာ မိတ္ထီလာမြို့မှ စားသုံးသူတစ်ဦးသည် မိတ္ထီလာမြို့တွင်း အခြားဆိုင်များ၌ မုန့်ဝယ်ယူရာတွင် လက်ဆောင်အပိုကွတ်ကီး(၂)ခုပါရှိကြောင်း၊မုန့်ဆိုင်မှ မုန့်ဝယ်ယူရာတွင် လက်ဆောင်အပိုကွတ်ကီး(၂)ခု မပါဝင်ခြင်းအပေါ် စိတ်အနှောက်ယှက်ဖြစ်ရခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့သည်ဟု ယူဆ၍ CICC Meiktila Facebook Page Messenger မှ ဆက်သွယ်အကြောင်းကြားလာခြင်းအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ရောင်းချသော မုန့်ဆိုင်ပိုင်ရှင်နှင့် ထုတ်လုပ်သောကုမ္ပဏီတို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မုန့်ဆိုင်လုပ်ငန်းရှင်သည် မိတ္ထီလာရှိ ကုမ္ပဏီကိုယ်စားလှယ်ဆီမှ တိုက်ရိုက်မယူပဲ လပ်ဆတ်သောမုန့်များကို နေ့စဉ်ရရှိရန်အတွက် မန္တလေးကုမ္ပဏီစက်ရုံမှ တိုက်ရိုက်မှာယူကြောင်း၊ ထိုကဲ့သို့ တိုက်ရိုက်မှာယူသူဖြစ်၍ မန္တလေး Customer အဖြစ် ကုမ္ပဏီတွင် စာရင်းပေါက်ကြောင်း၊ ယခု လက်ဆောင်ကွတ်ကီး (၂) ထုပ်အပိုထည့်ပေးခြင်းမှာလည်း မုန့်အသစ်ဖြစ်ပြီး မိတ္ထီလာစျေးကွက်ကိုသာရည်ရွယ်၍ စျေးကွက်ထိုးဖောက်ခြင်းဖြစ်ကြောင်း၊ နယ် Customer များကိုသာထည့်ပေးခြင်းဖြစ်ပြီး၊ မန္တလေးစျေးကွက်ကို မရည်ရွယ်သဖြင့် မန္တလေး Customer များကို မထည့်ပေးကြောင်း၊ ယခုမုန့်ဆိုင်လုပ်ငန်းရှင်သည် မိတ္ထီလာတွင် ရောင်းချသော်လည်း ကုမ္ပဏီအနေဖြင့် မန္တလေး Customer အဖြစ်စာရင်းပေါက်နေ၍ လက်ဆောင်မုန့်ထုပ်(၂)ထုပ် မပါရှိခြင်းဖြစ်ပါကြောင်း ထုတ်လုပ်သောကုမ္ပဏီနှင့် မုန့်ဆိုင်လုပ်ငန်းရှင်တို့မှ ဆွေးနွေးခဲ့ကြပါသည်၊၊

        ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် ယခုဆွေးနွေးမှုများကို ဌာနအနေဖြင့် မှတ်တမ်းတင်ထားရှိပါကြောင်း၊ လူကြီးမင်းတို့မှ ယခုဆွေးနွေးချက်များကို ကုမ္ပဏီ Letter Head ဖြင့် ခရိုင်ဦးစီးမှူးရုံးသို့ တရားဝင်လိမ်မူ၍ တင်ပြပေးရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက စားသုံးသူအနေဖြင့် မိတ္ထီလာမြို့ စားသုံးသူအချင်းချင်း ခွဲခြားဆက်ဆံခံရသည်ဟုယူဆ၍ ယခုလိုသတင်းပေးအကြောင်း ကြားခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ တာဝန်များကို ပြဌာန်းထားကြောင်း၊ စားသုံးသူကို ခွဲခြားဆက်ဆံ၍မရကြောင်း၊ ယခုဖြစ်စဉ်သည် ကုမ္ပဏီအနေဖြင့် Marketing Strategy နှင့် Distribution Strategy တို့ကို လွတ်လပ်စွာရေးဆွဲဆောင်ရွက်နိုင်သော်လည်း သက်ဆိုင်ရာပြဌာန်းဥပဒေများကို လျစ်လျူရှု၍မရကြောင်း၊လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နောင်တွင်အလားတူပြသာနာများ မဖြစ်ဖိုလိုအပ်ကြောင်း၊ မုန့်ဆိုင်ပိုင်ရှင်အနေဖြင့်လည်း မိမိရောင်းချသောကုန်ပစ္စည်းများအပေါ် သက်ဆိုင်ရာ ဥပ‌ဒေများနှင့်အညီ စနစ်တကျ ရောင်းဝယ်ဖောက်ကားဖို့လိုအပ်ကြောင်း၊ ကုမ္ပဏီက မပေးလို့ထည့်မပေးတာမှန်ပေမယ့် မိမိလက်ဝယ်ဖြစ်ပေါ်ပါက မိမိတွင်သာတာဝန်ရှိကြောင်း၊ ယခုဖြစ်စဉ်၌ လူကြီးမင်းတို့နှစ်ဦးလုံးတွင် တာဝန်ရှိကြောင်း၊ နောက်နောင်အလားတူ ပြဿနာများမဖြစ်ပေါ်စေ‌ရေးအတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေနှင့်အညီ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသွားမည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်များ ရေးထိုးသွားရန် လိုအပ်ကြောင်း၊ ကုမ္ပဏီ Letter Headဖြင့်လူကြီးမင်းတို့မှ ယခုလိုဆွေးနွေးချက်များကို တရားဝင်တင်ပြ သွားရန်လိုအပ်ကြောင်း၊ လူကြီးမင်းတို့တင်ပြစာရရှိပါက စားသုံးသူကာကွယ်‌ရေးကော်မတီသို့ ဆက်လက်တင်ပြ၍ ဆုံးဖြတ်ချက်ကိုခံယူသွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ ဝန်ခံကတိ လက်မှတ်‌ရေးထိုးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

စားသုံးသူများသိရှိဖို့ သတင်းအချက်လက်များဖြန့်ဝေစို့

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  ၁၅.၃.၂၀၂၂ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့ ၌ ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့( World Consumer Rights Day )  အား ဂုဏ်ပြုသောအားဖြင့် “ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ (Fair Digital Finance)”  ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊   စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်များ၊ ကုန်စည်၊ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံပေးထားမှုအပေါ် စားသုံးသူများမှတောင်းဆိုနိုင်သည့် အခွင့်အရေးများစသည့် ဉပဒေပါအချက်များအား အကျယ်တဝင့်  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိခဲ့၍ ဆက်သွယ်စုံစမ်းတိုင်ကြားလိုခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များ၊ ဌာန၏လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၂-၄၀၃၆၃၄၀ သို့လည်းကောင်း၊ Consumer Call Center ကို ရုံးဖွင့်ရက်များ၌ရုံးချိန် (နံနက်၉:၃၀ နာရီမှညနေ ၁၆:၃၀နာရီ)အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း၊ နေပြည်တော်ရုံးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီး  ဦးစီးမှူးရုံးတို့တွင် Call Center များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဌာန၏ Consumer Call Center No. (1535)သို့ Telenor, Ooredoo, Mytel  ဆင်းကဒ်များ ဖြင့်လည်းကောင်း၊ 09-765481535 သို့  MPT ဆင်းကဒ်ဖြင့်လည်းကောင်း ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်ပါတယ်။ထို့ပြင်တိုင်ကြားမှုပုံစံများကို  www.doca.gov.mm Website တွင် ဝင်ရောက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန FB Page တွင်လည်းကောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များမှတစ်ဆင့်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center (CICC) သို့  လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးအကြောင်း  သိကောင်းစရာ Pamphlets  များ၊ “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက”ဆောင်ပုဒ်ပါ Pamphlets များ ၊ စားသုံးသူရေးရာကိစ္စများ မေးမြန်းဖို့ Consumer Call Center သို့ ချိတ်ဆက်စို့ Pamphlets များအား ပေးဝေခဲ့ပါတယ်။

             ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ ဌာနသို့ တိုင်ကြားလာသည့်ပုဂ္ဂလိက ကျောင်းပညာရေးဝန်ဆောင်မှု၊ စက်ချုပ်သင်တန်းကျောင်းဝန်ဆောင်မှု၊  ငွေကြေးဝန်ဆောင်မှု၊ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှု၊ မော်တော်ကားရောင်းချခြင်း ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် တိုင်ကြားလာမှုများအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ရသည်များကို ဉပမာပေးရှင်းလင်းဆွေးနွေး  ပြောကြားခဲ့ပါတယ်။    မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားမှုများအပေါ်  ဖြေရှင်းဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား  ပြေလည်မှုရရှိစေရန်  ဘက်မလိုက်ဘဲ ညီညွှတ်မျှတသော ဖြေရှင်းပေးသည့်  နည်းလမ်းဖြင့်သာ ဆောင်ရွက်ခဲ့သည့်အတွက် စားသုံးသူပြည်သူများအနေဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ယုံကြည်အားကိုးမှုများ ရှိလာပြီဖြစ်ပါကြောင်း၊ တိုင်ကြားမှု များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့ပြီး၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

DOCA(မန္တလေး)

မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန့်မျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်စားသုံးသူရေးရာဌာနမှဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်၊ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ဇော်ထွန်းနှင့် စည်ပင်သာယာရေး အဖွဲ့မှ ဈေးတာဝန်ခံဦးစိုင်းဘိုဘိုထွန်းတို့ပါဝင်ပြီး မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်စည်ရောင်းချနေသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁၊၄၂၊၄၃ပါ ပြဌာန်းချက်များနှင့်အညီ ကုန်စည်များကို ထုတ်လုပ်ရောင်းချရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် (၁၂-၃-၂၀၂၂) ရက်နေ့၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲအား လူထုအခြေပြုဗဟိုဌာန(Community Center)မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဆိုပါ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသော ငါန်းဇွန်မြို့ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူ(၄၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံး သူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြား နိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း စသည်ဖြင့် အကျယ်တဝန့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးကိုကိုနိုင်(ရုပ်သံကျွမ်းကျင်-၃)မှ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ဟောပြောဆွေးနွေပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ဆေးရောင် ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပရာတွင် ပူပေါင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် စည်ပင်ဝန်ထမ်းများနှင့်အတူ ရေကျော်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁;၀၀)နာရီအချိန်တွင် သွားရောက်၍ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  ရေကျော်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မုန့်ဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ ပြစ်မှုပြစ်ဒါဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြမြို့တွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြော

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊မတ်လ ၁၄ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်က မြောင်းမြမြို့၊ ခွေးလေးကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာတွင်းရှိ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြောင်းမြမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီသောကုန်စည်များအား စိစစ်ရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီ များနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil; Cooking  OiL)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်(၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး လုပ်ငန်းရှင်များမှသိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးသည် ဝန်ထမ်းများနှင့်အတူ (၉.၃.၂၀၂၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီ အချိန်တွင်ဒေးဒရဲမြို့ အမှတ်(၂) ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၁၅) (ခ) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ယင်းသို့စစ်ဆေးခဲ့ရာတွင် ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော ပန်းသခင် ချဉ်ပေါင်းယို၊ ပန်းသခင်မလိုင်လုံး၊ ပန်းမြို့တော်ကိတ်မုန့်၊ အိုမားကိတ်မုန့်၊ဟောလီဝုတ် ပေါင်မုန့်၊ Vanflla ဝေဖာ၊ မာမီးခေါက်ဆွဲ၊ ရွှေကျီးကိတ်ခြောက်၊ Milko ပေါင်မုန့်၊ အင်ဒိုနီးရှားGery ကိတ်မုန့်တို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မြို့နယ်စစ်ဆေးရေးမှူးသည် အဆိုပါဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၂၁) လုပ်ငန်းရှင်များ၏ တာဝန်များနှင့် ပုဒ်မ(၄၁)(၄၃)အရ လိုက်နာဆောင်ရွက်ကြ ရန် ရှင်းလင်းဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရုံးတွင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများမှ  မတ်လ(၁၅)ရက်နံနက်(၀၉:၀၀)နာရီမှ(၁၀:၀၀)နာရီအထိ ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈)၊ ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေမြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ် ပြီး ဈေးကွက်မရောက်မီ ကုန်စည်များ ဈေးကွက်ရောက်ပြီး ကုန်စည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ ပြည့်စုံမှုရှိ/မရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊သတ်မှတ်ချက်နှင့်အညီ ပြည့်စုံမှုမရှိသောကုန်စည်များအား တားမြစ်ခြင်း၊သတိပေးခြင်းများအရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ခွင့်ပြုထားသည့်အတိုင်း ဖော်ပြရမည် ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

          ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ