Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များဈေးကွက်စောင့်ကြည့်စစ်ဆေး

ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်/ဆေးခန်းများအား သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Covid-19 ကာလအတွင်း Covid-19 ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချစေလိုကြောင်း၊ Covid-19 ရောဂါကာကွယ်ရေးဆေးဝါးများအပြင် အခြားလူသုံးများသည့် ဆေးဝါးများပြတ်လတ်မှုမရှိစေရေးအတွက် ဆေးဝါးသယ်ယူရာတွင် အခက်အခဲများရှိပါက အစိုးရအဖွဲ့သို့တင်ပြ၍ ဆေးဝါးသယ်ယူမှုနှင့်စပ်လျဉ်း၍ ကြိုတင်ခွင့်ပြုချက်ရယူစေလိုကြောင်း အသိပေးပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကယားပြည်နယ်

သာယာဝတီမြို့နယ်ရှိ စက်သုံးဆီ အ‌ရောင်းဆိုင်သို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၇.၃.၂၀၂၂)ရက်နေ့တွင် သာယာဝတီမြို့နယ်အတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ရတနာ စက်သုံးဆီဆိုင်နှင့် သုံးဆယ်မြို့ရှိ ရတနာစက်သုံးဆီဆိုင်များအား သွားရောက်၍ ရရှိထားသည့် ခွဲတမ်းဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိစေရေး အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝ မှန်ကန်မှုရှိစေရေးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဆီဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော စက်သုံးဆီနှင့် ပတ်သက်သောသတင်းအချက်အလက်များကို ပြည့်စုံ မှန်ကန်စွာဖြင့် စားသုံးသူပြည်သူများထံသို့  သတင်းဖြန့်ဝေဆောင်ရွက်သွားရန်၊ သတ်မှတ် အရည်အသွေး မပြည့်မီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်များနှင့် ရောနှော ရောင်းချခြင်း မပြုလုပ်ကြရန်၊ မိမိတို့ရောင်းချမည့် ကုန်စည်အား အထူးဈေးနှုန်းဖြင့် သတ်မှတ် အရေအတွက်အတိုင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ၊ ကျင့်ဝတ်စည်းကမ်းများ နှင့်အညီ ရာင်းချရန်နှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး အသိပညာပေး ပြောကြား စိစစ် ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

 စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)        

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၂/၂၀၂၂)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ထိန်းညှိဆောင်ရွက်နိုင်ရေးအတွက် ကုန်စည်လိုင်းအချို့အား သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းအဖြစ်သတ်မှတ် ထုတ်ပြန်ရာတွင် ပထမအဆင့်အဖြစ် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် HS Code 10 digit အရ ကုန်စည်လိုင်း(၃၀၇၀) လိုင်းကို လည်းကောင်း၊ ဒုတိယအဆင့်အဖြစ် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၁/၂၀၂၂) ဖြင့် HS Code 10 digit အရ ကုန်စည်လိုင်း (၈၂၆) လိုင်းကိုလည်းကောင်း အသီးသီး ထုတ်ပြန်ထားပါသည်။

၂။       ယခုအခါထပ်မံ၍ ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ပူးတွဲပါ 2017 customs tariff of Myanmar အရ H.S Code 6 digit ဖြင့် ကုန်စည် (၅၇) လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည် (၁၄၁) လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်သည်။

၃။      သို့ဖြစ်၍ ၂၂.၁၀.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၀ အရ သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော H.S Code 10 digit ဖြင့် ကုန်စည်လိုင်း(၃၉၃၁) လိုင်း၊ သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသော HS Code 10 digit ဖြင့် ကုန်စည်လိုင်း (၃၀၇၀) လိုင်း၊ သတင်းလွှာ(၁/၂၀၂၂) ဖြင့် ထုတ်ပြန်ထားသော HS Code 10 digit ဖြင့် ကုန်စည်လိုင်း (၈၂၆) လိုင်း အပါအဝင် ပူးတွဲပါ HS Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများ ဖြစ်ကြောင်းနှင့် အထက်အပိုဒ် ၂ ပါ လိုင်စင် လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ခုနှစ်၊ မတ်လ ၂ ရက်နေ့ မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

၄။      သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော အထက်အပိုဒ်(၃)ပါ ကုန်စည်စာရင်းအား ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။

သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းအား အောက်ပါ .pdf file တွင် သိရှိနိုင်ပါသည်-

မကွေးတိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ်ဖြစ်သည့် "ဒစ်ဂျစ်တယ်ငွေကြေးကဏ္ဍ"နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန မှ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ  စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချရစေရန်နှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာများတွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍  မတ်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်း/ခရိုင် ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်၍ ပခုက္ကူမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦး၊  စားသုံးတာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့ပါဝင်သောအဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ (၁၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့ပေါ်ရှိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသောဆိုင်များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဒုတိယခရိုင်ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်မှစ၍ "ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့"အား နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" ဆောင်ပုဒ်အဖြစ် "ညီညွတ်မျှတ ဒစ်ဂျစ်တယ်ငွေကြေးကဏ္ဍ"ဟု သတ်မှတ်ထုတ်ပြန်ထားသည်နှင့်အညီ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များမှာ (က) စားသုံးသူများ၏ဘဏ်အကောင့် အချက်အလက်များ Debit / Credit Card၊ ဘဏ်ကဒ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း များ၏ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့် PIN တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန် (ခ)စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ်(၆)လုံးကို ခန့်မှန်းရလွယ်ကူသည့်နံပါတ်များ အသုံးမပြုစေရေး တိုက်တွန်းပြောဆိုရန် (ဂ) လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ် OTP နှင့် PIN တို့ကို လိမ်လည်သူများက အသုံးချနိုင်သည့်အတွက် လူမှုကွန်ယက်များပေါ်တွင် အသိပေးတင်ပြခြင်းမပြုရန် (ဃ)Digital စနစ်ဖြင့် အသုံးပြုသောဘဏ်လုပ်ငန်းနှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏  Call Centerနှင့် အပြာရောင်အမှန်ခြစ် Blue Mark ရရှိထားသည့် Facebook Page တို့တွင်သာ မိမိသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရန် (င)ဘဏ်လုပ်ငန်း(သို့) ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့်ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို အသိပေးပြောကြားခြင်းမပြုရန်စသည့်အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ပါသည်။     

            ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှလည်း မိမိတို့ဆိုင်သို့ စားသုံးသူများမှ လာရောက်ငွေကြေးဝန်ဆောင်မှုရယူသည့်အခါ မိမိတို့ ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ပြန်လည်မျှဝေပေးမှသာ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ လျော့ပါးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများစိတ်ကျေနပ်မှုရရှိ၍ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအောင်မြင်စေရန်အတွက် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီး၌ စားသုံးဆီဖူလုံရေးအတွက် ဖွဲနုဆီထုတ်လုပ်ရန်နှင့် စပါးခွံမှ လျှပ်စစ်ဓါတ်အား ထုတ်ယူရရှိရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

           ၁၅.၃.၂၀၂၂ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းအတွင်း စားသုံးဆီဖူလုံရေးအတွက် ဖွဲနုဆီထုတ်လုပ်ရန်နှင့် စပါးခွံမှလျှပ်စစ်ဓါတ်အားထုတ်ယူရရှိရေး အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌနှင့် ပညာရှင်များ၊ ဆန်စပါးကုမ္ပဏီများမှ တာဝန်ရှိသူများ၊  ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန် သည်များ အသင်း၊ တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်းတို့မှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန် သည်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်/ မြို့နယ် တာဝန်ခံများ၊ ဝန်ထမ်းများ၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်တို့မှ တိုင်းအတွင်း စားသုံးဆီဖူလုံရေးအတွက် ဖွဲနုဆီထုတ်လုပ်ရန်နှင့် စပါးခွံမှလျှပ်စစ်ဓါတ်အား ထုတ်ယူရရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း အကြောင်းအရင်းများအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားကျင်းပ

          “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”  အခမ်းအနားကို   ၁၅-၃-၂၀၂၂  ရက်နေ့ နံနက် ( ၉ : ၃၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ  ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဝန်ထမ်းများအားလုံးကို “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”  (World  Consumer Rights Day) ၊ ၂၀၂၂ ခုနှစ် ဆောင်ပုဒ်အဖြစ် ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ( Fair Digital Finance)ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနေ့ သမိုင်းကြောင်းဆိုင်ရာ သိကောင်းစရာများ အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် စားသုံးသူအခွင့်အရေးများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးက ဦးဆောင်သည့် ဝန်ထမ်းများသည် မတ်လ(၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပို့စကတ်များနှင့် လက်ကမ်းစာစောင်များကို   အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ဝင်များနှင့် စားသုံးသူပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် ပို့စကတ်များနှင့် လက်ကမ်းစာများဖြန့်ဝေခဲ့ပြီး ပြည်သူများအနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ရန် Consumer Call Center နံပါတ် 1535 သို့ သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ကြောင်းပြောကြားခဲ့ပြီး၊ ဆက်လက်၍ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုဆုံးရှံးမှုရှိလျှင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် CICC ရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website  www.doca.gov.mm တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် နှောင်လာမည့်နှစ်ပေါင်းများစွာတိုင် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” ကို ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့”    အခမ်းအနားကို အောင်မြင်စွာကျင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

         

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ကျေးရွာများအရောက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချမှုအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများကို စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် မကွေးတိုင်းဒေသကြီးသို့ ခွဲဝေချထားပေးသည့် စားအုန်းဆီများအနက် မကွေးခရိုင်အတွက်ခွဲဝေရရှိသည့် စားအုန်းဆီများကို စည်ပင်သာယာဈေးများ၊ ကျေးရွာများနှင့် ရပ်ကွက်ဆင်ခြေဖုံးများသို့ ကားဖြင့်လှည့်လည်ရောင်းချပေးလျှက်ရှိရာ (၁၃.၃.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ (၁၆:၃၀)အထိ မကွေးမြို့နယ် သပြေစမ်းကျေးရွာအုပ်စုရှိ သပြေစမ်းတောင်ရွာ၊ မြောက်ရွာနှင့် အလယ်ရွာရှိ အိမ်ထောင်စု(၁၀၁၄)စုတို့အား တစ်အိမ်ထောင်လျှင် စားအုန်းဆီ(၂)ပိဿာခွဲတမ်းဖြင့် တစ်ပိဿာလျှင်(၄၉၀၀)ကျပ်နှုန်းနှင့်  ကျေးရွာပြည်သူများသက်သာချောင်ချိရေးအတွက် စားအုန်းဆီပိဿာ(၁၃၀၀)ပိဿာရောင်းချပေးမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းဦးဆောင်သော ခရိုင်ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး ဆီကုန်သည်များအသင်း အလုပ်အမှုဆောင်များနှင့်အတူ ကျေးရွာအရောက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး စားအုန်းဆီဈေးနှုန်းများ မှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်မီမှန်ကန်စွာ ရောင်းချရေး နေ့စဉ်ရောင်းချမှုစာရင်းနှင့် ဓါတ်ပုံမှတ်တမ်းများအား အချိန်နှင့်တပြေးညီနေ့စဉ်တင်ပြပေးရန်အသိပညာပေးဆွေးနွေးခဲ့ပြီး ကျေးရွာနေပြည်သူများအားလည်း စားအုန်းဆီဝယ်ယူရန် တန်းစီနေစဉ် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီကုန်သည် ဆီလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူပြည်သူများ သက်သာချောင်ချီရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်း ပူးပေါင်းဆောင်ရွက်ပြီး ကျေးရွာအရောက်ကွင်းဆင်းရောင်းချပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

ရခိုင်ပြည်နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်မှု

           အမေရိကန်သမ္မတ John F Kennedy က ၁၉၆၂ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် စားသုံးသူများကို အကာအကွယ်ပေးနိုင်မည့် အခွင့်အရေးတစ်ခုကို ကွန်ဂရက်တွင် ကြေငြာခဲ့ပါသည်။ ၁၉၈၅ ခုနှစ် ဧပြီလ(၉)ရက်နေ့တွင် ကျင်းပသော Consumer Conference တွင် စားသုံးသူအခွင့်အရေး (၈) ရပ် ပြဌာန်းရန် သဘောတူညီမှုရရှိခဲ့ပြီး မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်ဆောင်ပုဒ်များဖော်ဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ကျရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြသည်မှာ ယနေ့ထိပင်ဖြစ်ပါသည်။

          ၂၀၂၂ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Fair Digital Finance” (ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ) ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ် ကပင်စတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားနှင့် Media Campaign များကျင်းပပြုလုပ်လာခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်လည်း စားသုံးသူအရေးလှုပ်ရှားမှုများပြုလုပ်လာကြပါသည်။

        ၂၀၂၂ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန  ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဒုပြည်နယ်ဦးစီးမှူးဦးဆောင်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မတ်လ(၁၅) ရက်နေ့  နံနက် (၈:၀၀) နာရီအချိန်တွင် စစ်တွေမြို့  မြို့မစျေး၊ မင်းဂံစျေး၊ မကျည်းမြိုင်စျေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များသို့သွားရောက်ပြီး စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအားသိရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”ကို ဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

             စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူတို့၏ အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အကျိုးစီးပွားများကိုကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ဆောင်ပုဒ်အဖြစ် “ညီညွတ်မျှတ၊ ဒီဂျစ်တယ် ငွေကြေးကဏ္ဍ”ဟု သတ်မှတ်ထုတ်ပြန်ထားသည့်အတိုင်း အဆိုပါဆောင်ပုဒ်နှင့်အညီ စားသုံးသူများ မျှတမှုရှိသည့်ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်စေရန်နှင့် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လုံခြုံစိတ်ချစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၃.၂၀၂၂)ရက်နေ့ နံနက်(၈း၂၀)အချိန်တွင် ကျိုင်းတုံမြို့ ကျောက်တိုင်နှင့် မြို့မဈေးတို့တွင် အသိပညာပေးလက်ကမ်းစာစောင်များနှင့် Post-Card များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ကြပါသည်။

             အမေရိကန်သမ္မတ ဂျွန်အက်(ဖ်) ကနေဒီက စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အဖြစ်သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယင်းနေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို စည်ကားစွာကျင်းပပြုလုပ်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း မတ်လ ၁၅ ရက်နေ့ကျရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ကျင်းပ၍ စားသုံးသူများ၏ အခွင့်အရေး၊ လိုက်နာရ မည့်တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် လုပ်ငန်းရှင်တို့၏ တာဝန် ဝတ္တရားများကို စားသုံးသူရော၊ လုပ်ငန်းရှင်များကိုပါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကိုဗစ် ၁၉ ရောဂါအခြေအနေများကြောင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ကျင်းပခြင်းမပြုလုပ်နိုင်သော်လည်း တတ်နိုင်/လုပ်နိုင်သည့်ဘက်မှ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Post-Card များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ရှမ်း)

 

Facebook/ Online ပေါ်တွင် ခေတ်ထနေသည့် ဆေးဝါးနှင့် အလှကုန်များ ဈေးကွက်စောင့်ကြည့်စောင့်ကြည့်စစ်ဆေးခြင်း

          ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်ပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက် (၀၉:၃၀) မှ (၁၁:၀၀)နာရီ အချိန်ထိ ကျိုင်းတုံမြို့ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်အတွင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ကျိုင်းတုံမြို့ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်ပေါင်း ( ၉ ) ဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်ပေါင်း (၆) ဆိုင်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ရှိစေနိုင်သည့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး များနှင့် အလှကုန်ပစ္စည်းများအား ရောင်းချခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

        လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ဥပဒေတွင် ပါရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ တားမြစ်ကန့်သတ်ထားသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ၊ ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အစရှိသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်သွားနိုင်စေရန် အသိပညာပေးခြင်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ