စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အောက်တွင် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးကဏ္ဍနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှုများ၊ သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိသော ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနစုဟူ၍ရှိပါသည်။ ယခင်မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ကော်ပိုရေးရှင်း လက်ထက်တွင် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချဌာန (Post-Harvest Technology Application Center-PTAC) အဖြစ် မြန်မာ့ဆန်စပါး အရည်အသွေးကဏ္ဍအတွက် အလွန်အရေးပါသော ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်းအတွက် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဆန်စပါးသီးနှံသည်အခြားသောသီနှံများနှင့်မတူညီဘဲ သဘောသဘာဝ ကွဲပြားမှုရှိပါ သည်။ ဆန်သည် မြန်မာလူမျိုးတို့အတွက် အခြေခံစားသုံးသီးနှံဖြစ်သည့်အားလျော်စွာ နေ့စဉ် နှင့်အမျှ ဈေးကွက်လိုအပ်ချက်ရှိနေပေသည်။ ဆန်သည် စပါးသီးနှံကိုကြိတ်ခွဲသန့်စင်ပြီးမှ ရရှိနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ပေါ်နေသည့် ဆန်ဈေးကွက်အတွက် ကြိတ်ခွဲပြီးဆန်ကို နှစ်ပေါက်သိုလှောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်တစ်နှစ်ပတ်လုံးဖူလုံရန်အတွက် စပါးကိုသာ နှစ်ပေါက်သိုလှောင်ပြီး လိုသလိုကြိတ်ခွဲလေ့ရှိပါသည်။ အကျိုးအကျေနည်းပြီး ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး ကောင်းမွန်မှုသည် ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးကွက် ဝင်ဆန့်နိုင် ပြီး ဈေးကောင်းလည်း ရရှိနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော ဆန်ရရှိရန် မျိုးကောင်းမျိုးသန့်စပါး ရရှိရန်လိုအပ်သလို ရိတ်သိမ်းပြီးချိန်တွင် အရည်အသွေး ဆုံးရှုံးမှု မဖြစ်ရန် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။ အဖျင်းအမှော်ပါဝင်မှု၊ ဖုန်၊ သဲ၊ ခဲ မသန့်စင်မှု၊ အဆစ်ကျိုးစပါးပါဝင်မှု စသည်တို့သည် ကြိတ်ခွဲမှု အရည်အသွေးကို ကျဆင်း စေနိုင်ပြီး၊ ဆန်သားအထွက်နည်းစေနိုင်ပါသည်။ ထို့အပြင် ဆန်ကြိတ်ထွက်နှုန်း ကောင်းမွန် ရန် ကြိတ်ခွဲမည့်စပါး၏အစိုဓာတ်ပမာဏကို တိတိကျကျ မှန်မှန်ကန်ကန် သိရှိနိုင်ရန် လိုအပ်ပါသည်။
CTQM တွင်မြန်မာနိုင်ငံဒေသအသီးသီးရှိ စပါးများ၏ ရူပအရည်အသွေးကို နှစ်စဉ် စမ်းသပ်စစ်ဆေးလျက် ရှိပါသည်။ အထူးသဖြင့် ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန် နှင့် ပဲခူး တိုင်းဒေသကြီးတို့မှ စပါးနမူနာများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရယူ၍ စမ်းသပ်စစ်ဆေးခဲ့ပါသည်။ စမ်းသပ်စစ်ဆေးခဲ့သော စပါးအမျိုးအစားများမှာ ရွှေဝါထွန်း၊ ရွှေသွယ်ရင်၊ မှော်ဘီ(၂)၊ ဧရာမင်း၊ သီးထပ်ရင်၊ ဆင်းဧကရီ၊ ဆင်းသုခ၊ နှံကား၊ မနောသုခ၊ ရတနာတိုး၊ ရွှေမန်း၊ ရာကျော်၊ ဗျော့ထွန်း၊ ဧည့်မထ (ကောင်း)၊ ဧည့်မထ(အခြား)၊ ဆင်းသွယ်လတ်၊ ငကျွဲ၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းကြီး၊ မြီးဒုံး၊ ငစိန် စသည့်အမျိုးအစားများဖြစ်ပြီး နမူနာအရေအတွက် (၅၅)မျိုးရှိပါသည်။ ၂၀၁၈-၁၉ ခုနှစ်ထွက် စပါးနမူနာများ၏ စမ်းသပ်စစ်ဆေးချက်များအနက် သိမှတ်ဖွယ်ရာများကို ထုတ်နှုတ်ဖော်ပြလိုပါသည်။
မြန်မာ့စပါးအမျိုးအစားများအနက် ဧည့်မထအုပ်စုဝင်စပါးများသည် ထိုင်း၊ အိန္ဒိယ စပါးမျိုးများ နှင့်နှိုင်းယှဉ်ပါက အကြိတ်အဖွတ်ခံနိုင်မှု နည်းပါးပါသည်။ ထို့အပြင် အဆစ်ကျိုး စပါး ပါဝင်မှုကြောင့် ဆန်ကွဲပိုမိုထွက်ရှိနိုင်ပြီး ဆန်သားရရှိမှု ပိုမိုလျော့ကျလေ့ရှိပါသည်။ အဆစ်ကျိုးစပါးဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းမှာ စပါးအတွင်းရှိအစိုဓာတ်ပမာဏ ပြောင်းလဲမှုကြောင့်ဖြစ်ပါသည်။ ခြောက်သွေ့ပြီးသော စပါးကိုသိုလှောင်ရာတွင် ရာသီဥတု ကြောင့် သော်လည်းကောင်း၊ စနစ်မကျသော ကိုင်တွယ်ထိန်းသိမ်းမှုကြောင့် သော်လည်း၊ ခြောက်သွေ့ပြီးသော စပါးကိုအကြောင်း တစ်မျိုးမျိုးကြောင့် ပြန်လည်စိုစွတ်စေခြင်းကြောင့် သော်လည်းကောင်း၊ အစိုဓာတ်မညီသော စပါးများကို ရောနှောခြင်းကြောင့်သော် လည်းကောင်း အဆစ်ကျိုးစပါးများ ဖြစ်ပေါ်စေနိုင်ပါသည်။
ရိတ်သိမ်းခြွလှေ့စက်မသုံးဘဲ လူအားဖြင့်ရိတ်ခြွေသောစပါးများကို ရိတ်သိမ်းပြီးသည် နှင့် တစ်ပြိုင်နက် ကောက်လှိုင်းများကို ကန်သင်းရိုးတွင်မစုပုံထားဘဲ ခြွေလှေ့သင့်ပါသည်။ ကောက်လှိုင်းများက ကန်သင်းရိုးတွင်စုပုံထားပါက အဆစ်ကျိုးစပါးပမာဏ မြင့်တက် လာနိုင်ပါသည်။ စပါးခြွေလှေ့ခြင်းမပြုမီ ကန်သင်းရိုးတွင်စုပုံထားလျှင် ညပိုင်းအချိန်အတွင်း အမိုးအကာဖြင့် ဖုံးအုပ်ထားရန်လိုအပ်ပါသည်။ မြန်မာ့စပါးများသည် အစိုဓာတ် အပြောင်း အလဲပေါ်တွင် ခံနိုင်ရည်နည်းပါးပါသည်။ ထို့အပြင် မြန်မာ့ရေမြေရာသီဥတုသည်လည်း ပူနွေးစိုစွတ်သော အနေအထားရှိသဖြင့် အဆစ်ကျိုးစပါး ပါဝင်မှုကို ထိန်းချုပ်ရန် အခက်အခဲများစွာရှိပါသည်။ ထို့ကြောင့် အခြေခံစပါးဈေးနှုန်း သတ်မှတ်ခြင်းနှင့် စပါး ဝယ်ယူမှု စည်းမျဉ်းများအတွက် အဆစ်ကျိုးစပါးပါဝင်မှု ကန့်သတ်ချက်ကို အနည်းငယ် ဖြေလျော့ပေးရန်လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပမှနည်းပညာအကူအညီများဖြင့် အဆစ်ကျိုး စပါး ကဏ္ဍအတွက် အဖြေရှာဆောင်ရွက်သင့်ပါသည်။
မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးခေတ် ကာလတွင် ထိုအချက်များ ကြောင့် စပါးဝယ်ယူရာတွင် အဆစ်ကျိုးစပါး ပါဝင်မှုကိုကန့်သတ်မထားဘဲ ဆန်၏ စက်ကြိတ်ထွက်နှုန်းအရဖြင့်သာ သတ်မှတ်ဝယ်ယူပါသည်။ (ဥပမာ စပါးတင်း ၁၀ဝ ကြိတ်ခွဲ လျှင် ဆန်သား ၃၆တင်း ထွက်ရှိရန် စံသတ်မှတ်ထားပြီး ၃၆တင်းအောက် လျော့နည်းထွက် ရှိသော စပါးများကို စပါးအမျိုးအစားကိုလိုက်၍ ၂.၅တင်းနှင့်ညီမျှသော ငွေကို ခုနှိမ် ဖြတ်တောက်မှုပြုလုပ်ပါသည်။) CTQM တွင်စမ်းသပ်သော စပါးနမူနာ (၅၅)မျိုးအနက် အဆစ်ကျိုးစပါး ၂၅ ရာခိုင်နှုန်းအထက်ပါဝင်သော စပါး (၁၀)မျိုးတွေ့ရှိရပါသည်။
ဆန်သားထွက်နှုန်း အနေနှင့်လည်းကွဲပြားခြားနားမှုများရှိပါသည်။ စုစုပေါင်း ဆန်သား ထွက်နှုန်း (Total Rice) သည် စပါးအမျိုးအစားကိုလိုက်၍ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အကြားရှိတတ်ပါသည်။ စုစုပေါင်းဆန်သားထွက်နှုန်းဆိုသည်မှာ လုံးပြည့်ဆန်သား (Whole Kernel) များအပါအဝင်၊ ဆန်သား (Head Rice)၊ ဆန်ကွဲ (Brokens)၊ ဆန်ကွဲသေး(Small Brokens) စသည့်အရာအားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ စမ်းသပ်ခဲ့သော စပါးနမူနာများ တွင် ဆန်သား (Head Rice) ရရှိမှု ၃၀ရာခိုင်နှုန်းနှင့်အောက်ရရှိသော နမူနာ (၆) မျိုးနှင့် ၆၀ ရာခိုင်နှုန်းနှင့်အထက် ရရှိသော နမူနာ (၈)မျိုး ကိုအောက်ပါအတိုင်း တွေ့ရှိရပါသည်။ စပါးအမျိုးအစားများတူသော်လည်း စိုက်ပျိုးရာဒေသ၏ ရေမြေသဘာဝနှင့် ကိုင်တွယ် ထိန်းသိမ်းမှုတို့အပေါ်မူတည်၍ ဆန်သားထွက်နှုန်း ကွဲပြားမှုများလည်းရှိပါသည်။ ဥပမာ အားဖြင့် ပဲခူးမြို့မှထွက်ရှိသော မနောသုခစပါးသည် ဆန်သားပြန်လည်ရရှိမှု၌ ၂၇ ရာခိုင်နှုန်း ခန့်သာရှိသော်လည်း တိုက်ကြီးမြို့မှထွက်သော မနောသုခ စပါးသည် ဆန်သား ၆၅.၆၇ ရာခိုင်နှုန်းအထိရရှိပါသည်။ ထို့ကြောင့် မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် အထွက်နှုန်းကောင်း စပါးစိုက်ပျိုးနိုင်ရန်သာမကဘဲ ဆန်ကြိတ် ထွက်နှုန်းကောင်းမွန်စေရန် ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းနည်း အလေ့အထကောင်းများဖြင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်သင့်ပါသည်။
စမ်းသပ်စစ်ဆေးချက်များအရ ဧည့်မထအုပ်စုဝင် မြန်မာ့စပါးမျိုးများ၏ ဆန်သား အလျားကို တိုင်းတာစစ်ဆေးရာတွင်အောက်ပါအတိုင်းတွေ့ရှိရပေသည်။ မနောသုခ၊ ဆင်းသု၊ ဧရာမင်း၊ နှံကား စသည့်စပါးမျိုးများသည် ဆန်သား အလျား ၆ မီလီမီတာ ဝန်းကျင်းတွင် တွေ့ရှိရပြီး မှော်ဘီ (၂)၊ ရွှေသွယ်ရင်၊ ဆင်းသွယ်လတ် တို့သည် အလျား ၇ မီလီမီတာ အထက်တွင်ရှိပြီး ဆင်းဧကရီ၊ ဗျော့ထွန်း၊ ရတနာတိုးစသည်တို့သည် အလျား ၆.၆ မီလီမီတာ အထက်တွင်ရှိပါသည်။ စပါးမျိုးကွဲအလိုက် ပျမ်းမျှဆန်သားအလျား၊ အနံ နှင့် အလျားအနံ အချိုး နှိုင်းယှဉ်ချက်များကို အောက်ပါ ပုံတွင်လေ့လာနိုင်ပါသည်။
မြန်မာ့ဆန်မျိုးကွဲများသည် အလျား၊ အနံ ပမာဏမတူညီဘဲ ကွဲပြားခြားနားမှု များစွာရှိပါသည်။ ထို့ကြောင့် မြန်မာ့ဆန် စံချိန်စံညွှန်းတွင် ဆန်အရွယ်အစားနှင့်ပတ်သက်၍ လုံးပု၊ လုံးလတ်၊ လုံးရှည် စသည်ဖြင့် သတ်မှတ်ပုံကို နိုင်ငံတကာမှ သတ်မှတ် နည်းစနစ်များနှင့်ပါလိုက်လျောညီထွေမှုရှိစေရန် နည်းလမ်း (၃)မျိုးဖြင့် ရွေးချယ်ခွင့် ပေးထား ပါသည်။ လုံးရှည်သတ်မှတ်ရာတွင် အချို့သော ဆန်အမျိုးအစားများသည် အလျား ၆.၆ မီလီမီတာထက်ပိုသော်လည်း အချို့သောဆန် အမျိုးအစား များသည် အလျားတိုလေ့ ရှိပါသည်။ သို့ရာတွင် အနံတိုသောဆန်သားများအနေဖြင့် အလျားသတ်မှတ်ချက်နှင့် အတူ အလျားအနံ အချိုး သတ်မှတ်ချက်ပါ ပေါင်းစပ်၍ လုံးရှည် (သို့မဟုတ်) လုံးလတ် အတန်း အစားအဖြစ် ပြည့်မီနိုင်ပါသည်။ ဥရောပသမဂ္ဂမှ ဆန်သားများ၏အရွယ်အစား အဆင့် အတန်းကို အထက်ဖော်ပြပါအတိုင်း သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။
မြန်မာဆန်စပါးကဏ္ဍသည် မြန်မာ့သမိုင်းတစ်လျောက် လူတန်းစားအလွှာပေါင်းစုံ ပါဝင် ပတ်သတ် နေသော ကဏ္ဍဍတစ်ရပ်ဖြစ်ပေရာ ဆန်စပါးအရည်အသွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အမျိုးသားရေး တာဝန်တစ်ရပ်ကဲ့သို့ အလေးထား ဆောင်ရွက်သင့်ပေသည်။ ယခုအခါတွင် တိုးတက်များပြား လာသော ကမ္ဘာလူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေး ပြဿနာသည် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့အတူ အကန့်အသတ်ရှိသော ကမ္ဘာ့စိုက်ပျိုးမြေဧရိယာကြောင့် စိုက်ပျိုးရေးနည်းလမ်းသစ်များကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် သုတေသနစမ်းစစ်မှုများဖြင့် ဖော်ထုတ်လေ့လာနေကြ ပေသည်။ အစ္စရေး နှင့် ဂျပန်နိုင်ငံများတွင် ရာသီဥတုအတု၊ မြေအစားထိုး စိုက်ပျိုးနည်းစနစ် များ၊ အထွက်နှုန်း တိုးတက်စေသည့် နည်းလမ်းသစ်များ စသည်တို့ကို နေ့စဉ်နှင့်အမျှ သုတေသနလုပ်ငန်းများဆောင်ရွက်နေကြပြီဖြစ်သည်။
စိုက်ပျိုးမြေအကန့်အသတ်ရှိသော်လည်း တိုးတက်များပြားလာသောလူဦးရေ ပမာဏ အတွက် စားနပ်ရိက္ခာဖူလုံစေရန် အထွက်နှုန်းမြှင့်မားသော စပါးမျိုးကောင်းမျိုးသန့် များကို စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုအပ်ပါသည်။ ထို့အတူ အရည်အသွေးကောင်းမွန်သော ထွက်ကုန်၊ ထုတ်ကုန်များကို စားသောက်သုံးစွဲခွင့်ရရန် အလွန်အရေးကြီးပါသည်။ အထွက် ကောင်းသောစပါး၏ ဆန်အရည်အသွေး ကောင်းများကိုထိန်းသိမ်းနိုင်ရန် ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်း အလေ့အကျင့်ကောင်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက် သင့်ပေသည်။ သို့မှသာတိုးတက်ကောင်းမွန်သော မြန်မာဆန်စပါး ရွှေရောင်ခေတ်ဆီသို့ ပြန်လည်ဦးမော့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။
အောင်ကျော်မိုး
(CTQM)