Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်းများ သည် ၂၆-၂-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဆွေးနွေးပွဲသို့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဆန်စက်လုပ်ငန်းရှင် (၁၁) ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ဌာနမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေတွင် ပြဌာန်းထားပြီး ယခုအခါ အာဏာအသက်ဝင်နေပြီဖြစ်ကြောင်း၊  ကုန်စည်များတွင် ဖော်ပြရမည့်အသေးစိတ်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်အနေဖြင့် မိမိတို့၏ထုတ်ကုန် ဆန်အိတ်များပေါ်တွင် အမျိုးအမည်၊ အရေအတွက်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ အမျိုးအမည်ဆိုသောနေရာတွင် ဆန်၊ ဆန်ကွဲ စသည်ဖြင့်ခွဲခြားဖော်ပြရမည်ဖြစ်ကြောင်း၊ ဆန်ဆိုသည်မှာလည်း ပေါ်ဆန်း၊ ဇီယာ၊ ဧည့်မထ စသည်ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ အရေအတွက်၊ အသားတင်အလေးချိန်ဆိုရာ၌ မြန်မာလူမျိုးများ အသုံးများသည့် ပြည်၊ တင်း စသည်တို့ဖြစ်ကြောင်း၊ သို့သော် အလေးချိန် သတ်မှတ်ချက်ယူနစ် ပေါင် ကိုလည်း ထည့်သွင်းဖော်ပြနိုင်ကြောင်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းမှာ ခြောက်သွေ့သော နေရာတွင်ထားပါ။ ရေမစိုစေပါနှင့် စသည့် မိမိတို့ ထုတ်ကုန်နှင့်ကိုက်ညီသည့် အချက်အလက်များဖြစ်စေရန် ထည့်သွင်းစေလိုပါကြောင်း၊  ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းပြီး ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းပြခဲ့၍  နေ့လည် ၁၂:၀၀ နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)

 

ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း

            ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောက်ဦးခရိုင်ဦးစီးမှူး ဦးကျော်မြင့်ဦးဆောင်ပြီး မင်းပြားမြို့၊ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းနှင့် ဝန်ထမ်းများသည် ၂၅-၂-၂၀၂၂ နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက် ကျွန်းညိုရပ်ရှိ ဘုန်းဟိန်း အကြော်မျိုးစုံနှင့်ယိုမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း းဆောင်ရွက်ခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံး နေသော ကုန်စည်များနှင့် ပတ်သက်သော အသတင်းအချက်အလက်များကို စားသုံးသူပြည်သူများ ပြည့်စုံမှန်ကန်စွာသိရှိစေရေး၊ ကုန်စည်းများထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပြဌာန်းချက်များကို လိုက်နာပြီး ထုတ်ကုန်လုံခြုံသော ကုန်စည်းများထုတ်လုပ်ရောင်းချစေရေး စားသုံးသူပြည်သူများ စားသုံး၊ သုံးစွဲရာတွင် ဘေးအန္တရယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာမရှိစေရေးတို့အတွက် ရည်ရွယ်၍ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

          ထိုသို့ လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးမှ ကုန်စည်များထုတ်လုပ်ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိစစ်ဆေးပြီး ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ ကုန်စည်းများတွင် မဖြစ်မနေဖော်ပြရမည့်အချက်များကို ဘုန်းဟိန်း အကြော်မျိုးစုံနှင့် ယိုမျိုးစုံလုပ်ငန်းပိုင်ရှင် ဒေါ်စောဦးကြည်နှင့် အလုပ်အမားများအား ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းမှ ဘုန်းဟိန်း အကြော်စုံနှင့်ယိုမျိုးစုံထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းများ ထားသိုထားသည့်နေရာများ သန့်ရှင်းစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များဖြစ်စေရေး၊ ဆိုးဆေးနှင့်ဓါတုဆေးများ သုံးစွဲခြင်းကြောင်း စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် သန့်ရှင်းလက်ဆတ်သော အစားအသောက်များကိုသာ ထုတ်လုပ်ရောင်းချစေရေးတို့အတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရခိုင်)

“မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမှုကွင်းဆင်းလေ့လာ’’

                  မလှိုင်မြို့နယ်အတွင်းအဓိက စိုက်ပျိုးသော မိုးသီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ တို့အပြင် ဝါသီးနှံကိုလည်း မိုးဦး/မိုးနှောင်း စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင် မိုးကြိုဝါကိုစိုက်ပျိုးမည်ဟု သက်ဆိုင်ရာဌာနမှ သိရှိရသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၂.၂.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မကျီးကုန်းကျေးရွာ မိုးကြိုဝါ(၄)ဧက စိုက်ပျိုးသည့် တောင်သူဦးစိုးမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            မလှိုင်မြို့နယ်၊ တမ္မကြီးကျေးရွာအုပ်စု၊ မန်းကျီးကုန်းကျေးရွာသည် သစ်ပုန်းဆည်ရေသောက်ဧရိယာအတွင်းတည်ရှိပြီး ဆည်ရေဖြင့် နွေစပါး၊ ပဲတီစိမ်းတို့ကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာမရရှိသည့်အတွက် မိုးကြိုဝါကို စိုက်ပျိုးကြောင်း၊ သက်ဆိုင်ရာဌာနမှ မျိုးစေ့နှင့်မြေကြီးအတွင်း မြေအောင်းပိုးများကိုသေစေရန် မျိုးစေ့ဖြင့်လူးနယ်ရသော ဆေးများအခမဲ့ထောက်ပံ့ပေးကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးပြီးဖြစ်၍ ပထမအကြိမ်ရေသွင်းပြီးဖြစ်ကြောင်း ယခုနှစ်တွင် မိုးကြိုဝါကိုစီမံချက်ဖြင့် ဧက (၅၀)စိုက်ပျိုးထားရှိပြီး ဆက်လက်၍ တောင်သူဆန္ဒစိုက်ဧက(၅၀)လျာထားရာ လျာထားချက်ပြည့်မှီစိုက်ပျိုးမည်ဟု ဝါစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်၊သာစည်မြို့၊အ.ထ.က(၁)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် သာစည်မြို့၊ အ.ထ.က(၁)ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ်များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော်လည်း Covid-၁၉ ရောဂါကူးစက်မှုအခြေအနေများကြောင့် CICC Meiktila Facebook Pageတွင် Onlineမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့်လည်းကောင်း၊ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ဟောပြောပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ 

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ သာစည်မြို့နယ်တာဝန်ခံဦးသက်ချိုဦးမှ  စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင်၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေသစ်ကို၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင်အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိအခွင့်အရေးများသိရှိမှသာကုန်စည်(သို့) ဝန်ဆောင်မှုများအပေါ်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊အခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့် ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းအပြင်အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင်ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦး၊ ဆရာ/ဆရာမ(၆)ဦး စုစုပေါင်း(၁၂၆)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

 

စားအုန်းဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် သာစည်မြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချလျှက်ရှိသော လုပ်ငန်းရှင်(၁၃)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါ သည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ဆောင်ရာတွင် ဈေးကွက်အတွင်းရှိ စားသုံးဆီများ အနက်အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cookint Oil ) ဟု ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်အရ ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘူယျဆန်သည့် အမျိုးအမည် တစ်ခုသာဖြစ်၍ စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက် (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ထုတ်ပြန်ထားသည့် အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး အသားတင်ပမာဏကို ဖော်ပြရာတွင် မြန်မာယူနစ် ပိဿာ/ကျပ်သားဖြင့် ဖော်ပြပေးရမည်ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ (၂၀.၆.၂၀၂၂)ရက်နေ့တွင် စားသုံးဆီများတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

ကန်ထရိုက်လယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များမှ ရေလုံလောက်စွာရှိသဖြင့် (၂၅၁၃၁၀)ဧကစိုက်ပျိုးရန် လျာထားကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပါသည်။ နွေစပါးကို ယခင်နှစ်က စိုက်ပျိုးခဲ့သော ရွှေဝါထွန်း၊ IR 747၊ ဘီဂျီစသည့် စပါးမျိုးများအပြင် မြန်မာနိုင်ငံတွင် ကန်ထရိုက်လယ်ယာစနစ် ပီပြင်စွာဆောင်ရွက်လာစေရန်ရည်ရွယ်၍ CHAN MYAE ZAYAR COMPANY LIMITED ၏ ချိတ်ဆက်ပေးမှုဖြင့် စိုက်ပျိုးသည့် တောင်သူဦးကြီးများနှင့် ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး နှစ်ဦးသဘောတူ ကတိစာချုပ်ချုပ်ဆို၍ စိုက်ပျိုးမည့် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

          ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှစ်ဦး၊ ရွှေဘိုမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှစ်ဦး၊ ကန့်ဘလူခရိုင်၊  ဇီးကုန်းမြို့မှ  ဆန်စက်လုပ်ငန်းရှင်တစ်ဦးတို့က တောင်သူဦးကြီးများနှင့် ချိတ်ဆက်၍ ချမ်းမြေ့မေစပါးအမျိုးအစား (၁၅၈၁)ဧက၊ Jasmine-5စပါးအမျိုးအစား (၁၀၆)ဧကနှင့် RD-43စပါးအမျိုးအစား(၁၄၄)ဧက စုစုပေါင်း(၁၈၃၁)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေအမေရိ ကန်ဒေါ် လာဖြင့် မှာယူတင်သွင်းခဲ့သော စားသုံးဆီအရောင်းဆိုင်များသို့ မုံရွာခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများပါဝင်သော ခရိုင်ကွင်းဆင်း စစ်ဆေးကြပ် မတ်ရေး အဖွဲ့သည် (၂၄.၂.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များနှင့် ချင်းတွင်း ရတနာဈေး၊ သီရိရတနာဈေး၊ မြသလ္လာ ဈေးများရှိ စားသုံးဆီအရောင်းဆိုင်များသို့  စားသုံးဆီ ရောင်းချရာတွင် အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသော အထူးဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရန်၊ အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေ နပ်မှုရရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသော ဟင်းသီးဟင်းရွက် ဆီ(Vegetable Oil , Cooking Oil)များနှင့်ပတ်သက်၍ ဖော်ပြချက်များအပေါ် ကုန်စည်၏အမျိုးအမည်ကို ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်း ရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟုလည်းကာင်း၊  အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့ အလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့်လည်းကောင်း မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်း ရွက်ဆီ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှုတို့နှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် (၁/၂၀၂၁)သည် ညွှန်ကြားချက်ထုတ်ပြန်သည့် (၂၀.၁၂.၂၀၂၁)ရက်နေ့မှစ၍ (၆)လ ပြည့်မြောက် ပြီးသည့် နေ့တွင် စတင်အာဏာသက် ရောက်မည် ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁/၂၀၂၁) ညွှန်ကြားချက်စာစောင်အား စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များထံ အသိပညာပေးဖြန့် ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ‌ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ နှင့်အတူ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများအပေါ် သက်သာသော အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသည့် စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် စစ်ကိုင်းမြို့ရှိ BOC စက်သုံးဆီဆိုင်နှင့် ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီအရောင်းဆိုင်များသည် နေ့စဉ်နံနက်(ဝ၅:ဝဝ)နာရီမှ ည(၂ဝ:ဝဝ)ထိ ဆိုင်ဖွင့်လှစ် ရောင်းချကြောင်း၊ အထူရောင်းဈေးနှုန်းသည် သာမန်ဈေးထက် တစ်လီတာအပေါ် ၁၅ဝိ/-ခန့် ဈေးသက်သာကြောင်း၊ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းသည် သာမန်ဈေးဖြင့် ရောင်းချခြင်း ထက် ၃၀% ခန့် ရောင်းအားတက်ကြောင်း၊ စက်သုံးဆီ ဝယ်ယူမှုကို ကန့်သတ်ချက်မထားဘဲ ကုန် ကားကြီးများ၊ Express ကားများအား ကား၏ ဆီတိုင်ကီဝင့်ဆန့်သည်ထိ ရောင်းချပေးကြောင်း၊ ဆိုင်ကယ်နှင့် ကားဆီဖြည့်ခြင်းကို နေရာသီးခြား ခွဲထားပြီး၊ ပုံးများဖြင့် ဝယ်ယူခွင့်မပြုပါကြောင်း ဆိုင်တာဝန်ခံများက ပြောကြားခြင်းအပေါ် အဖွဲ့ခေါင်းဆောင်က အချင်အတွယ်မှန်ကန်စွာရောင်းချ ရန်၊ နေ့စဉ်ရောင်းချရမှုစာရင်းနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး၊ မိမိတို့ဌာနသို့ နေ့စဉ် ဖုန်း သို့မဟုတ် Viber ဖြင့်စာရင်းပေးပို့ရန်နှင့် ခွဲတမ်းရရှိမှု တစ်ကြိမ်ပြီးတိုင်း စာရင်းချုပ် ပြုစုပေးပို့ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

      ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ မွန်းလွှဲပိုင်းတွင် ပြည်ပမှ စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်ဖြင့်  တင်သွင်းခြင်း အစီအစဉ်ကို  ယခု Mini Budget  မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင် ရွက် ရာတွင်  စားသုံးဆီ ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှု၊ ပြည်တွင်းဈေးကွက် အခြေအနေ၊ ပြည်တွင်း၌စားသုံးဆီများ စုပုံမှု မရှိစေရေးနှင့် ပြတ်လပ်မှု မရှိစေရေးတို့ကို အခြေခံ၍ တွက်ချက်ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

          စားသုံးဆီတင်သွင်းသူများသည်လည်း နစ်နာမှု မရှိစေရေး၊ စားသုံးသူများအတွက်လည်း ထိခိုက်မှု မရှိစေရေးတို့အတွက် ဗဟိုဘဏ်မှ  ရောင်းချပေးသော ဒေါ်လာဈေးနှုန်းဖြင့် သက်သာသော ဈေးနှုန်းတွက်ချက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်မှာ ငါးလရှိပြီဖြစ်ပါကြောင်း၊ တင်သွင်းဖြန့်ဖြူးသူများအနေဖြင့် အရောင်းအဝယ် သဘောအရ အမြတ်ရရှိရေးကိုသာ အဓိက မဟုတ်ဘဲ စားသုံးသူပြည်သူများ အနေဖြင့်  အဆင်ပြေမှုရရှိစေရန်အတွက် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက် ကိုရိုက်ခတ်မှုများရှိကြောင်း၊ ကမ္ဘာ့ဈေးနှုန်း အနေဖြင့် ယခုနှစ် ဇန်နဝါရီလ အတွင်း စားသုံးဆီ တစ်တန်လျှင် ပျှမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၅၀ ခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှ အားဖြင့် ဒေါ်လာ ၁၆၄၀ ခန့်ထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း၊ စားသုံးဆီတင်သွင်းမှု အနေဖြင့် ကာလတူနှိင်းယှဉ်ချက်အရ ယခင်နှစ်တွင်  ၃ ဒဿမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ၂ ဒဿမ ၃ သိန်းကျော်ခန့် သာတင်သွင်းခဲ့သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း အထိလျှော့ချထိန်းညှိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်း တည်ငြိမ်စေရေး နှင့် သင့်တင့်မျှတသည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက ပြည်တွင်း၌ စားသုံးဆီလက်ကျန် ကျန်ရှိမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ထပ်မံရောက်ရှိမည့် အခြေအနေနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရန် စီမံဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ တင်သွင်းသို လှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်  စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက မတ်လအတွင်း စားသုံးဆီ တင်သွင်းရောက်ရှိမည့် အခြေအနေများနှင့် ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဌ၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့ရှိ စားသောက်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းဆိုင်များသို့ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအသိပညာပေးကွင်းဆင်းစစ်ဆေး

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကိုဗစ်ရောဂါတားဆီးထိန်းချုပ်ရေးကော်မတီဝင်များဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်စသော သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်‌နေ့၊ နံနက် (၈း၀၀) အချိန်တွင် မြိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းဆိုင်များသို့ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့ရောင်းချနေစဉ် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအနက် စားသောက်ဆိုင်၊ အအေးဆိုင်နှင့်လက်ဖက်ရည်ဆိုင်ရောင်းချသူများအနေဖြင့် လာရောက်စားသောက်ကြသော စားသုံးသူများအား အပူချိန်တိုင်းကိရိယာဖြင့်တိုင်းတာရန်၊ လက်ဆေးဘေစင်ထားရှိရန်၊ လက်အိတ်ဝတ်ဆင်၍ရောင်းချရန်၊ မက်စ်တတ်၍ရောင်းရန်၊ လက်သန့်ဆေးရည်များထားရန် ညွှန်ကြားခဲ့ပြီး စားသုံးသူများအား စားသောက်ဆိုင်သို့မဝင်မီ(သို့) ပြန်လည်မထွက်ခွာမီ မက်စ်တတ်ဆင်စေရန်နှင့် မိသားစုများမှအပ အခြားစားသောက်ရန်ဝင်ရောက်လာသူများအား ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်‌စေရန် အသိပညာပေးခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းဥပဒေနှင့် အညီအရေးယူမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ