Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခြင်း

          လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများဆောင်ရွက်ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အလို့ငှါ ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့ရောင်းချသောကုန်စည်များပေါ်တွင် စားသုံးသူကာ ကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ စိစစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ စိစစ်တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါအရ အရေးယူဆောင်ရွက်မှုများ ပြစ်မှု။ ပြစ်ဒဏ်များများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကြို့ပင်ကောက်မြို့နယ်တွင် (Covid -19) စတုတ္ထလှိုင်းကာလ၌ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်‌ကောက်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (Covid-19) ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် ကြို့ပင်‌‌ကောက် မြို့နယ် အနေဖြင့် မြို့မစျေး(၂)ခု၊ ရပ်ကွက်(၁၀) ရပ်ကွက် ၊ ကျေးရွာများတွင် ဆေးဆိုင်ပေါင်း (၂၅) ဆိုင် ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများအား (၄.၃.၂၀၂၂)ရက်နေ့၌ ဆေးလက်လီ/လက်ကားရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ယခုကာလ စျေးဖွင့်ရက်တိုင်းတွင် ဆေးဆိုင်အကုန်ဖွင့်လှစ်ရောင်းချနေသည်ကိုတွေ့ရပြီး လက်လီလက်ကား ရောင်းချနေသော နဝရတ်ဆေးဆိုင်၊ ရွှေအင်းလေးဆေးဆိုင်၊ သာဓုအောင်၊ ဆေးဆိုင် ပိုင်ရှင်များမှ ပြောကြားရာတွင် ယခင်တတိယလှိုင်းလောက် ရောဂါအခြေအနေမဆိုးဝါးသဖြင့် ဆေးပြတ်လတ်မှုများ စိုးရိမ်စရာမရှိပါကြောင်းနှင့် စျေးအနည်းငယ်သာ တက်ပါကြောင်း ပြောကြားခဲ့ပါ သည်။ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းမျာမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအားဆွေးနွေး ပြောကြားခဲ့ပြီး အပတ်စဉ်ဆေးစျေးနှုန်း၊စျေးကွက်၊ ဆေးဆိုင်ဖွင့်လှစ်ရောင်းချမှု အခြေအနေများအား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)

အိမ်မဲမြို့နယ်၊ မုန့်မျိုးစုံဆိုင်များ ကွင်းဆင်းဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်အတူ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်သို့ (၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ နယ်မြေဈေးကွက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌  Nut  House  သီဟိုဠ်စေ့၊ ဘယ်ရီမုန့်ကျွတ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကို စစ်ဆေးခဲ့ရာပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင် ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူ၌ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာလိုထည့်သွင်း ဖော်ပြရမည့်အချက်အလက်များ အားသိရှိစေရန်  ရည်ရွယ်၍ မတ်လ(၄)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ရွှေဟင်္သာ”ပေါင်မုန့်/ကိတ်မုန့် လုပ်ငန်း၊ “မမီး”ခေါက်မုန့် လုပ်ငန်းနှင့်အမှတ်(၄)ရပ်ကွက်ရှိ “Happy Home”  ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

          မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ ကုန်အမှတ်တံဆိပ်များအား နမူနာပြ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင်ပါဝင်သော ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

          မု့န်လုပ်ငန်းရှင်များအနေဖြင့် ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး စားသုံးသူမှ ကုန်အမှတ်တံဆိပ်မပြည်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်စားသုံးမည်ဆိုပါက လုံခြုံစိတ်ချမှုရှိသော ကုန်စည်ကိုသာ ရွေးချယ်စားသုံးရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာ ထည့်သွင်းပြီးလျှင် စားသုံးသူရေးရာ ဦးစီးဌာနသို့ လာရောက်၍ စိစစ်ခွင့်ပြုချက် လျှောက်ထားနိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

       “Happy Home” ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းရှင်မှ မိမိတို့မုန့်လုပ်ငန်းတွင် ထုတ်ကုန်(၆)မျိုး ထုတ်လုပ်ကြောင်း၊ ပေါင်မုန့်၊ ကိတ်မုန့်(အစို)၊ကိတ်မုန့်(အခြောက်)၊ကွတ်ကီး၊နှမ်းကွတ်ကီး၊ ဆီကြော်မုန့်တို့ဖြစ်ကြောင်း၊ ဈေးနှုန်းမှာ ပေါင်မုန့်(၇၀၀)ကျပ်၊ ကိတ်မုန့်နှင့်အခြားမုန့်များမှာ (၁၃၀၀)ကျပ် ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် မြိုင်မြို့နယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြင်းမူစသည်တို့တင်ပို့ရောင်းချပါကြောင်း၊ ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍လည်း ပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် စိစစ်ခွင့်ပြုချက်လာရောက် လျှောက်ထားမည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

      “မမီး” ခေါက်မုန့်ဖြန့်ဖြူးရောင်းချသူအနေဖြင့်လည်း ခေါက်မုန့်လုပ်ငန်းသည် မိမိ၏ ဆွေမျိုးများနေထိုင်ရာ ထားဝယ်မြို့နယ်၊ နဘူးကျေးရွာမှ ထုတ်လုပ်သည်ဖြစ်ပါကြောင်း၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းဖြစ်ပြီး မိမိမှ မှာယူသောအခါမှသာ လုပ်ကိုင်သည်ဖြစ်ကြောင်း၊ ပခုက္ကူမြို့သို့ ရောက် သည့်အခါမှ မိမိ၏ ကုန်အမှတ်တံဆိပ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချသည်ဖြစ်ကြောင်း၊ ဈေးနှုန်းမှာ ယခင်က တစ်ဘူးကို ခေါက်မုန့် (၂၀)ခုထည့်ပြီး (၁၀၀၀)ကျပ်သာရောင်းချပြီး ယခုတွင် မုန့်(၁၇)ခုပါ တစ်ဘူး(၁၂၀၀)ကျပ်ရောင်းချပါကြောင်း၊ ခေါက်မုန့်လုပ်သော နဘူးရွာမှ ထားဝယ်သို့လည်းကောင်း၊ ထားဝယ်မှပခုက္ကူမြို့သို့လည်းကောင်း သယ်ယူစရိတ်ကြီးမြင့်ပြီး ပါကင်ဘူးဈေးနှုန်းမှာ ထက်ဝက်ကျော် ဈေးတက်နေသောကြောင့် ဈေးနှုန်းတက်ရောင်းချရကြောင်း၊ စူပါမားကတ်များကို တင်၍ ရောင်းချနေသည့်အတွက် ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ လိုအပ်သည့်အချက်များ ပြည့်စုံစွာ ဖော်ပြပြီးလျှင် စိစစ်ခွင့်ပြုချက်ရရှိအောင် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

မြန်အောင်မြို့ ပဲလှော်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ အမှတ်(၂)ရပ်ကွက်၊ ဘူတာရုံ ရုံးခန်း တွင် (၃.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပဲလှော်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်းသိကောင်းစရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တာချီလိတ်မြို့နယ် လေလံကြီးကြပ်မှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်

           ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံဦးမြင့်နောင်(ဦးစီးမှူး)သည် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချနိုင်ရေးနှင့်ပတ်သက်၍ လေလံကြီးကြပ်မှုအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းလေလံကြီးကြပ်မှုအဖွဲ့တွင် တာချီလိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်သိန်း(အဖွဲ့ခေါင်းဆောင်)၊ ပြည်တွင်းအခွန်များဦးစီးဌာန(အဖွဲ့ဝင်)၊ စီးမံကိန်းရေးဆွဲရေးဦးစီးဌာန(အဖွဲ့ဝင်)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(အဖွဲ့ဝင်)၊ စားသုံးသူရေးရာဦးစီးဌာန(အဖွဲ့ဝင်)နှင့် မြို့နယ်ဉပဒေအရာရှိ(အဖွဲ့ဝင်)တို့ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ် လေလံကြီးကြပ်မှုအဖွဲ့သည် တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာန၊ ကျိုက်လပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသော အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းများကို ကြီးကြပ်ခဲ့ပါသည်။

          လေလံကြီးကြပ်မှုအဖွဲ့သည် (၁.၃.၂၀၂၂)ရက်နေ့တွင် တာလေမြို့နယ်ခွဲနှင့် ကျိုက်လပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှပြုလုပ်သော လေလံတင်ရောင်းချခြင်းအခမ်းအနားနှင့် (၃.၃.၂၀၂၂) ရက်နေ့တွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ပြုလုပ်ကျင်းပသော လေလံတင်ရောင်းချ ခြင်း အခမ်းအနားသို့ တက်ရောက်၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား လေလံရောင်းချရာတွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်း(သက်တမ်းတိုး) လိုင်စင် (၆)ခု  ရောင်းချခြင်းမှ ကျပ်(၁၄၂.၃၅)သန်း၊ အရပ်ရပ်အခွင့်အရေးလုပ်ငန်း(၁၅)ခု လေလံတင်ရောင်းချခြင်းမှ  ကျပ်(၉၅.၂၆)သန်းနှင့် သားသတ်လုပ်ငန်းလိုင်စင်(၂၁)ခု လေလံတင်ရောင်းချခြင်းမှ ကျပ် (၇၂၁.၁၁)သန်း ဘဏ္ဍာငွေရရှိခဲ့သည်။ တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်(၂)ခု လေလံတင်ရောင်းချခြင်းမှ ကျပ်(၂၃.၄)သန်းနှင့် သားသတ်လုပ်ငန်းလိုင်စင်(၄)ခုမှ ကျပ်(၂၃.၅)သန်းဘဏ္ဍာငွေရရှိကာ ကျိုက်လပ်မြို့နယ်ခွဲစည်ပင် သာယာရေးဌာနခွဲ၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်(၁)ခုနှင့် သားသက်လုပ်ငန်းလိုင်စင်(၄)ခုတို့အတွက် ကျပ်(၅.၃)သန်း ဘဏ္ဍာငွေအသီးသီးရရှိခဲ့ပါသည်။ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် ကျန်ရှိသော  အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(၇)ခုကို ဒုတိယအကြိမ်ထပ်မံကြော်ငြာ၍ လေလံတင်ရောင်းချမည်ဟု သိရပါသည်။

          သို့ဖြင့်ပါ၍ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ဌာန၏လုပ်ငန်းတာဝန်များအပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခါအားလျှော်စွာ ာပေးအပ်သောတာဝန်များကို ကျေပွန်စွာဆောင်ရွက်ပြီး  မြို့သာယာလှပရေးအတွက်အသုံးပြုမည့် စည်ပင်သာယာရေးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း ရေးသာလိုက်ရပါသည်။

DOCA(ရှမ်း)

ဖျာပုံမြို့နယ်ရှိအလှကုန်ပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအားစားသုံးသူများ ဘေးဥပဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးဦးမင်းဇော် ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများလိုက်ပါ၍ မတ်လ(၇)ရက် နံနက်(၁၀:၀၀)နာရီ၌ (၃)ရပ်ကွက်၊(ဘိုကလေးသွားကားလမ်းမကြီး)ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           အဆိုပါအရောင်းဆိုင်များတွင် အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် မျက်နှာသစ်ဆပ်ပြာများ၊ ချိုင်းလိမ်းဆီများ၊ အသားဖြူကိုယ်လိမ်ပေါင်ဒါများ၊ ဆပ်ပြာရည်ပျစ်၊ ရိုးရိုးဆပ်ပြာ၊ ဆိတ်နို့ဆပ်ပြာ၊ မျက်နှာလိမ်းခရွမ်းများ၊ လက်သည်းဖျက်ဆေး၊ လက်သည်ဆိုးဆေးများ၊ ရေမွှေး (စပရေး)များအားကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိသော ကုန်စည်များတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ အလှကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရုံးတွင် (၄.၃.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်၌ အလှကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပါသည်။

         အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများကို အကျဉ်းချုံးပြောကြားပြီး၊  အခန်း(၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များစသည့်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစားအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“စက်သုံးဆီအရောင်းဆိုင်များ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေး”

               စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည်(၁.၃.၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ ဆူးလေးကုန်းကျေးရွာရှိ Nilar Yoma စက်သုံးဆီအရောင်းဆိုင်၌  စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှစက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ် မှန်ကန်မှုရှိစေရေး၊အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာရောင်းချရန် ရှင်းလင်းပြောကြားပြီး စက်သုံးဆီအရောင်းဆိုင်ရှိ Pump များမှ အထူးဈေးနှုန်းဖြင့်ရောင်းချနေသည့် စက်သုံးဆီများဖြစ်သော Diesel ၊ Premium Diesel များအား  (၂၀)လီတာဝင်စံခွက်ဖြင့် ချင်တွယ်၍ မှန်ကန်မှု ရှိ/မရှိစစ်ဆေးခဲ့ပါသည်။ဆက်လက်ပြီး စက်သုံးဆီအရောင်းဆိုင်ရှိ မန်နေဂျာရုံးခန်းတွင် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများဖြစ်သော စားသုံးသူအခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန် ၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့်စားသုံးသူများနစ်နာ ဆုံးရှုံးမှုရှိပါက Consumer Information & Cpmplaint Center (CICC)သို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။အလားတူ(၁-၃-၂၀၂၂)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံမှဦးဆောင်ပြီး ပြင်ဦးလွင်မြို့နယ်ရှိ Myint Myat Htut Kuhaung စက်သုံးဆီအရောင်းဆိုင်အား နိုင်ငံတော်မှသတ်မှတ်ထားသည့် အထူးစျေးနှုန်းများထက်  ကျော်လွန်၍  မရောင်းချရန် နှင့် အချင်အတွယ်မှန်ကန်မှုရှိစေရေး ၊  အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာရောင်းချရန်အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)                                                                                              

“မိတ္ထီလာမြို့၊မြို့မစျေးကြီးအတွင်း စားသုံးဆီများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးခြင်း’’

                စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီကုန်သည်ကြီးများနှင့်ပူးပေါင်းအဖွဲ့တို့သည် (၂၂.၂.၂၀၂၂) ရက်နေ့ (၉:၃၀)အချိန်တွင် မိတ္ထီလာမြို့ မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီဆိုင်များ၊ ကုန်စုံဆိုင်များတွင် (Vegetable Oil နှင့် Cooking Oil) ဟု တံဆိပ်ကပ်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား သိရှိနိုင်ပါရန် ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန်လိုအပ်သည့်အတွက် ညွှန်ကြားချက်အားထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် စျေးကွက်အတွင်း၌ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) ဟု ဖော်ပြချက်သည် ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ       ( Vegetable Oil နှင့် Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏအား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် (၁/၂၀၂၁) ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းညွှန်ကြားချက်သည် (၂၀-၆-၂၀၂၂) ရက် (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာတည်မည်ဖြစ်၍ စားသုံးဆိုင်များအနေဖြင့် ပြင်ဆင်ချိန် ယခုလိုပေးထားသော ကာလအတွင်း ရောင်းချနိုင်သော်လည်း၊ အာဏာသက်ရောက်သည့်နေ့မှစ၍ မရောင်းချစေရေး၊ အဆိုပါ ဆီများလာရောက်ပေးပို့သော လုပ်ငန်းရှင်များကိုလည်း မျှဝေပြောကြားသွားရန် စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ