Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်ရုံများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကေတုမတီမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကေတုမတီမြို့ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ပွင့်ဖြူအထည်ချုပ်စက်ရုံ၊ ရွှေလီဝါးတူစက်ရုံနှင့် ပန်းကမ္ဘာစက္ကူစက်ရုံများသို့ သွား ရောက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စက်ရုံများလည်ပတ်ရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချရေးတို့ကို စစ်ဆေးကြည့်ရှုပြီး ဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပါသည်။

              စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူစိတ်ကျေနပ်မှုရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းရှင်များအား မှာကြားပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံဦးမြင့်သူနှင့် ပူးပေါင်းအဖွဲ့သည် ကေတုမတီမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရေး စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့ရှိ ကုန်မျိုးစုံဆိုင်များသို့ (၇.၂.၂၀၂၂) နေ့တွင်လည်းကောင်း၊ ပြည်မြို့နယ်ရှိ ပေါင်းတလည်မြို့ပေါ်ကုန်မျိုးစုံဆိုင်များသို့ (၈.၂.၂၀၂၂) နေ့တွင်လည်းကောင်း၊ သဲကုန်းမြို့နယ်ရှိ ဆင်မြီးဆွဲစည်ပင်သာယာဈေးသို့ (၉.၂.၂၀၂၂) နေ့တွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့ပေါ်ကုန်မျိုးစုံဆိုင်များနှင့် ဈေးအတွင်းရောင်းချလျှက်ရှိသော ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများ ကုန်စည်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချကြရန်၊ သက်ဆိုင်ရာ အစိုးရဌာနများမှ တားမြစ်ထားသော ကုန်စည်များအား ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန်ကုန်စည်များအား သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်း Talk Show အစီအစဉ်များဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အများပြည်သူတို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေး ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် (၈.၂.၂၀၂၂)ရက်နေ့နှင့် ရွှေတောင်မြို့နယ်တွင် (၁၆.၂.၂၀၂၂)ရက်တို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ Talk Show အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ Talk Show များတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်များ၊ အခန်း (၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအကြောင်းနှင့် စားသုံးသူပြည်သူတို့အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပညာပေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးနှင့် ဌာနတာဝန်ခံများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြည်မြို့ ထမ္မကောက်ကျေးရွာရှိ နီလာရိုးမစက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နဝဒေးရပ်ကွက်ရှိ နီလာရိုးမစက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း သွားရောက်၍ ရရှိထားသည့် ခွဲတမ်းဆီများအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ဆီဆိုင်လုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ရောင်းချသော စက်သုံးဆီတို့နှင့်ပတ်သက်၍ သတင်းအချက်အလက်များကို စားသုံးသူပြည်သူများ သိရှိစေရန် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေဆောင်ရွက်ကြရန်၊ သတ်မှတ်အရည်အသွေး မပြည့်မီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်နှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန်၊ မိမိ ရောင်းချမည့် ကုန်စည်အား အထူးဈေးနှုန်းဖြင့် သတ်မှတ် အရေအတွက်အတိုင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန်နှင့် အချိန်အတွယ် မှန်ကန်မှုရှိစေရေး အသိပေးပြောကြား စိစစ်ဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ရွှေတောင်မြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရွှေတောင်မြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အိမ်တွင်းမှုလုပ်ငန်းမှသည် အကြီးစားစက်မှုလက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်ပို့ချသော အခြေခံအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းမှု နည်းပညာသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ သင်တန်းသို့ ရွှေတောင်မြို့နယ်အတွင်းမှ အိမ်တွင်းအခြေခံလျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းအား စိတ်ဝင်စားသူ(၂၀)ဉီး တက်ရောက်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာသူများအနေဖြင့် သင်တန်းဆင်းပြီးချိန်တွင် (ဝန်ဆောင်မှု) လုပ်ငန်းဖြစ်သည့် အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့နယ်ရှိ ဆီစက်သို့ ကွင်းဆင်းလေ့လာ

       သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့်အဖွဲ့သည် (၁၅.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် သာယာဝတီမြို့၊ ပန်းဆွဲလမ်းရှိ သင်္ဂဟဆီစက်သို့ သွားရောက်၍ ဆီကြိတ်ခွဲနိုင်မှု အခြေအနေများကို ဆီစက်ပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ဆီစက်ပိုင်ရှင်မှ တစ်လလျှင် ဆီပိဿာ (၁၀၀)ခန့် ကြိတ်ခွဲနိုင်ကြောင်း ဖြေကြားခဲ့ပါသည်။ ကျေးရွာ၊ ရပ်ကွက်များမှ လာရောက်ကြိတ်ခွဲခြင်းဖြစ်ပြီး မိသားစု တစ်နိုင်တစ်ပိုင် ကြိတ်ခွဲနေသော ဆီစက်ငယ်တစ်ခု ဖြစ်ပါကြောင်း  သိရှိရပါသည်။

 DOCA(ပဲခူး)

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ကျန်းမာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် (၁၁.၂.၂၀၂၂) ရက်နေ့ နံနက်တွင် မင်းလှမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း၌  ထောက်ခံချက်မပါရှိဘဲ နယ်စပ်မှတရားမဝင် တင်သွင်းလာသော အသားချောင်းများ စားသုံးမိ၍ ဘေးဉပါဒ် အန္တရာယ်ဖြစ်ပွားနေကြောင်း အများပြည်သူများသိရှိနိုင်ရေး၊ FDA ၏ အသိပညာပေးကြောငြာချက်အရ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးသည်များအား COVID ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပိုးသတ်ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေး

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်ထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ကျိုက်လတ်မြို့ပေါ်ရှိ ပိုးသတ်ဆေးအရောင်းဆိုင်များသို့ သွားရောက်တွေ့ဆုံပြီး တရားမဝင်ပိုးသတ်ဆေးရောင်းချမှုရှိ/မရှိ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ထား ရှိမှုရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်စွဲပါ/မပါ၊ထုတ်ကုန်လုံခြုံစိတ်ချမှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့နှင့် ဖြစ်ပေါ်နေသော အခက်အခဲများအား ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးခဲ့ရာတွင် ပိုးသတ်ဆေးဆိုင်များ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယခင်နှစ်ထက်ယခုနှစ်တွင် အရောင်းအဝယ်ကျဆင်းကြောင်းကို ပိုးသတ်ဆေးအရောင်းဆိုင်ရှင်များမှ ဆွေးနွေးတင်ပြကြပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၁:၃၀)အချိန်တွင် (၈)လမ်းဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်ဈေးကော်မတီအဖွဲ့များပူးပေါင်းပါဝင်၍ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil/Cooking Oil)နှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပါတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်ညွှန်ကြားချက်များအား ကြိုတင်သိရှိရပြီး ပြင်ဆင်ထားနိုင်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဈေးဆိုင်များအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးTalk Show ပြုလုပ်

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၈.၂.၂၀၂၂ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးTalk Show ပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show ပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များတို့ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သည့် ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရန်နှင့် ညွှန်ကြားချက်စတင်ထုတ်ပြန်သည့်နေ့မှစ၍ (၆) လပြည့်မြောက်ပြီး သည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ