နေပြည်တော်၊ နိုဝင်ဘာ ၁၅
“မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနအနေနဲ့ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်း ရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေး၊ စားသုံးသူအကာအကွယ် ပေးရေးစတဲ့ မဏ္ဍိုင်ကြီး(၆)ရပ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့အပြင် SMEs ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊
စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့သော်လည်း အကောင်အထည် ဖော်ဆောင်ရွက်ရာ၌အားနည်းချက်များ၊ အခက်အခဲများတွေ့ရှိရသဖြင့် အသစ်ပြန်လည်ရေးဆွဲခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေသစ်ကိုပြဌာန်းနိုင်ခဲ့ပါကြောင်း၊
စားသုံးသူကာကွယ်ရေးဥပဒေသစ်အရ ယခင်ကဖွဲ့စည်းခဲ့တဲ့ “စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီ” အစား “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်”ကို ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့ဝင် (၂၁)ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်တဲ့အတွက် ယခုကဲ့သို့ ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊
ကော်မရှင်အဖွဲ့ဝင်များအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေပါ ကော်မရှင်၏ လုပ်ငန်း တာဝန်(၁၂)ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း တာဝန်(၁၂)ရပ်အနက် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများချမှတ် ခြင်း၊ စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့် ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရန် ဦးစားပေး ကဏ္ဍများသတ်မှတ်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စု နယ်မြေ စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊ လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာ ကော်မတီနှင့် ခရိုင်စားသုံးသူရေးရာကော်မတီများဖွဲ့စည်းပေးခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ပေးခြင်း စတဲ့ လုပ်ငန်းတာဝန်(၄)ရပ်ကို ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပဏာမ ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ကော်မရှင်သို့တင်ပြသည့် အမှာစာများအား ရှင်းလင်း ဖတ်ကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနဲ့ စားသုံးသူပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူ အခွင့်အရေးနဲ့ အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်မှာဖြစ်တဲ့ အတွက် အဖွဲ့ဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။