Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဝယ်သူလည်းတန် ရောင်းသူလည်းကျန် အုတ်ဖိုနယ်ကကြံ

              ဆောင်းအကုန် နွေအကူးတွင် "အဝသောက်(၂၀၀/)"ကျပ် ဆိုသည့်ဆွဲဆောင်မှုအပြည့်ဖြင့် ကြံရည်ကြိတ် ရောင်းချသော အအေးဆိုင်ကလေးများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ အုတ်ဖိုမြို့နယ် အေးမြသာယာရွာနှင့် ပြည်တော်သာရွာများတွင် ရောင်းချနေကြခြင်းဖြစ်ပြီး ကြံစိုက်တောင်သူများနှင့် တွေဆုံမေးမြန်းရာ မိမိကိုယ်တိုင် စိုက်ပျိုးရောင်းချသူ (၁၅)ဦးခန့်ရှိပြီး  ကြံစည်းလိုက် တင်ပို့သူများလည်းရှိကြောင်း၊ တောင်သူတစ်ဉီးလျှင် တစ်ဧကမှ သုံးဧကအထိ စိုက်ပျိုး ထားကြောင်း သိရှိရပါသည်။ ယခုနှစ်အနေဖြင့် ဓါတ်မြေသြဇာစရိတ် မြင့်တက်မှုကြောင့်  တစ်ဧကလျှင် ကုန်ကျစရိတ် အနည်းဆုံး ရှစ်သိန်းဝန်းကျင်ခန့် ကုန်ကျပြီး အကျိုးအမြတ်မှာလည်း ရှစ်သိန်းနီးပါးခန့် အမြတ်ရရှိကြောင်း သိရှိရပြီး နှစ်စဉ်ဝါဆိုလတွင် စတင်စိုက်ပျိုးကြ၍ တပို့တွဲ၊ တပေါင်းလများတွင် ခုတ်ယူရောင်းချကြရာ နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့နယ်များသို့ တင်ပို့ရောင်းချရကြောင်းလည်း သိရှိရပါသည်။ အုတ်ဖိုမြို့နယ်ကို အလည်တစ်ခေါက် လာရောက်မည်ဆိုပါက ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အေးမြသာယာရွာကလေးနှင့် ပြည်တော်ရွာကလေးမှ "အဝသောက် ကြံရည်(၂၀၀/) " ကျပ်ဖြင့်အမောပြေ ဝယ်ယူသောက်သုံးနိုင်ကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(ပဲခူး)

ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာသိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၅.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

            နတ်တလင်းမြို့နယ်တာဝန်ခံရုံး၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ရေး ဉပ‌ဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်၍ လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခုဟင်းသီးဟင်းရွက်ဆီ  (Vegetable Oil, Cooking Oil) အမျိုးအစားနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာပေးရန် ၊ ပင်ရင်းပါဝင်ပစ္စည်း၊ ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊  (ဉပမာ- ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ အဆင့်မြင့် စားအုန်းဆီ) ၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက် သည် (၂၀.၁၂.၂၀၂၁)နေ့တွင် စတင်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်ပြီးသည့်နေ့မှ စတင်အာဏာ သက်ရောက်မည်ဖြစ်ပါကြောင်း ၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တာရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူပြည်သားတိုင်းသည် စားသုံးသူအခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်သည် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်း၍ ဥပဒေနှင့်အညီ စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရေးဆောင်ရွက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးကို အဓိကတာဝန်ယူဆောင်ရွက်လျှက် ရှိပါသည်။

               အပြည်ပြည်ဆိုင်ရာ စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုအနေဖြင့် ၁၉၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ပြဌာန်းခဲ့သော အစားအသောက်နှင့်ဆေးဝါး သီးသန့်အက်ဥပဒေသည် စားသုံးသူကာကွယ်ရေး၏ မူလအစ ဆောင်ရွက်ချက်ဖြစ်ပါသည်။ ၁၉၆၀ခုနှစ် နောက်ပိုင်းနှစ်များတွင် ဥရောပနှင့် မြောက်အမေရိကတိုက်တို့မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ လှုပ်ရှားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်၌ သမ္မတ John. F. Kennedy က စားသုံးသူအခွင့်အရေးများကို စတင်ဖော်ထုတ် အသိအမှတ်ပြုခဲ့ပါသည်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက်ကြောင့် စားသုံးသူကာကွယ်ရေး လှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အမှတ်(၃၉/၂၄၈)ဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာမူဝါဒ (၈)ခု ချမှတ်နိုင်ခဲ့ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့်လည်း ၂၀၀၇ ခုနှစ်တွင် အာဆီယံစားသုံးသူကာကွယ်ရေးညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်၌ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းကာ စားသုံးသူကာကွယ်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်၌ စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းထားပြီး စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျှက် ရှိပါသည်။

           စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်အဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်ကိုဆိုသည်ဟု စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ(က)တွင်လည်းကောင်း၊  စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်ဟု ပုဒ်မခွဲ(ခ) တွင်လည်းကောင်း တိကျစွာအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

             ကုန်ပစ္စည်းတစ်ခုကို ကိုယ်တိုင် စားသုံးရန် သို့မဟုတ် သုံးစွဲရန် ဝယ်ယူသူသည် လည်းကောင်း၊ တခြားသူတစ်ဦး၏ ပေးကမ်းထောက်ပံ့ခြင်း၊ မေတ္တာလက်ဆောင်ပေးခြင်း၊ လှူဒါန်းခြင်းကြောင့် စားသုံးခြင်း သို့မဟုတ် သုံးစွဲခြင်းပြုသူသည် လည်းကောင်း၊ ဝန်ဆောင်မှုတစ်ခုကို ကိုယ်တိုင် သုံးစွဲသူသည် လည်းကောင်း၊ တခြားသူတစ်ဦး၏ မေတ္တာဖြင့် ဝန်ဆောင်မှုရယူသူသည်လည်းကောင်း စားသုံးသူဖြစ်ပါသည်။ ပြည်သူတိုင်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ကိုယ်တိုင်သုံးစွဲရန်ဝယ်ယူခြင်း၊ ရယူခြင်းပြုရစမြဲဖြစ်ပါသည်။ ထို့အတူ အခြားသူတစ်ဦးဦး၏ ပေးကမ်း ထောက်ပံ့ခြင်း၊ မေတ္တာလက်ဆောင်ပေးခြင်း၊ လှူဒါန်းခြင်းကြောင့်လည်း သုံးစွဲခြင်း၊ ဝန်ဆောင်မှု ရယူခြင်းများပြုကြပါသည်။ ထို့ကြောင့်ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် စားသုံးသူဖြစ်သည်ဟု ဆိုရပါမည်။

          စားသုံးသူသည် မိမိဝယ်ယူစားသုံးသည့် အစားအသောက်၊ သုံးစွဲသည့် အသုံးအဆောင် ပစ္စည်း၊ ရယူသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စိတ်ကျေနပ်မှု ရရှိစေရပါမည်။ မိမိပေးလိုက်ရသော တန်ဘိုးနှင့် ညီမျှသည့် ကုန်စည်၊ မိမိပေးလိုက်ရသည့် တန်ဘိုးနှင့်ထိုက်တန်သော ဝန်ဆောင်မှုကို ရရှိစေရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုခွင့် ရရှိစေရ ပါမည်။ အန္တရာယ်ရှိနိုင်မှန်း သိလျက်နှင့် သုံးစွဲခြင်း၊ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရပါ။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် လိုအပ်သော သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့် ရှိရပါမည်။ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသောကုန်စည်၊ သတင်းအချက်အလက်များ မှန်ကန်စွာ အသိပေးထားသည့် ကြော်ငြာများပါသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူခွင့်ရှိရပါမည်။ ပြေစာ၊ အာမခံကတ်ပြား စသည့်အထောက်အထားများ ရယူခွင့်လည်းရှိရပါမည်။ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိရပါမည်။

          ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိရပါမည်။ ကုစားခွင့်ဆိုသည်မှာ ဥပဒေပါစကားရပ်ဖြစ်ပါသည်။ မိမိနစ်နာဆုံးရှုံးမှုအတွက် လုပ်ငန်းရှင်မှ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဘိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းတို့ကို ပြုလုပ်ပေးစေခွင့်ရှိရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် ရှိရပါမည်။ ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရပါမည်။

          စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဘိုးနှင့်အညီ ပေးချေရပါမည်။ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ရပါမည်။ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြည်ရပါမည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ နစ်နာ ဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ မရှိစေရေး ဈေးကွက်စောင့်ကြည့်လေ့လာခြင်းများကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် နိုင်ငံတစ်ဝှမ်း ဟောပြောပွဲများကျင်းပ၍ ဆောင်ရွက်နေစဉ် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားလာသဖြင့် လူစုလူဝေးဖြင့်ပြုလုပ်ရသည့် ဟောပြောပွဲများကို ရပ်နားခဲ့ရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်သာ ဆောင်ရွက်ခဲ့ရပါသည်။

            စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အခမ်းအနားဖြင့် ဆောင်ရွက်ခြင်း မပြုနိုင်သော်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများသို့ အရောက်သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများခန့်အပ်ပြီး ရုံးချုပ်မှစနစ်တကျ လေ့ကျင့်သင်တန်းပေးကာ ဈေးကွက်အတွင်း ရှိကုန်စည်များတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များမရှိစေရေး ဈေးကွက် စောင့်ကြည့်လေ့လာခြင်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျှက်ရှိပါသည်။

           စားသုံးသူအခွင့်အရေးများနှင့်ပတ်သတ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူပြည်သူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာ ရရှိနိုင်မည်ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉) ပုဒ်မ ၄၄ တွင် စားသုံးသူပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးထားပါသည်။ ပုဒ်မ ၄၄ အရ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ အစည်း တစ်ခုခုသည် စားသုံးသူနစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ သက်သေအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပါသည်။ ထိုသို့တိုင်ကြားရာတွင် နစ်နာသည့် စားသုံးသူကိုယ်တိုင်သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များက သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူနှင့် ဆက်နွယ်သော ပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အစိုးရဌာန အဖွဲ့အစည်းများကသော်လည်းကောင်း၊ စားသုံးသူဆိုင်ရာအသင်းအဖွဲ့များကသော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center - CICC) ကို ဖွင့်လှစ်ထားရှိပါသည်။ စားသုံးသူပြည်သူများသည် လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။ CICC များက လိုအပ်သော အချက်အလက်များ ဖြည့်သွင်းခြင်း၊ အထောက်အထားများ ယူခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ထို့အတူ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www .doca .gov .mm သို့လည်း ဝင်ရောက်၍ တိုင်ကြားနိုင်ပါသည်။

           သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးသည် စားသုံးသူတိုင်ကြားလာမှုနှင့် ပတ်သက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဦးစီးမှူးရုံးများ၏ စီမံခန့်ခွဲ ပိုင်ခွင့်ကို ကျော်လွန်သော ဖြစ်စဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာ ကော်မတီများသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ စားသုံးသူများ နစ်နာဆုံးရှုံးစေမှုအတွက် လိုအပ်ပါက တရားစွဲဆိုသည်အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။

         သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ နစ်နာဆုံးရှုံးမှုများကိုသော်လည်းကောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိကြောင်း သိရှိရလျှင်သော်လည်းကောင်း စားသုံးသူရေးရာဦးစီး ဌာနသို့ သတင်းပေးတိုင်ကြားခြင်းဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စားသုံးသူပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်အတွင်း အထူးဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချသည့် တောင်ငူမြို့၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ Denko (Taungoo) စက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိပြီး Premier Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်တာဝန်ခံနှင့်အတူ ရေတာ ရှည်မြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၁၉၂ ရှိ Petro K (Yedashe) သို့ ရောက်ရှိပြီး Premier Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စက်သုံးဆီများ၏ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရေးတို့ကို မှာကြားခဲ့ပါသည်။

           စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသည့် စက်သုံးဆီကုမ္ပဏီများမှ နိုင်ငံခြားငွေ ရရှိမှုအပေါ်မူတည်၍ စက်သုံးဆီများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်များနှင့် facemask များ ဖြန့်ဝေ

      နှစ်စဥ်မတ်လ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ စားသုံးသူရေးရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြရာ ၂၀၂၂ ခုနှစ်၊မတ်လ ၁၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၁၅ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မုံရွာမြို့၌ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ facemask များ ဖြန့်ဝေပေးခဲ့ပါသည်။

      အဆိုပါလက်ကမ်းစာစောင်များတွင် စားသုံးသူများ၊စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် အချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊Digital ငွေကြေးသုံးစွဲခြင်းနှင့်ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ်ဆောင်ရန်/  တာဝန်များ၊ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအပါအဝင် လိုက်နာရမည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုကို ဝယ်သူသုံး စွဲရာတွင်စားသုံးသူနစ်နာမှုကြုံရပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင် သည့်နည်းလမ်းများ၊ ဌာနမှဝန်ဆောင်မှုပေးလျက်ရှိသော Consumer Call Center သို့ဆက်သွယ် ခြင်းနှင့် ပတ်သက် သည့်အချက်များ စသည်တို့ပါဝင်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

 

နွေရာသီကာလ၌ အေးခဲအသားရောင်းချမှုကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးဌာနအနေဖြင့် ပြည်ပနိုင်ငံထုတ် စားသောက်ကုန်များနှင့် ဒေသတွင်းထုတ် စားသောက်ကုန်များ(MSME) ရောင်းချလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်း ဥပဒေများအား သိရှိလိုက်နာစေရန်၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်စေရန်၊ စားသုံးသူပြည်သူများ မိမိတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်၊ ကျန်းမာရေးဘေးဥပါဒ်အန္တရာယ်များ မဖြစ်ပေါ်စေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျှက်ရှိပါသည်။

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျိုင်းတုံမြို့ မြို့မဈေးအတွင်းရှိ အေးခဲအသားအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော အေးခဲအသားအရောင်းဆိုင်များအား ယခုအခါ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်သောကြောင့် အေးခဲအသားများရောင်းချရာတွင် ရေခဲသေတ္တာ၊ ရေခဲပုံး၊မှန်ဘောင်ရေခဲအောက်ခံစသည်တို့ဖြင့် နည်းစနစ်ကျကျရောင်းချကြရန်၊ မှန်ဘောင်အတွင်းသို့ မိမိရောင်းချသည့် ကုန်ပစ္စည်းနမူနာများကိုသာ ခင်းကျင်းပြသထား၍  ဈေးဝယ်သူများ ရောက်ရှိလာမှသာ ရေခဲပုံး/ရေခဲသေတ္တာအတွင်းမှ ထုတ်ယူ၍ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့် လျော်ညီစွာရောင်းချကြရန်၊ တရားဝင်ခွင့်ပြုချက်ရရှိထားသော အေးခဲအသားများကိုသာ ရောင်းချကြရန်၊ ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သော အေးခဲအသားများ ရောင်းချခြင်းမပြုကြရန်၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်စည်းကမ်းများလိုက်နာခြင်းမရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ အရေးယူခံရနိုင်မည့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပခုက္ကူခရိုင်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊မြိုင်မြို့နယ် တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် မတ်လ(၁၇)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူမြို့တွင်းရှိ ကုန်စုံဆိုင်များ၌ လည်းကောင်း၊ မြိုင်မြို့ စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်တို့တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ကုန်ရောင်းချသူ ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိရောင်းချသည့်ကုန်စည်နှင့် ပတ်သက်၍  ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)

" ပခုက္ကူမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အသိပညာပေး လှုပ်ရှားဆောင်ရွက်"

             မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ဒုတိယခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် မတ်လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန် တွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပခုက္ကူမြို့ပေါ်ရှိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသောဆိုင်များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         ခရိုင်ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ် လာပုံအကြောင်း၊ (၂၀၁၆)ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ၂၀၂၂ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာစားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားသော "ညီညွှတ်မျှတ ဒဏ်ဂျစ်တယ်ငွေ ကြေးကဏ္ဍ" ဆောင်ပုဒ်နှင့်အညီ ထုတ်ပြန်ထားသော အချက်အလက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာကိစ္စများ မေးမြန်းရန်အတွက်လည်း Consumer Call Center အား စတင်ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ စားသုံးသူ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့်တို့နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကိုသိရှိရန်လိုအပ်ကြောင်း၊ လိုက်နာရမည့်တာဝန်များလည်းရှိကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အညီ လိမ်လည်မှုများလည်း နည်းလမ်းအမျိုးမျိုးရှိနေသည့်အတွက် ငွေကြေးပိုင်းဆိုင်ရာများ ထိခိုက်နစ်နာမှုရှိနိုင်၍ အသိ၊ သတိများရှိစေလိုပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများတွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ ဖြေရှင်းပေးရသည့် တိုင်ကြားမှုများမှာ အများဆုံးဖြစ်နေသောကြောင့် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ပို့စကဒ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် မြန်မာနိုင်ငံစားသုံးသူကော်မရှင်မှ ထုတ်ပြန်သည့်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)

                                     

တရားမဝင်စက်ဆီ၊ ချောဆီများရောင်းချမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၁.၃.၂၀၂၂ နှင့် ၂၂.၃.၂၀၂၂ ရက်နေ့များတွင်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ မြို့နယ်များသို့ စက်ဆီ၊ ချောဆီများ လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၇)အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း တရားမဝင်စက်ဆီ၊ ချောဆီများဖြန့်ဖြူးရောင်းချနေမှုကြောင့် နိုင်ငံတော်အတွက် အခွန်ခများနစ်နာကြောင်း၊ အရည်အသွေးမမှန်သည့် စက်ဆီ၊ ချောဆီများရောင်းချမှုကြောင့် စားသုံးသူများ၏ စက်ပစ္စည်းများပျက်စီးမှုရှိကြောင်း၊ အရည်အသွေးအာမခံချက်မရှိခြင်းကြောင့် စားသုံးသူကာကွယ်ရေး  ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်မှုမရှိခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် တရားဝင်လိုင်စင်ရယူဆောင်ရွက်သည့် ကုမ္ပဏီများမှ တင်သွင်းထုတ်လုပ်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (PPRD Code No) ပါ Product များကိုသာ ဖြန့်ဖြူး ရောင်းချကြရန်နှင့် တရားမဝင်စက်ဆီ၊ ချောဆီများဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ကချင်)

မိတ္ထီလာခရိုင်အတွင်း အထူးစျေးနှုန်းဖြင့်ရောင်းချနေသော စက်သုံးဆီဆိုင်များသို ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ မတ်လ (၇)ရက် မွန်းလွဲ (၁၀၀၀)နာရီ အချိန်တွင် သာစည်မြို့နယ်ရှိ ကျော်စံစက်သုံးဆီ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသော ကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင်စံခွက်ဖြင့်ချိန်တွယ် စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိနှင့်နေ့စဉ် ရောင်းချမှုစာရင်းနှင့် စျေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး မိမိတို့ဌာနသို့ နေ့စဉ် ဖုန်း(သို့မဟုတ်) Viber ဖြင့် စာရင်းပေးပို့ရန် ခွဲတမ်းရရှိမှု တစ်ကြိမ်ပြီးတိုင်း စာရင်းချုပ်ပြုစုပေးပို့ရန် ပြောကြားခဲ့ပါသည်၊၊

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ