လူသားအားလုံးကျန်းမာရေးအတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်သည်။ ယခုတင်ပြလိုသည်မှာ အာဟာရအကြောင်း တင်ပြလိုခြင်းဖြစ်သည်။ ကျန်းမာရေးကို အထောက်အကူဖြစ်သော အစားအစာသည် အာဟာရကို ဖြစ်စေပြီး ကျန်းမာရေးကို အထောက်အကူ မပြုသော အစားအစာသည် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသည်ဟု သမားတော်များ၏ ပြောစကားအရ မှတ်သားဖူးသည်။ ယနေ့ခေတ် ဆိုးဆေးများနှင့်မကင်းသော စားသောက်ကုန်များ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်တွေ့နေရပြီး အရောင်လှလှ၊ အနံ့ အရသာကောင်းမွန်မှုနှင့် ဈေးနှုန်းချိုသာမှုတို့က စားသုံးသူကို ဆွဲဆောင်လျှက်ရှိသည်။ အထူးသဖြင့် ပွဲလန်းသဘင်ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများတွင် ရွေးချယ်ဝယ်ယူစရာ များပြားလှသည်။
အစားအစာ အာဟာရဟု ဆိုလိုက်တာနှင့် စားသုံးသူကာကွယ်ရေးနှင့် သက်ဆိုင်လာသည်။ “စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုသည်” ဟု စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂(က)တွင် ပြဌာန်းထားသည်။ အဆိုပါပုဒ်မအရ စားသုံးသူမှာအခွင့်အရေးရှိသည်။ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရ မည်။ စားသုံးသူနစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကော်မရှင်အဖွဲ့နှင့် ကော်မတီအဖွဲ့ များက သတ်မှတ်ဖြေရှင်းပေးရမည်ဖြစ်ပြီ မျှတမှုလည်း ရှိရမည်ဖြစ်သည်။
စားသုံးသူနစ်နာမှုအပိုင်းတွင် လတ်တလောနစ်နာမှုနှင့် မသိမသာသဖြင့် တစ်ဖြည်းဖြည်းခြင်း နစ်နာမှုဟူ၍နှစ်မျိုးတွေ့ရသည်။ လတ်တလောနစ်နာမှုကို စားသုံးသူအခွင့်အရေးအရ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်သော်လည်း မသိမသာဖြင့် တစ်ဖြည်းဖြည်းနစ်နာမှုအပိုင်းတွင် အခြေခံဖြစ်စဉ် ကို ပြန်လည်သုံးသပ်ရန် ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်အတွင်းရှိ စားသောက်ကုန် များသည် ကျန်းမာရေးနှင့်ညီညွတ် အောင်ထုတ်လုပ်ထားမှုက နည်းပါသည်။ ဥပမာ- ဖော်မလင် သုံးစွဲထားသော စားသောက်ကုန်များ၊ ဓါတုပိုးသတ်ဆေးဓါတ်ကြွင်းများရှိသော ဟင်းသီးဟင်းရွက် များ၊ Monosodium Glutamate ကဲ့သို့သော ဓါတ်တိုးဟင်းခတ်မှုန့်များ၊ အက်ဖာတောင်ဆင် ဖြစ် နေသည့် မှိုတက်အခြောက်မှုန့်များ စသည်တို့ဖြစ်သည်။ အဆိုပါ စားသောက်ကုန်များတွင် ဆိုးဆေး ဖြင့် ပြုလုပ်ထားမှုကိုသာ မျက်မြင်တွေ့နိုင်ပြီး ကျန်ရှိသော ဘေးအန္တရာယ်ရှိ စားသောက်ကုန်များမှာ မျက်မြင်တွေ့နိုင်သည့် အရာများမဟုတ်ဘဲ ဓါတ်ခွဲစမ်းသပ်နိုင်မှသာသိနိုင်သည်။ ဘေးအန္တရာယ်ရှိ သည်ဟု ယူဆရသော စားသောက်ကုန်အား ဓါတ်ခွဲစမ်းသပ်ရန် အဆင့်ဆင့်ပေးပို့ရပြီး စစ်ဆေးချက် အဖြေရရှိရန် အချိန်ယူရသည်။ ၎င်းအချက်ကို အကာအကွယ်ယူပြီး လုပ်ငန်းရှင်များ ရည်ရှည် ရပ်တည်နေကြသလားဟု သံသယဖြစ်ဖွယ်ရှိသည်။
တားမြစ်ဆိုးဆေးများ၊ ကြာရှည်ခံဆေးများပါဝင်သည့် စားသောက်ကုန်များသည် စားသုံးသူ များအား လတ်တလောနစ်နာမှုကို မဖြစ်စေဘဲ မသိမသာဖြင့် တစ်ဖြည်းဖြည်းနစ်နာမှုကို ဖြစ်စေ သည်။ နိုင်ငံအနှံအပြားတွင် ဆေးရုံဆေးခန်းများတိုးပွားလာခြင်း၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာကဲ့သို့ သော ဝေဒနာရှင်များတိုးပွားလာခြင်း၊ လူ့သက်တမ်းတိုလာခြင်းတို့က အထက်ဖော်ပြပါ အချက်များကို သတိပြုသင့်ပြီဟု သတိပေးနေခြင်းပင်ဖြစ်သည်။
စာရေးသူအနေဖြင့် တာဝန်ထမ်းဆောင်ရာ ဒေသများတွင် ဌာနလုပ်ငန်းတာဝန်အရ အများ ပြည်သူများနှင့် စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရာမှာ မေးလေ့ မေးထရှိသော မေးခွန်းရှိပါသည်။ ယနေ့ဟောပြောပွဲနှင့်ဆက်စပ်ပြီး ဖြေရမယ့် မေးခွန်းဖြစ်ပါသည် ဟု ကြိုပြောရပါသည်။ “မီးဖိုခန်းနှင့်တိုက်ရိုက်ဆက်သွယ်နေသော အခန်းရှိတယ်။ အဲ့ဒီအခန်းက ဘယ်အခန်းဖြစ်မလဲ။ ပထမဆုံးဖြေနိုင်တဲ့သူ ဖုန်းဘေလ်ဆုချမယ်” စသည်ဖြင့် မေးလေ့ရှိပါသည်။ ပရိတ်သတ်တွေက စီညံစီညံအသံလေးတွေထွက်လို့ အမျိုးမျိုးဖြေကြပါသည်။ အိမ်သာ၊ ရေချိုးခန်း၊ ဧည့်ခန်း စသည်ဖြင့် ဖြေကြပါသည်။ အဖြေမှန်မရတော့ အရိပ်အမြွက် ပြောရပါသည်။ လူကြီးမင်း တို့ရဲ့ မီးဖိုချောင်မှာ Monosodium Glutamate တွေပါတဲ့ ဟင်းချိုမှုန့်တွေရှိလား၊ ဖော်မလင်တွေ ထည့်သုံးထားတဲ့ အသင့်စားအသားဗူးတွေ၊ စည်သွပ်ဗူးတွေရှိလား၊ ဆိုးဆေးတွေသုံးထားတဲ့ အရောင်တင်မှုန့်တွေရှိလား၊ စားအုန်းဆီတွေ၊ မှိုတက်နေတဲ့အသားချောင်းတွေ၊ ပိုးသတ်ဆေး၊ ကြာ ရှည်ခံဆေးတွေပါတဲ့ အသီးအရွက်တွေရှိလား။ အိမ်တိုင်းရှိကြပြီး နေ့တိုင်းလည်း စားသောက်နေကြ ပါသည်။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာသည် အာဟာရကို မဖြစ်စေဘဲ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်စေသောကြောင့် မိသားစုကျန်းမာရေးကို ချို့တဲ့ထိခိုက်စေပါသည်။ နာမကျန်းဖြစ်လာပါက သွားရောက်ရမည့်နေရာသည် ဆေးရုံဆေးခန်းဖြစ်ပါသည်။ ထိုအခါမှ ပရိတ်သတ်များ အဖြေမှန်ရကြပြီး မီးဖိုချောင်နှင့်ဆက်သွယ်နေသော အခန်းမှာ ဆေးရုံဆေးခန်းဖြစ်သည်ဟု သိသွားကြသည်။ အဆိုပါလမ်းကို ဖြတ်တောက်နိုင်မှာ သက်ရှည်ကျန်းမာ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။
ပရိတ်သတ်များမှ ပြန်မေးကြပါသည်။ ဒီလို အန္တရာယ်များသော စားသောက်ကုန်များ နိုင်ငံအတွင်း အဘယ့်ကြောင့်အဝင်ခံသနည်း။ ဈေးကွက်တွင်း အဘယ့်ကြောင့် ရောင်းချခွင့်ပြု သနည်း စသည်ဖြင့် မေးကြသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် အတတ်နိုင်ဆုံး စစ်ဆေး အရေးယူခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ပူးပေါင်းအဖွဲ့များဖြင့် မီးရှို့ဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူသတိပေးခြင်း၊ ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းရပါသည်။
တာဝန်ရှိသူများအနေဖြင့် မည်သို့ဆောင်ရွက်စေကာမူ ယိုပေါက်ဆိုသည်မှာ ရှိသည်။ မည်သို့ ပင် ပိတ်ပင်တားဆီးသော်လည်း မသမာသူများအနေဖြင့် နည်းမျိုးစုံဖြင့် အမည်ပြောင်း၊ အရောင် ပြောင်းကာ တင်သွင်းရောင်းချမှုများ ရှိနေသည်။ ယိုပေါက်များကို လိုက်ပိတ်ရန်မှာ အလွန်ခက်ခဲလှ သည်။ ထို့ကြောင့် ပိတ်နိုင်သောအပေါက်တစ်ပေါက်ကို မိမိအသိဖြင့် ပိတ်နိုင်ရန်လိုအပ်ပါသည်။ ထို အပေါက်မှာ မိမိပါးစပ်ပေါက်ပင်ဖြစ်သည်။ ရောဂါအစ အစာအိမ်ကဟု ဆေးဝါးပညာရှင်များက ပြောကြသည်။ ထို့ကြောင့် အန္တရာယ်ရှိသော စားသောက်ကုန်များ မိမိပါးစပ်ပေါက်မှတစ်ဆင့် ရောဂါ မရရှိနိုင်ရေး မိမိအသိ၊ မိမိသတိဖြင့် ဆင်ခြင်သုံးသပ်စားသောက်ခြင်း ပြည်သူတစ်ရပ်လုံး ပူးပေါင်းလိုက်နာပါဝင်ခြင်းဖြင့် လူသားအားလုံးကျန်းမာပျော်ရွှင်သော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း တင်ပြလိုက်ပါသည်။
DOCA(စစ်ကိုင်း)