Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ ( စုံစမ်းစစ်ဆေးရေးအဖွဲ့ ) ဖြင့် ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး ) ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ(စုံစမ်းစစ်ဆေးရေးအဖွဲ့) ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

      အဆိုပါ ရေသန့်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝ မှန်ကန်ရမည်ဖြစ်ကြောင်း၊ ရေဘူးများကို စင်ပေါ်တွင် စနစ်တကျတင်ထားရန်နှင့် ရေဘူးများကို သေချာသန့်စင် စစ်ဆေးဆေးကြောပြီးမှ ရေများကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ ( CICC ) အား တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ လုပ်ငန်း လိုင်စင်များရယူထားခြင်း ရှိ/မရှိ၊ COVID – ၁၉  ကာလအတွင်း ရေသန့်စက်ရုံများ လိုက်နာ ဆောင်ရွက်ရန်ချမှတ်ထားသော ညွှန်ကြားချက်များ၊စည်းကမ်းချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ၊  စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေခြင်း ရှိ၊မရှိ  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထ ညွှန်ကြားရေးမှူး)၊ စစ်ဆေးအရာရှိတာဝန်ခံ၊ ဌာနခွဲတာဝန်ခံ၊ မြင်းမူ၊ မြောင်မြို့နယ် တာဝန် ခံများနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍  မြင်းမူ၊ မြောင် စည်ပင်သာယာဈေးများသို့ COVID – 19  ကာကွယ်ရေးဆိုင်ရာကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးသူ/သားများအား စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးကုန်များ ပြည့်စုံစွာ ပါရှိသည့် ကုန်စည်များကို ရွေးချယ်ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။   

        ဆက်လက်၍ ရောင်းချနေသော စားသုံးကုန်စည်မှ သက်တမ်းလွန်၊ FDA တားမြစ် စားသောက်ကုန်များ  တားမြစ်ခြင်းလည်း ဆောင်ရွက်ခဲ့ပြီး ဈေးပိုင်ရှင် များအား လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ဒန့်သလွန်စိုက်တောင်သူများနှင့်တွေ့ဆုံကွင်းဆင်းလေ့လာခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်အရ (၂၇.၅.၂၀၂၀)ရက်နေ့၊ (၁၄:ဝ၀) အချိန်တွင်  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ကန်တော်ကျေးရွာရှိ ဒန့်သလွန်စိုက် တောင်သူများနှင့်သွားရောက်၍ ဒန့်သလွန် စိုက်ပင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ သုံးစွဲမှုများ အခြေအနေများနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆွေးနွေးရာတွင် ကန်တော်ကျေးရွာတွင် ဒန့်သလွန်စိုက် တောင်သူ (၆)ဦး ရှိပြီး ဒန့်သလွန်စိုက်ဧက(၇.၂၀)ဧကရှိကြောင်း၊ အပင်သက်မှာ (၆/၇)လမှ (၈/၉)ရှိပြီး ပင်ကြားအကွာအဝေးမှာ (၅တောင်/၇တောင်/၈တောင်/၉တောင်) ပတ်လည်ဖြင့် အိန္ဒိယမျိုးကို စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် (၃၀ဝ)ပင်ခန့်ဆန့်ဝင်ပြီး  (၆)လအကြာတွင် အသီး စတင်သီးကြောင်း၊ မျိုးစေ့တစ်ထုပ် (အစေ့ ၅၀ဝ) ခန့် တစ်ထုပ်လျှင် (၇၀ဝ၀ဝ) ကျပ်ဖြင့် ဝယ်ယူရရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ (ရေတွင်း/ ရေပိုက်) မပါ (၃၀ဝ၀ဝ ကျပ်မှ ၅၀ဝ၀ဝ ) ကျပ် ဝန်းကျင်ရှိကြောင်း၊ ၂ လသားမှစ၍  တစ်လတစ်ကြိမ်နွားချေး၊ ဓာတ်မြေသြဇာနှင့် စစိုက်သည့် အချိန်မှ (၇)ရက်တစ်ခါ ပိုးသတ်ဆေးသုံးစွဲကြောင်း၊ မြေသား/ ယာမြေ/ နုန်းမြေ အမျိုးအစားများ ကြိုက်နှစ်သက်ရကြောင်း သိရှိရသည်။

    ကန်တော်ကျေးရွာအနေဖြင့် ဒန့်သလွန်စသီးနှံကို စမ်းသပ်စိုက်ပျိုးဆဲ ကာလဖြစ်၍ သမားရိုးကျနည်းဖြင့်သာ စိုက်ပျိုးကြောင်း၊ ဆက်လက်စိုက်ပျိုးရန် အခြေအနေများ မရှိသေးပါကြောင်း၊ ဧပြီလမှာ စတင်သီးပြီး ယနေ့အချိန်ထိ (၄) ကြိမ် အသီးခူးဆွတ်ပြီးဖြစ်ပါ၍ တစ်လလျှင် (၄) ကြိမ်ဝန်းကျင်ခန့် အသီးခူး ဆွတ်နိုင်မည်ဟု ခန့်မှန်းရပြီး ပထမဖြတ်တွင် (၃)လ (၁၂)ကြိမ်ခန့် ခူးဆွတ်နိုင်ပါက တစ်ဧကလျှင် (၁)ကြိမ် အသီး/တောင့် (၁၂၀ဝ)တောင့် နှုန်းဖြင့် (၁၂)ကြိမ် (၁၄၄၀ဝ) တောင့်၊ တစ်တောင့်လျှင် ပျမ်းမျှ(၃၅) ကျပ်နှုန်းဖြင့် ဝင်ငွေ(၅၀၄၀ဝ၀)ကျပ် ရရှိမည်ဖြစ်ပြီး တစ်ဧကကုန်ကျစရိတ်မှာ (၃၀၉၉၀ဝ)ကျပ် ဖြစ်၍ တစ်ဧကလျှင် အကျိုးအမြတ်မှာ (၁၉၄၁၀ဝ) ကျပ်ခန့် ရရှိမည်ဟု ခန့်မှန်းရပါကြောင်း၊ မိမိတို့အနေဖြင့် ယခုလမှစတင်၍ စမ်းသပ်စိုက်ပျိုးဆဲကာလဖြစ်၍ အသီး/အတောင့် အထွက် ကို တစ်လလျှင် (၄)ကြိမ် ဖြင့် (၃)လခူးဆွတ်ရခြင်း၊ (၁၂)ကြိမ်ဖြင့်သာ တွက်ချက်ဖော်ပြ ထားခြင်းဖြစ်ပါကြောင်း၊ တစ်နှစ်လျှင်အကြိမ်ရေမည်မျှ ခူးဆွတ်ရမည်ကို မသိသေးပါကြောင်း၊ ဒန့်သလွန်သီး၏အရှည်မှာ (၁.၅ဒ/၂ဒ/၂.၅ဒ)ခန့်ရှိကြောင်း၊ ကန်တော်ကျေးရွာမှ ထွက်ရှိသော ဒန့်သလွန်သီးများကိ အရာတော်မြို့နယ်ပွဲစားများမှ (ဂျွန်) တစ်တောင့်လျှင် (၃၅)ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြောင်း၊ COVID– ၁၉  မတိုင်ခင်က တစ်တောင့် လျှင် (၁၀ဝ/၁၂၀) ကျပ်ရရှိကြောင်း၊ မြို့နယ်မှ ကန်တော်ကျေးရွာအပြင် ရုံးကားအုပ်စု၊ ထီးဆောင်း၊ ထိန်ကန်၊ ခွက်ခွင်း၊ ငကင်းနှင့် မဓုရကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း၊ ယခုနောက်ဆုံးဆွတ်သော (၂.၅ဒ) အရှည် ရှိသော အတောင့် (၈၀ဝ) ပါတစ်အိတ်လျှင် (၅၀ဝ၀) ကျပ်နှုန်းဖြင့် ကားခပေးချေ၍ တစ်တောင့်လျှင် (၆၅) ကျပ်နှုန်းဖြင့် ရန်ကုန်အရောက် ပေးပို့ရောင်းချကြောင်း၊ မိမိတို့ဒန့်သလွန်သီးများအား အသီး/တောင့်မှလွဲ၍ အရွက်၊ အစေ့၊ အဆီ၊ အမှုန့်နှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များ မရှိသေးပါကြောင်း  သိရှိရပါသည်။

    လိုအပ်မှုတင်ပြချက်များအနေဖြင့် ရေအခက်အခဲရှိ၍ ရေတွင်းတူးရာတွင် အပေါ်ကြော(၃၀ဒ) (၅)ပေါက် တွင်း တစ်တွင်းတူးလျှင် (၁၀ဝ၀ဝ၀ဝ)ကျပ်ခန့်၊ အောက်ကြော (၄၀ဝဒ) ကျော်လျှင် တစ်တွင်း (၁၀ဝ၀ဝ၀ဝ) ကျပ်မှ (၁၂၀ဝ၀ဝ၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ထိုကဲ့သို့ ရေရရှိရန်အတွက် နေရောင်ခြည်နှင့် ရေထွက်နိုင်အောင်   ဆောင်ရွက်ပေးနိုင်လျှင် ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးခြင်း နည်းပညာမှာသမားရိုးကျစိုက်ပျိုးခြင်း သာဖြစ်ပြီး ပိုမိုသာလွန်သော စိုက်ပျိုးရေးနည်းပညာများရှိပါက ရယူလိုကြောင်း၊ ခူးဆွတ် သည့် အချိန်တွင် ဝယ်ယူသူမှ လာရောက်ခူးဆွတ်ခြင်းဖြစ်၍ကုန်ကျစရိတ်မရှိပါကြောင်း၊ ရာသီဥတုနှင့် အပင်အခြေအနေပေါ်မူတည်၍ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများသုံးစွဲ ကြောင်း၊ ထွက်ရှိသောဒန့်သလွန် သီးများကို အရာတော်မြို့နယ်ပွဲစားများမှ လာရောက် ဝယ်ယူပြီး Online မှရှာဖွေ၍လည်း ဈေးကွက်ရှာဖွေ ကြောင်း၊  ဈေးကွက်များကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

လယ်ယာထုန်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

         လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ(၁) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

       အစည်းအဝေးတွင်  လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူထားသော စပါးများအား ကြိတ်ခွဲပြီး ဆန်ပြန်လည် အပ်နှံပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စပါးဝယ်ယူပေးနိုင်သောကုန်သည်များကို တင်ဒါစနစ်ဖြင့် ၂၀၁၉ ခုနှစ်ထွက် စပါးများဝယ်ယူခြင်း၊ ဆန်စပါးပြန်လည်ပေးသွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုပြီး တင်ဒါအောင်မြင်သူများအနေဖြင့် သဘောတူစာချုပ်ပါ  အချက်အလက် အတိုင်းလိုက်နာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုနှစ်ဆောင်ရွက်သောလုပ်ငန်းစဉ် အောင်မြင်မှုရရှိမှသာ လာမည့်နှစ်တွင် မိုးစပါးအခြေခံဈေးနှုန်းသတ်မှတ်၍ တောင်သူများထံမှ ဝယ်ယူပေးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံဈေးနှုန်းသတ်မှတ်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူပြီး စီးပွားရေးရာကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် အခြေခံဈေးနှုန်းဖြင့် စမ်းသပ်ဝယ်ယူခဲ့မှုအပေါ် ပြန်လည်သုံးသပ်ပြီး အခြေခံဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ဆက် လက်ဝယ်ယူနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာချုပ်ဖောက်ဖျက်မိပါက ဥပဒေအရအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိလျှင်လည်း တင်ပြပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များက စပါးကြိတ်ခွဲပြီးစီးမှု၊ ဆန်များ ပြန်လည်အပ်နှံပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းများလီမိတက်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ဆန်စပါးများအား ပိုးသတ်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားသည်။

   အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းများလီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်းငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစပါးကုန်သည်များအသင်းတို့မှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန

အစေ့ထုတ် ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်အခမ်းအနား ကျင်းပ

            ပြောင်းစိုက်တောင်သူများပါဝင်သည့် အစေ့ထုတ် ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၆)ရက်နေ့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဆောင်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဉီးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုးရေးပညာရှင်၊ အသင်းအဖွဲ့များ၊ ကုန်သည်အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုသည် ပုဂ္ဂလိကကဏ္ဍများစီးပွားရေးအောင်မြင်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မှီတည်နေ သည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေ ချောမွေ့လာအောင် နိုင်ငံတော်ဘက်မှ လိုအပ်တဲ့ဖြေလျှော့ပေးမှုများ၊ လုပ်ငန်းလွယ်ကူလျင်မြန်ချောမွေ့စေရေး အစီအမံများကို စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ စျေးကွက်စီးပွားရေးစနစ်ကို အဟန့်အတားဖြစ်စေသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေမယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းများကိုရေးဆွဲပြဋ္ဌာန်းပေးခြင်းစသည့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းကို နှစ်စဉ် ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပတင်ပို့မှုအပိုင်းတွင်လည်း အာဆီယံဒေသတွင်း နိုင်ငံပေါင်း (၁၀)နိုင်ငံအနက် ဒုတိယအများဆုံးတင်ပို့သောနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက (၁.၉) သန်းခန့်ရှိရာ ပြောင်းအထွက်တန်ချိန် (၃)သန်းခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ကယား၊ ကရင်၊ ဧရာဝတီတိုင်း၊ နေပြည်တော် စသည့်မြို့နယ်များမှ ထွက်ရှိသောပြောင်းများကို တရုတ်စျေးကွက်သို့ အများဆုံးတင်ပို့လျှက်ရှိရာ ပြောင်း အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကစ၍ လျော့နည်းဝယ်ယူလာခြင်းကြောင့် စျေးနှုန်းများဆက်တိုက်ကျဆင်းခဲ့သည့်အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ရေမြေရာသီဉတုအရပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေအနေကောင်း၊ အခွင့်အလမ်းကောင်းများရှိသည့်အတွက် ပြောင်းကဏ္ဍ၌ ပါဝင်ပတ်သက်သူများ အားလုံး စိတ်ပါဝင်စားစွာ လက်တွဲဆောင်ရွက်သွားကြရန် လိုအပ်ပြီးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်သလို လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက အားကိုးအားထားပြုရသည့် လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများ၊ ပြည်ပတင်ပို့သူများအနေဖြင့် အချင်းချင်းရောင်းဝယ်မှုပြုလုပ်ရာတွင် Online စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြမည့်အကြောင်းအရာများမှတဆင့် ဖော်ထုတ်ရရှိမည့် အချက်များသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်နိုင်မည့် အခြေခံအချက်များဖြစ်ပြီး နိုင်ငံတကာသို့ ပြောင်းတင်ပို့မှုကို မြှင့်တင်နိုင်မည့် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

      ယင်းနောက် ဒုတိယဝန်ကြီးက ဈေးကွက်နှင့် ပို့ကုန်အခြေအနေ လိုအပ်ချက်ရှိသည့် သီးနှံများအား ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြောင်းကို ပြည်တွင်း အစာထုတ်လုပ်ငန်းများမှလည်း တန်ချိန် ၁.၂ သန်းမှ ၁.၅သန်းထိ သုံးစွဲပါကြောင်း၊ ကမ္ဘာ့ပြောင်းထွက်ရှိမှု တန်ချိန် သန်း ၁၁၀၀ ကျော် ထွက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ၂.၃ သန်းခန့်ထွက်ရှိသည်ဟု စာရင်းအင်းများအရ သိရှိရကြောင်း၊ ပြည်ပတင်ပို့မှုတွင်လည်း ယခုနှစ်တွင် ပြောင်းတန်ချိန် ၁.၈ သန်းကျော် တင်ပို့ထားပြီး ထိုင်းနိုင်ငံသို့ တန်ချိန် ၁.၂သန်းခန့် တင်ပို့ထားပါကြောင်း၊ ပြည်ပပို့ကုန်အတွက် အလားအလာရှိသည့်အပြင် ပြည်တွင်းအစာစပ်လုပ်ငန်းများနှင့် ဝယ်လိုအား မြင့်တက်လာလျက်ရှိသည့်အတွက်လည်း ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ နေပြည်တော်နှင့် Zoom Application ဖြင့် ပါဝင်တက်ရောက်လာသူများက ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မျိုးသုံးစွဲမှု၊ ပြောင်း စိုက်ပျိုးရာတွင် ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများ၊ COVID-19  ကာလ အတွင်း ပြည်တွင်းပြောင်းဈေးကွက်အခြေအနေနှင့် COVID-19  ကာလအတွင်း ပြည်တွင်းပြောင်းဈေးကွက်အခြေအနေနှင့်  COVID-19  ကာလအလွန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်တွင်းရှိ အစာစပ်လုပ်ငန်းတွင် လက်ရှိပြောင်းသုံးစွဲနေမှုအခြေအနေ၊ တိရစ္ဆာန်အစာ ပြည်တွင်းဖြန့်ဝေရောင်းချမှု အခြေအနေ၊ COVID-19 အလွန်ကာလများတွင် ပြောင်းကုန်ကြမ်းဝယ်ယူမည့် အခြေအနေများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြား၍ ဖိုရမ်ကို ရုပ်သိမ်းခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာရမည့်စည်းကမ်းများအား စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းအသိပညာပေး

     ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့တွင် မြို့နယ်စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့နှင့် ထားဝယ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ဖွင့်လှစ်ရောင်းချရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရမည့်အချက်(၁၁)ချက်နှင့် စားသောက်ဆိုင်တာဝန်ရှိသူများ၊ ဝန်ထမ်း များလိုက်နာရမည့်အချက်(၁၁)ချက်၊ စားသုံးသူများအနေဖြင့်လိုက်နာရမည့်အချက်များ၊ ဆိုင်တွင်း အထူးဂရုပြုရမည့် သန့်ရှင်းရေးလုပ်ငန်းများကို အသိပညာပေးခဲ့ပါသည်။ သတ်မှတ်စည်းကမ်း နှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် (၁၀)ရက်ခန့်အချိန်ပေးသွားမည်ဖြစ်ပြီး ပြင်ဆင်ပြီးစီးမှုအား စစ်ဆေး၍ကျေနပ်မှုရှိမှသာ ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်မြို့ပေါ်ရှိ စားသောက် ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအနက် ဆိုင်ပေါင်း(၄၀)အားကွင်းဆင်အသိပညာပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ဒိုက်ဦးမြို့ဝင်လမ်းရှိ ဆန်စက်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိစစ်ဆေး

   ၁.၆.၂၀၂၀ ရက်နေ့တွင် ဒိုက်ဦးမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဖက်ဌာနများနှင့်  ပူးပေါင်း၍ ဒိုက်ဦးမြို့ဝင်လမ်းရှိ ဆန်စက်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ  စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်ကြီးနားခရိုင်ခရိုင်ရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ်(ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ) (Apron& Drain)အပါ အဆောက်အဉီ ဆောက်လုပ်ခြင်း လုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ ၁၄.၅.၂၀၂၀ရက်နေ့တွင် အပေါ်ထပ်အမိုးနှင့်ဘင်းများ ကွန်ကရစ်လောင်းရန် ပုံဆင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ၂၉.၅.၂၀၂၀ ရက်နေ့အထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ ၅၅% ခန့် ပြီးစီးပြီး ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ပထမအကြိမ်အွန်လိုင်းအသုံးပြု အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်သော အဖွဲ့ တက်ရောက်

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) အစည်းအဝေး အား ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၂ရက်နေ့တွင် Virtual Meeting ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ဦးစီးအရာရှိ ဒေါ်၀င်းစုခိုင် တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ၊ ASAPCP 2025 (ASEAN Strategic Action Plan For Consumer Protection ) အပေါ် Mid Team Review ပြုလုပ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွက် ACCP မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အနေဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ UNCTAD၊ United States Federal Trade Commission (USFTC)နှင့် Australian Competition and Consumer Commission (ACCC) တို့မှ ကျွမ်းကျင်ပညာရှင်များ  တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ရှိ စျေး၊ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းအသိပညာပေး

      ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရေဖြူမြို့ပေါ်ရှိ စျေး၊ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့သွားရောက်ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း အများပြည်သူအား စျေးနှုန်းမြှင့်တင်ရောင်းချနေမှုမရှိစေရေး သွားရောက်အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းရာတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေဖြူမြို့စျေးနှင့် ဆေးဆိုင်များ၊ ကုန်စုံဆိုင်များတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့မဖြစ်စေရေးနှင့် စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က  ဆေးဝါးများအား ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချရန်နှင့် တရားမဝင်ဆေးဝါးများမရောင်းချရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ