Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သရက်မြို့တွင် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး တာဝန် ထမ်းဆောင်နေသော ဦးအုန်းမြင့်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ သရက်မြို့ပေါ်ရှိ ဆန် ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအားဝေငှပေးပြီး အသိပညာပေးဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်မှ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ဆန်လက်လီ၊ လက်ကား ရောင်းချသည့် အရောင်းဆိုင်များအား ဆန်ဈေးနှုန်းများမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများနှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံး စွဲမှုလျှော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟုသတ်မှတ်ပြီး ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိရာ (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စျေးကွက် စောင့်ကြည့် စစ်‌ဆေးရန်ဦးစားပေးရွေးချယ်ထားသော ကုန်စည်(၁၀)မျိုးအနက် နေ့စဉ်စားသောက်မှု တွင်မပါမဖြစ် ထည့်သွင်းအသုံးပြုရမည့် စားသုံးဆီအမျိုးမျိုးအားသတ်မှတ်စံချိန်များနှင့်ကိုက်ညီစေရေး၊ အရည်အသွေးပြည့်ဝသော စားသုံးဆီများဖြစ်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရပါသည်။

    မကွေးမြို့၊ ရန်ပယ်စျေးရှိ စားသုံးဆီရောင်းချသူလုပ်ငန်းရှင် (၉)ဦးအား တွေ့ဆုံးပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေး အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အား မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်အမှတ် (၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ရောနှောဆီပြုလုပ်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)ပါ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်သော ဘူးသွပ်ဆီများသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ချောက်မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန် အတွက်စစ်ဆေးခြင်းနှင့် ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်ခရိုင်၊ မြိတ်မြို့ရှိ မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိ‌ရေး တွေ့ဆုံဆွေးနွေး

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ  မုန့်လုပ်ငန်းလုပ်ကိုင်နေသော Li Li မုန့်ဆိုင်သို့သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များကို ဦးစားပေးထုတ်လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်ထုတ်ကုန်ပစ္စည်းများမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ရေနံချောင်းမြို့နယ်၌ စားသုံးသူပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေး

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကြီးကြပ်ကာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ပူးပေါင်းပြီး ဒုတိယအကြိမ် (၁၆.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် ဆန်(၁)ပြည် ကျပ်(၃၀၀၀)ဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ရောင်းချရာတွင် ဆန်စျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်စေရန်နှင့် ပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရေနံချောင်းမြို့၊ မြို့မစျေးတွင် ဆန်(၁)ပြည် (၃၀၀၀) ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပြည်နှုန်း ရောင်းချပေးခဲ့ရာ စုစုပေါင်း ဆန်အိတ်(၁၀)လုံး ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

   ၁၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ် တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ စားသုံးသူ ကာကွယ်ရေး ဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့‌ကြောင်း သိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်အိအိဖြိုးက အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိအိဖြိုးက ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါတားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၂ ၊ ပုဒ်မ ၆၃၊ ပုဒ်မ ၆၄၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့၌ အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မုဒုံမြို့နယ်တွင် အခြေခံစားကုန်၊ အိမ်သုံးဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိကို ၁၅.၇.၂၀၂၄ ရက်နေ့ နံနက်ပိုင်းက မြို့မစျေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးညီလွင်အေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်(၁)၊ စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက မြို့မစျေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များသို့ သွားရောက်၍ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများအား စျေးဆိုင်များအတွင်း ပြတ်လပ်မှုရှိ/မရှိကိုစစ်ဆေးခဲ့ရာ ပြတ်လပ်မှုမရှိကြောင်း သိရသည်။

DOCA(မွန်)

စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၁၅.၇.၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးတို့အပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်း ရှိ/မရှိနှင့် ဘေးအန္တရာယ်ရှိသော စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကိုသာ ရောင်းချနေသည်ကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ

    ၁၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် “ထိပ်ထား”အမှတ်တံဆိပ် အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့်အပြင် အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ပြည့်စုံစွာ ဖော်ပြပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်တာဝန်ခံမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     ၁၂.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်ကုလားဘီကျေးရွာရှိ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက သဘာဝမြေဩဇာထုတ်လုပ်မှု၊ ကုန်ကြမ်းပါဝင်မှု၊ ဖြန့်ဖြူးမှု၊ လုပ်သားအင်အားနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ကုန်ကြမ်းများကို ချောင်းဆုံမြို့နယ်ရှိကျေးရွာများတွင် သွားရောက်ဝယ်ယူပြီး ကုန်ကြမ်းအနေဖြင့် ကြက်ချေး၊ ဝက်ချေး၊ နွားချေး၊ စပါးမှုန်၊ ဖွဲနု၊ နေကြာဖတ်များကို သမအောင်ရောစပ်၍ ထုတ်လုပ်ကြောင်း၊ တစ်နေ့လျှင် အိတ်ရေ (၅၀) ခန့်ထုတ်လုပ်ကြောင်း၊ ဖြန့်ဖြူးမှုအနေဖြင့် ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ထားဝယ်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှုအနေဖြင့် လုပ်သား (၆) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ