Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၊ မင်္ဂလာစျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိစျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ဆောင်ရွက်လျက်ရှိရာ (၁-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့ပူးပေါင်း၍ မကွေးမြို့၊ မင်္ဂလာစျေးရှိကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ချောင်းဆုံမြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၅.၁.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ချက်၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အထောက်အထားများ၊ လျှောက်ထားပုံနည်းစနစ်များ၊ အွန်လိုင်းမှတ်ပုံတင်သူများ လိုက်နာရမည့် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက ဆက်သွယ်ရန် အီးမေးလ်နှင့် ဖုန်းနံပါတ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

         

ဒီဇင်ဘာလအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှု

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

      မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်၌ (၉)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်၌ (၂)ကြိမ်၊ မြို့သစ်မြို့နယ်၌ (၂)ကြိမ်၊ နတ်မောက်မြို့နယ်၌ (၂)ကြိမ်၊ ချောက်မြို့နယ်၌ (၃)ကြိမ်၊ ရေနံချောင်းမြို့နယ်၌ (၄)ကြိမ်၊ စုစုပေါင်း (၂၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရုံးချုပ်၏ညွှန်ကြားချက်အရ သောက်ရေသန့်အမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စျေးကွက်အတွင်း စားသုံးဆီအတုပြုလုပ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ တရားမဝင်တင်သွင်းလာသော ပုဇွန်အမှတ်တံဆိပ် စားအုန်းဆီများ စျေးကွက်အတွင်းရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မြို့နယ်အလိုက် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

    ၅.၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ရာမညကုန်သွယ်မှုဗဟိုဌာန၌ မေယုသံလွင် သက်မွေးပညာသင်ကျောင်းမှ သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် လူပုဂ္ဂိုလ်၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ လိပ်စာ၊ website၊ Consumer Call Center သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဒီဇင်ဘာလအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ် လျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

    မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၄)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း(၂၀)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ်အကောင်အထည် ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့(Task Force) ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ၏ ဖော်ထုတ်ချက် (၄၃) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၂၃) ဦးပါဝင်သည့် “သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force)” ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

    အဆိုပါ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့၊ (၁၆:၃၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက “သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ဖော်ထုတ်ချက်များအနက် တစ်ခုဖြစ်သည့် WRF စနစ်တွင် ပါဝင်မည့်သိုလှောင်ရုံများကို မှတ်ပုံတင်ထားရှိနိုင်ရေးအတွက် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online – MyRO) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် မြန်မ နိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းတည်ထောင်လွှင့်တင်လျက်ရှိပါကြောင်း၊ အဆိုပါ MyRO Website မိတ်ဆက်ပွဲ (Go-Live Ceremony) နှင့် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်‌နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ WRF စနစ်တွင် ပါဝင်မည့်သိုလှောင်ရုံများအနေဖြင့် MyRO Website ၏ Professional သိုလှောင်ရုံလုပ်ငန်းများကဏ္ဍတွင် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် သိုလှောင်ရုံ (၁၇၄) လုံးကို မှတ်ပုံတင်ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်”ကို မူကြမ်းရေးဆွဲပြုစုထားပြီး ဥပဒေရေးရာဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊  WRF စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သိုလှောင်ရုံလုပ်ငန်းများ စနစ်တကျ ရှိစေရေး ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းကဏ္ဍများနှင့်ပတ်သက်သည့် စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြီး ထုတ်ပြန်ရန်စီစဉ်လျက်ရှိပါကြောင်း၊  ချေးငွေကဏ္ဍနှင့် ပတ်သက်သည့် စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ဆက်လက် ရေးဆွဲသွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

   ဆက်လက်၍ လုပ်ငန်းအဖွဲ့ (Task Force) အတွင်းရေးမှူး ကိုယ်စား စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက Task Force ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(မူကြမ်း)ရေးဆွဲထားရှိမှုတို့နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

   ယင်းနောက် Task Force အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌက သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်နှင့် Task Force အဖွဲ့ဝင် များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်းနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။  

 

 

“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများကိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဒီဇင်ဘာလ(၃၁) ရက်နေ့၊ နေ့လယ် (၁၀:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအပြင်နှင့် ရပ်ကွက်များရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မြို့မရပ်ကွက်မှ မုဒိတာစတိုးနှင့် စည်ပင်လမ်း၊ မကျီးကန်ရပ်ကွက်မှ အန်တီအုန်းစတိုး စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများအား အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော အသင့်သောက်အချိုရည်အမျိုးမျိုးတို့ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ရှိစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်မပါရှိသော အသင့်သောက်အချိုရည်များ၊ သက်တမ်းကုန်နေသောအစားအသောက်များကို ရောင်းချခြင်းမပြုစေရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများကို မိမိတို့ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်ရှိ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များအား စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်/ကျေးရွာများတွင် လက်လီ/လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များမှ လက်လီပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ဒီဇင်ဘာလ (၃၀)ရက်နေ့၊ နံနက်ပိုင်း (၈:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခေတ္တမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်စည်ပင်ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စည်ပင်လမ်း၊  ပြည်တော်သာရပ်ကွက် စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်၊ စားအုန်းဆီကိုယ်စားလှယ်ဆိုင်တို့နှင့် ဗိုလ်ချုပ်လမ်း၊ ဆပုဂံကျေးရွာရှိ လက်လီ/လက်ကားဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအခြေအနေနှင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင်များအား သတ်မှတ်ခွဲတမ်းများခွဲဝေချထားပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို မိမိတို့ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကလည်း ကုမ္ပဏီအလိုက်ရောင်းချပေးသည့် လက်လီ/လက်ကားဆိုင်စာရင်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းတို့ကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ ပေးလျက်ရှိကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးနေမှုအခြေအနေများအား  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်း (၁၀:၃၀) နာရီအချိန်တွင်  မကျီးကန်ရပ်ကွက်ပိုင် ကွင်းအမှတ် (၂၉၃)၊ လာပကိန်းကွင်း ဦးပိုင်အမှတ် (၇/၄) တောင်သူဦးငွေသိန်း၏ လယ်ယာမြေ (၁၀) ဧကနှင့် ကမ္မနိုင်ကျေးရွာ၊ မဝန်းကျေးရွာများမှ နွေစပါးစိုက်တောင်သူတို့အား သွားရောက်ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ ဆောင်းသီးနှံ နွေစပါးစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးရာတွင် ခေတ္တမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့က ကော့မှူး မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံဧက (၁၅၆၈၇) ဧကလျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ ၎င်းကဲ့သို့ နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရန်အတွက် (စပါးမျိုးစေ့ချကိရိယာ)အသုံးခြင်း၏ အကျိုးကျေးဇူးများဖြစ်သော မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးထား၍ မြေဩဇာအာဟာရများကို ညီညွတ်စွာစားသုံးနိုင်ပြီး ထွက်နှုန်းတိုးစေခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ စုပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီးနောက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသခံတောင်သူများကို သီးနှံအထွက်နှုန်း တိုးပွားစေရန်နှင့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားဆွေးနွေးအသိပညာပေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

ဒဂုံမြို့သစ်တောင်ပိုင်းရှိ သံနှင့်သံမဏိဆိုင်များအား စစ်ဆေး

   ရန်ကုန်အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ( ၁၉-၁၂-၂၀၂၃) ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ စိန်မြင့်မိုရ်၊ ကြေးအိုးကြီး စသည့်သံထည်ပစ္စည်းရောင်း ဝယ်ရေးဆိုင်များသို့သွားရောက်၍ သံလုံး၊ H – Bean , I Bean အရောင်းဆိုင်များရှိ သံချောင်းများရောင်းချနေမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါသံချောင်းများသည် ဈေးကွက်တွင် အသုံးအများဆုံးဖြစ်ပြီး နိုင်ငံခြားဖြစ် (Original)  HRB 400, HRB 400, 10 mm,12 mm, 16 mm, 20 mm, 25 mm, 32 mm တို့ကိုတွေ့ရှိရကာ HRB 500 မှာ ဆိုဒ်ပြည့်၊ အလေးချိန်ပြည့်ဖြစ်ပြီး HRB 400 မှာမူ ဆိုဒ်မပြည့်၊ အလေးချိန်မပြည့်သော သံချောင်းများဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ