Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဂန့်ဂေါမြို့အတွင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရေး ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်လာစေရေးအတွက် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ “IDOL” မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံသို့သွားရောက်၍ ကုန်အညွှန်းအမှတ်တံဆိပ်ပြည့်စုံစွာပါဝင်လာစေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများမှာ စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များကို ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

မြစ်ကြီးနားမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် (၂၂-၂-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော Sut-3 (ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဝါးလားအမှတ်တံဆိပ်ပါ ကြက်သားအရသာဆီချက်ခေါက်ဆွဲအစပ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( ကချင်)

ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဆေးအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၁-၂-၂၀၂၄) ရက်နေ့တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဆေးအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း စသည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူကလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း စသည့်အချက်များ၊ မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူကသိရှိစေရန် ကြိုတင်အသိပေးခြင်း စသည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး သင်တန်းကျင်းပခြင်း

    စားသုံးသူရေးရာဦးစီးဌာနဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်၍  (၁၅.၂.၂၀၂၄)ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့  နံနက်(၁၀:၀၀) နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ဟင်္သာတမြို့နယ်၊ ဈေးကလေး လမ်း၊ တာငါးဆယ်(မ)ရပ်ကွက်ရှိ ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်း(၁၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးသင်တန်း ကျင်းပခဲ့ပါသည်။

     ထိုသို့ကျင်းပခဲ့ရာတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူကာကွယ်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဌာနခွဲမှူး ဒေါ်နှင်းဝေဖြိုးက ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များအကြောင်း စသည့်ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းဆရာများ၏ဆွေးနွေးပို့ချချက်များ အပြီးတွင် သင်တန်းသားများမှမရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ်သင်တန်းဆရာများမှ ပြန်လည်ရှင်းလင်းပြောကြားခြင်း  အစီအစဉ်ဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၉.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)ထန်းပင်ကွေ့အရှေ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေ သိကောင်းစရာများကို လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေးဆွေးနွေးရာ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်းကောင်း၊ အခန်း(၁၁) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေး ခြင်းအကြောင်းကိုလည်းကောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်း ကိုလည်းကောင်း၊ ပုဒ်မ ၃၅၊ အခန်း(၁၇) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ဖြစ်သည့် အချက်အလက်များအကြောင်းကိုလည်းကောင်း၊ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်အလက် သတ်မှတ်ချက်များအကြောင်းကို လုပ်ငန်းရှင်များသိရှိနိုင်ရန် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းမှုများကိုလည်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။ အခြားမိတ်ဖက်ဌာနများကလည်း သက်ဆိုင်ရာလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၂၁-၂-၂၀၂၄) ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ လက်ဖက်နှပ်၊ ချင်းနှပ်နှင့် နှစ်ပြန်ကြော်ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ ကုန်စည်/ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သိုမဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေနွေးခဲ့ပြီး လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဈေးကွက်တွင် တန်ဖိုးမြှင့်ထုတ်ကုန်များဖြန့်ဖြူးနိုင်ရေးတို့ကိုလည်း ပြောကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မိတ္ထီလာမြို့ ပေါ်ရှိ ဖုန်းနှင့် ဆက်စပ်ပစ္စည်းအ‌ရောင်းဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် တွေ့ဆုံခြင်း

     ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ခရိုင်ဦးစီးမှူးဦးဇော်မင်းသည် ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့် အရောင်းဆိုင်ရှင်များနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

   တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၂၃) ရက်နေ့ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်သား သတ်မှတ်ချက်များ၊ အာမခံချက်ပေးခြင်းများနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကုန်ပစ္စည်းအလိုက် လိုအပ်သည့် မြန်မာဘာသာဖြင့် အညွှန်းများမပါရှိပါက ဥပဒေနှင့်အညီအ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်၍ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ Handset များရောင်းချရာတွင် Operation Manual Book များကို မြန်မာဘာသာပြန်ထားရန်လိုအပ်ကြောင်း၊ အခုနောက်ပိုင်းဖုန်းများတွင် ဘာသာပြန်ထားသည်ကို တွေ့ရှိရကြောင်းစသဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ပေါ်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာမြို့နယ်၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့  ၊နံနက် (၁၀း၀၀)အချိန်တွင် မိတ္ထီလာခရိုင် ဦးစီးမှူးရုံးခန်း၌ အလှကုန်ပစ္စည်းအမျိုးမျိုး၊ အစားအသောက်နှင့် လူသုံးကုန်အမျိုးမျိုး ရောင်းချသည့်  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။           

     ထိုသို့ တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ အလှကုန်ပစ္စည်းအမျိုးမျိုး၊ အစားအသောက်နှင့် လူသုံးကုန်အမျိုးမျိုးရောင်းချသည့်  လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်ဖြန့်ဖြူးသော ကုန်ပစ္စည်းများပေါ် တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ဆက်စပ်၍ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ပြီး၊ ကုန်အညွှန်းအမှတ်အသားများအား သက်ဆိုင်ရာကုန်စည်ထုတ်လုပ်သူများမှ တပါတည်း ထည့်သွင်းဖော်ပြရမည်ဖြစ်၍ မိမိသို့ဆိုင်များသို့ လာရောက်ပေးပို့သည့် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ စနစ်တကျဖော်ပြထားမှု ရှိ/မရှိ စိစစ်ရွေးချယ်ရောင်းချရန်လိုအပ်ကြောင်း မိမိတို့ဆိုင်တွင် ကုန်အညွှန်းမပါသည့် ကုန်စည်များ ရောင်းချပါက လက်ဝယ်ရောင်းချသူမှလည်း တာဝန်အပြည့်အဝရှိကြောင်း၊ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  (၃-၁၂-၂၀၂၃) ရက်နေ့ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)  စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ရေးသားဖော်ပြခြင်းမရှိပါက ဥပဒေအခန်း (၂၄)ပါ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက် မပိုသောထောင်ဒဏ် ဖြစ်‌စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ အရေးယူခံရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း”

    ၂၀၂၄ခုနှစ် ၊ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ (အထက)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျေးရွာနေပြည်သူ စုစုပေါင်း ( ၁၀၂ ) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

    အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊  မိတ္ထီလာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ တာဝန်(၄)ချက်၊ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု  လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သောwww.doca.gov.mm မှလည်း တိုင်ကြားနိုင်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး  (၁၁:၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သထုံမြို့နယ်အတွင်း ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀.၂.၂၀၂၄) ရက်နေ့တွင် သထုံမြို့နယ်အတွင်း ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများ ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ စစ်ဆေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများက စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိ၊ သတ်မှတ် ကုန်ညွှန်းအမှတ်များ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ အခြေအနေတို့ကို လှည့်လည်စစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ