Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ပို့ချခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီမှူးရုံးသည် ဝန်ထမ်းများ လူ့စွမ်းဆောင်ရည်မြင့်မားစေရေး၊ စည်းကမ်းသေဝပ်ရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များ သိရှိရေး၊ ဝန်ထမ်းတစ်ဦးခြင်း လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၃/၂၀၂၃) ကို မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့မှ (၁၉) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ ညနေ (၁၅:၀၀)နာရီအထိ (၂)ရက်တာသင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးက ဦးဇော်မင်းက လက်ရှိဝန်ထမ်းများနှင့် အသစ်ခန့်ထားသောဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ချက်များ လွယ်ကူလျှင်မြန်သွက်လက်လာစေရန် ရည်ရွည်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ယခုဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှာ ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်စေရန်ဖြစ်ပြီး သင်တန်းတွင် ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ မိမိကိုယ်ကိုတိုးတက်အောင်တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက်သင်ယူကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်းပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဌာနမှတာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားခဲ့ကြပြီး သင်တန်းသားဦးရေ စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြပြီး (၁၉.၁၂.၂၀၂၃) နေ့ ညနေ(၁၆၀၀) တွင် သင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

“ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲစံပြကွက် မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကျင်းပခြင်း”

ကော့မှူးမြို့နယ်၊ ဒီဇင်ဘာလ (၂၃) ရက်

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမတ်ပဲ စံပြကွက်မျိုးစေ့ချပွဲ အခမ်းအနားကို  ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်ပိုင်း (၉:၀၀)နာရီတွင်  မကျီးကန်ရပ်ကွက်၊ ကွင်းအမှတ်(၃၉၃)လာပကိန်းကွင်း၊ ဦးပိုင်အမှတ်(၁၀/၁) တောင်သူဦးအောင်မိုး ၏ လယ်ယာမြေ (၃)ဧက၌ ကျင်းပခဲ့ကြောင်း သိရပါသည်။

      ထိုမတ်ပဲမျိုးစေ့ချစိုက်ပျိုးခြင်းအခမ်းအနားတွင် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက မတ်ပဲသီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ စိုက်ပျိုးနိုင်သော မြေ အမျိုးအစားများ၊ မျိုးရွေးချယ်ခြင်း၊ စိုက်ချိန်၊ စိုက်စံနစ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း၊ မျိုးစေ့ကြဲစိုက်ပျိုးခြင်း၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် အပင်ငယ်စဉ်မှိုရောဂါဖြစ်ပွားတတ်မှု၊ ပိုးသတ်ဆေးစနစ်တကျအသုံးပြုရမည့် နည်းလမ်းများ၊ ရိတ်သိမ်းချိန်တွင်အလေအလွင့်နည်းပါးအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ ရှင်းလင်းဆွေးနွေး အသိပညာပေးပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ က (၃)ဧကအား အတန်းလိုက်စနစ်တကျ မျိုးစေ့ချစိုက်ပျိုးနေမှုအခြေအနေအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သိရပါသည်။

    မတ်ပဲမျိုးစေ့ချအခမ်းအနားသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်(၂)၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ်စီမံကိန်း ဦးစီးဌာနမှ ဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှဦးစီးမှူး၊ တိရစ္ဆာန်ကုသရေးနှင့်မွေးမြူရေးဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ် လယ်ယာစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှမြို့နယ်တာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူများတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA (YGN)

ပဲတီစိမ်းစိုက်တောင်သူများအား GAP/GHP နည်းပညာပေးသင်တန်းပို့ချ

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ် များသည် ပဲတီစိမ်းအဓိကစိုက်ပျိုးသည့် မြို့နယ်များဖြစ်ရာ နှစ်စဉ်ပဲတီစိမ်းစိုက်ဧက(၄၁၄၂) ခန့်ရှိပြီး အီးယူနိုင်ငံများသို့ ပဲတီစိမ်းတင်ပို့နိုင်ရေးအတွက် တောင်သူများအား GAP/GHP နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ပညာရှင်များက သင်တန်းပို့ချလျက်ရှိပါသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပဲရာသီ၌လည်း တောင်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ယခင်နှစ် အလားတူ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းပို့ချရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုုးရေးဦးစီးဌာနမှ ပညာရှင်များဖြစ်သည့် သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကိုကို မှ ပဲတီစိမ်းကြီးထွားမှု အဆင့်အလိုက် ဆောင်ရွက်ရမည့် ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးစနစ်များ အကြောင်း တိုင်းမြေ အသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်မှ ပဲတီစိမ်းစိုက်ပျိုးရာတွင် မြေဆီလွှာအာဟာရတိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် တိုင်းမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦးမှ မျိုးစေ့အသုံးချမှု ဘာသာရပ် များတို့ကို သင်တန်းပို့ချခဲ့ပြီး သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များ၏ ကျေးရွာ(၄၆)ရွာ ရှိ ပဲတီစိမ်းစိုက်ဧက(၄၁၄၂)ဧကနှင့် ပဲတီစိမ်းစိုက်တောင်သူ(၂၈၆)ဦးတို့အား (၂၂-၁၂-၂၀၂၃ မှ ၂၅-၁၂-၂၀၂၃) အထိ (၄)ရက်ကြာ သင်တန်း ပို့ချခဲ့ကြောင်းနှင့် ပဲပင်ပေါက်တင်ပို့ရန် ကုမ္ပဏီ တာဝန်ရှိ သူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (YGN)

အသင့်သောက်အချိုရည်များအား ကွင်းဆင်းစစ်ဆေးခြင်း

   (၂၀.၁၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မအူပင်ခရိုင်အတွင်း အသင့်သောက်အချိုရည်ရောင်းချနေသော အချိုရည်အရောင်းဆိုင်(၆)ဆိုင်သို့ ကွင်းဆင်း၍ ရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၂၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးမှ အသင့်သောက်အချိုရည်များကို စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ အချိုရည်အရောင်းဆိုင်မှ အချိုရည် အမျိုးမျိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ(၄၁)ရှိ (ခ) နှင့် (ဆ)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အချိုရည်အရောင်းဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

       စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည် အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် မရမ်းကုန်း မြို့နယ် (ကမ္ဘာအေး)ဂမုန်းပွင့်တို့တွင်  ကလေးအဟာရဖြည့်စွက်စာများနှင့် သက်ဆိုင်ရာ ထောက်ခံချက်မရှိသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများအား ရောင်းချမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသော စားသောက်ကုန်များကိုသာရောင်းချရန်နှင့်  စားသုံးသူများအား မဝယ်ယူမီ ကုန်ပစ္စည်း၏ သတင်းအချက်အလက်များအား စားသုံးသူအား ပြည့်စုံစွာရှင်းလင်းပြောကြားရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA (YGN)

စားသုံးသူရေးရာဦးစီးဌာနမှ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့တွင် တစ်ပိုင်တစ်နိုင် အသေးစား ဆပ်ပြာရည်လုပ်ငန်း လုပ်ကိုင်နေသူအား သွားရောက်ကွင်းဆင်းစစ်ဆေး

    ချင်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်တာဝန်ခံ ဦးပြောင်ဒါးလ်(အကြီးတန်းစာရေး)သည် တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့ရှိ အသေးစားဆပ်ပြာရည်လုပ် ငန်းလုပ်ကိုင်သူအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

  သွားရောက်တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားဆပ်ပြာရည်လုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်လျန်ဒိမ့်ခိုင်အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လုပ်ငန်းလည်ပတ်နေမှု အခြေအနေကို အသေးစိတ်သိရှိလို၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဆပ်ပြာရည်အမျိုးမျိုးကို ပြန်လည်ပြုပြင်ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိတ်ကျေနပ်မှုရှိစေရန်  ထုတ်လုပ်ရောင်းချပေးရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန် မည်သူမဆို စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူသည် မဖြစ်မနေ ကုန်အညွှန်းအမှတ်အသား ဖော်ပြရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ၄၁တွင် ပြဋ္ဌာန်းချက်များနှင့်  စီးပွားရေးလုပ်ငန်းရှင်းများ လိုက်နာရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ပုဒ်မ၂၁တွင် ပြဋ္ဌာန်းချက်များကို အဆိုပါ အသေးစားဆပ်ပြာရည် လုပ်ငန်းလုပ်ကိုင်သူအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

 

DOCA(ချင်း)

 

 

 

စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးနန်ဆွင်မာန် (အငယ်တန်းစာရေး)နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ရှိ ရာဒွန်းဈေးနှင့် မတူပီလမ်းတွင် ကုန်စုံဆိုင်ရောင်းချနေသူများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်ပစ္စည်းများဈေးကွက်အတွင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများမှ တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့် မည်သည့်ကုန်ပစ္စည်းမဆို  သက်ဆိုင်ရာ ဌာနများမှ တရားဝင်ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများကိုသာ မှာယူဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနများအနေဖြင့်  လစဉ်လတိုင်း ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းအားလုံးကို စားသုံးသူပြည်သူများအပေါ် ဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရန် ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကို ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)

 

 

စားအုန်းဆီရောင်းချသော ဆီဆိုင်များအား စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၂၁.၁၂.၂၀၂၃) ရက်နေ့ (၁၀၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင်(၅)ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြသည်။

        မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ပန်းတနော်မြို့ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သက်၍ စားအုန်းဆီများ ရောင်းချနေခြင်းကို ပန်းတနော်မြို့မဈေးနှင့် မြို့ပေါ် လက်ကားဆီအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူအသုံးပြနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊  (၂၁.၁၂.၂၀၂၃) ရက်နေ့ကလည်း စားသုံးဆီ အရောင်းဆိုင်များတွင် သက်ဆိုင်ရာ ထောက်ခံချက်မပါသော အရောင်းဆိုင်များ ရှိ/ မရှိကို စစ်ဆေးခဲ့ ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်ရှိ သီရိမင်္ဂလာဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန လေးမျက်နှာမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  လေးမျက်နှာမြို့နယ် သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား (၂၂.၁၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လေးမျက်နှာမြို့နယ် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် သခွတ်ချောင်းအုပ်စုရှိ ဓမ္မာရုံ၌ စားသုံးသူပြည်သူ(၁၅၀)ဦးအား    (၁၈.၁၂.၂၀၂၃)နေ့ ၊နံနက်(၁၁:၀၀) နာရီတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသား များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ