Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အထက(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၇.၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီက မော်လမြိုင်ကျွန်းမြို့နယ် အထက(၂)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့စားသောက်နေသော အစားအသောက်များအား သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူသုံးစွဲကြရန်၊ ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိစိတ်ဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ကျိုက်လတ်မြို့နယ်၊ ကလပ်ရပ်ကျေးရွာ အ.ထ.က ခွဲ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၅) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆရာ/မ(၁၀)ဦး၊ ကျောင်းသား/သူ (၁၂၉) ဦးအား ကျိုက်လတ်မြို့နယ် ကလပ်ရပ် ကျေးရွာ အ.ထ.က ခွဲ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်း၊စားသုံးရန် မသင့်သည့်အစားအစာများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့အပြင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ ကုန်ပစ္စည်းများရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ၊ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်နှင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့နယ်နှင့် မကွေးမြို့နယ်တို့တွင် စားသုံးဆီလုပ်ငန်းရှင်များအသင်းသည် သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၁-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စျေးသို့လာရောက်သည့် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာကို ကျပ်(၅၀၀၀) နှုန်းဖြင့် ဆီပေပါ (၅)လုံး၊ ဆီပိဿာ (၅၅၀)ပိဿာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ရောင်းချပေးနေမှုအား ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါသည်။

     ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်ရှိ စျေးလယ်စိုးရပ်ကွက်၊ ကန်သာရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ အောင်ရတနာရပ်ကွက်၊ သိင်္ဂါဂီရိရပ်ကွက်၊ နံကပ်ကျွန်းကျေးရွာအုပ်စု(မြသလွန်ဘုရားကွင်း)နှင့် နံကပ်ကျွန်းအုပ်စု(ချမ်းမြေ့သာယာ‌ကျေးရွာ၊ ဓမ္မာရုံ)တို့၌  မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စျေးသွားစျေးလာပြည်သူများ၊ ကျေးလက်ရပ်ကွက်နေပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် (၁-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်ထိ လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာ ကျပ် (၅၀၀၀)နှုန်းဖြင့် စားအုန်းဆီ (၅၅၀)ပိဿာကို (၇)နေရာအတွက် (၃၈၅၀)ပိဿာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ရောင်းချပေးနေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းနှင့် မကွေး/ ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ယခုကဲ့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာရောင်းချပေးမှုအား ပြည်သူများအနေဖြင့် ဝမ်းသာကြည်နူးလျက်ရှိကြောင်း လာရောက်ဝယ်သူပြည်သူများထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေး/ ချောက်ခရိုင်၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၏ စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

     မကွေး/ ချောက်ခရိုင်၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်၌ (၇)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်၌ (၂)ကြိမ်၊ မြို့သစ်မြို့နယ်၌ (၂)ကြိမ်၊ နတ်မောက်မြို့နယ်၌ (၂)ကြိမ်၊ ချောက်မြို့နယ်၌ (၃)ကြိမ်၊ ရေနံချောင်းမြို့နယ်၌ (၃)ကြိမ်၊ စုစုပေါင်း (၁၉)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရုံးချုပ်၏ညွှန်ကြားချက်အရ သောက်ရေသန့်အမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စျေးကွက်အတွင်း စားသုံးဆီအတုပြုလုပ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ တရားမဝင်တင်သွင်းလာသော ပုဇွန်အမှတ်တံဆိပ် စားအုန်းဆီများကို စျေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်းရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မြို့နယ်အလိုက် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေး/ ချောက်ခရိုင်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ် လျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

    မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၃)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၀)ကြိမ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ အခြေခံပညာမူလတန်းကျောင်း(အမက)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောကွင်းဆင်း

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ အခြေခံပညာမူလတန်းကျောင်း(အမက)၌ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူက စားသုံးသူများတွင်အခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက်ဝယ်ယူရာတွင် ကုန် အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များဝယ်ယူသင့်ကြောင်း၊ အစားအသောက်များအား ထုတ်လုပ်/ကုန်ဆုံးရက်ကြည့်၍ စားသုံးသင့်ကြောင်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတာဝန်ရှိသူက အစားအသောက်/ ထုတ်ကုန်သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ အစားအသောက်များရွေးချယ်စားသုံးတတ်စေရန်နှင့် အစားအသောက်များတွင် ပါဝင်တတ်သော ဓါတုဆေးများအကြောင်းပြောကြားခြင်းနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန် မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက်စားသုံးရာတွင် ဘေးကင်းစေရန် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သောအစားအသောက်များအား FDA website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောပွဲအပြီးတွင် ကျောင်းသူ/သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးရည်ရွယ်၍  ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၇၅)ဦးခန့် တက် ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

    ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ()ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (/၂၀၂၄)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း(၁၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

     အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက မကွေးတိုင်းဒေသကြီး၏ (/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်သည် အမှာစာ (၇) စောင်ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၃-၂-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄)၌ တက်ရောက်လာကြသော အသင့်သောက်အချိုရည်အမျိုးမျိုးထုတ်လုပ်ရောင်းချမည့် လုပ်ငန်းရှင်(၁၃)ဦးတို့ထံသို့သွားရောက်၍ အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါအစည်းအဝေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင် (ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် အာမခံရမည့်အချက်များကိုပြောကြားခဲ့ပြီး ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ တောင်ကြီးဆေးဆိုင်အမှတ်(၂)၊ အောင်ဆေးဆိုင်နှင့် ရှမ်းချယ်ရီဆေးဆိုင်များ၌ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဈေးကွက်၌ ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများအနေဖြင့် လိုအပ်သည့်ဆေးဝါးများကို အလွယ်တကူဝယ်ယူရရှိစေရန်ရည်ရွယ်၍ ဆေးဆိုင်များ၌ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးရေး၊ သတ်မှတ်အရည်အသွေးနှင့်ပြည့်ဝသည့် ဆေးဝါးများသာရောင်းချ‌ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးတို့ကိုဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးကာကွယ်ရေးဥပဒေပါ ၎င်းတို့၏တာဝန်များကိုသိရှိနားလည်လိုက်နာဆောင်ရွက်စေရန်လိုအပ်ကြောင်းအသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

                  

ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေး

     မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် (၅-၂-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဆင်ဘိုကုန်းကျေးရွာရှိ ဦးမောင်တင့် (ကုန်စုံဆိုင်) ၌ ကုန်စည်နှင့် ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါရှိမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီသည့် ကုန်စည်များကိုသာဝယ်ယူရောင်းချရန်၊ ကုန်စည်/ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀)ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ