Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ရေးပစ္စည်းပေးအပ်ခြင်း

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဦးဩဘာသခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အခမ်းအနားအား (၆-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ခရိုင်ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ NGO အဖွဲ့ဝင်များနှင့် အမှတ်(၁/၂/၃/၄)မှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ၊  ထောက်ရှာပင်ကျေးရွာရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရိုင်စီမံဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းဆောင်ရွက်ခဲ့ကာ နိုင်ငံ့ဝန်ထမ်းပင်စင်စားသုံးထောင်ကျော်က လက်ခံရယူခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းပင်စင်စားများကိုယ်စား အမှတ်(၂)ရပ်ကွက်မှ ပင်စင်စားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ပင်စင်စားများအား အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မြန်အောင်မြို့နယ်ရှိ လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၂.၂၀၂၄) ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Call Centre (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့နယ်၌ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ (၄-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်သူအကျိုးပြုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ရှေးဦးစွာ အုံမြားကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားနှင့်ပတ်သက်၍ ILO ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ခုနှစ်) ပြဋ္ဌာန်းချက်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

    ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

      ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ရေးကျေးရွာ၊ နေအိမ်များအား ကွင်းဆင်းကြည့်ရှုခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာတွင်ရှိသော ကုန်မျိုးစုံဆိုင်များသို့သွားရောက်ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများပူးပေါင်း၍ (၂-၂-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်က “ရာသီဥတုပြောင်းလဲမှုနှင့် လူနေမှုဘဝ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြပြီး သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

      ၎င်းနောက် မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပုံပြင်ပြောပြခြင်း၊ ဉာဏ်စမ်းအမေး/ အဖြေမေးမြန်းခြင်းများနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိကောင်းစရာများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၂၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ မြို့ဝင်/ မြို့ထွက်စစ်ဆေးရေးဂိတ်များအား တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမရှိစေရေး ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ မြို့ဝင်/ မြို့ထွက်စစ်ဆေးရေးဂိတ်များအား တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမရှိစေရေးအတွက် (၃-၂-၂၀၂၄)ရက်နေ့၊ နံနံက် (၀၈း၃၀) နာရီအချိန်တွင် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အထူးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာအထူးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ရှိ တာဝန်ရှိသူများသွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှုများရှိ/မရှိစစ်ဆေးခြင်း၊ ဂိတ်များတွင် တရားမဝင်အခကြေးငွေများကောက်ခံမှုမရှိစေရန် ကြီးကြပ်မှာကြားခြင်း၊ တရားမဝင်ယာဉ်များဖြတ်သန်းမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြပ်မတ်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီးနောက် သက်ဆိုင်ရာစစ်ဆေးရေးဂိတ်များရှိ တာဝန်ရှိသူများအား အထက်ဌာနများ၏ လုပ်ငန်းလမ်းညွှန်မှုများကို ချပြရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ ဂိတ်တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများတင်ပြခဲ့ကြပြီး ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် ပလွန်စာ (အလက) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၅.၂.၂၀၂၄)ရက်နေ့ နံနက် (၁၀;၀၀) နာရီက မော်ကျွန်းမြို့နယ် ပလွန်စာ (အလက) ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်း ကုန်ဆုံးနေသော အစားအသောက်များအား မိမိ၏အသိစိတ်ဖြင့် ရှောင်ကြဉ်ဝယ်ယူစားသောက်ကြရန် ဟောပြော ဆွေးနွေးခဲ့ပါသည်။ စားသုံးသူအသိ ပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

     ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင်၅၈၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည် လျှင် ၂၈၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ရုံးမှ ဦးအောင်လွင်(မြို့နယ်ဦးစီးမှူး)သည် ညောင်တုန်းမြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ  ရေး ဦးစီးဌာနဦးဆောင်မှုဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍  (၅.၂.၂၀၂၄)ရက်နေ့ (၁၀၀၀) နာရီအချိန်က  ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

        အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ဆေးဆိုင် (၇) ဆိုင်ကိုကွင်းဆင်းစစ်ဆေး၍ ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် နှင့်အညီရောင်းချမှုရှိစေရေးကို ဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးဝါမှတ်ပုံတင်(အသစ်) ကတ်ပြား ထုတ်ယူနိုင်ရေး အကြောင်းအရာများ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်းဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃)ဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုမရှိစေရေး ဖေဖေါ်ဝါရီလ(၅)ရက်နေ့ နံနက်(၁၀း၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းများဖြစ်သော နန္ဒဝန်၊ ဆေးဘုရင်၊ ရောင်ကြည်ဦး၊ အောင်ဇမ္ဗူနှင့် မြန်မာဦးဆေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ပါသည်။  

       အဆိုပါဆေးဆိုင်(၅)ဆိုင်သို့ စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိပါက အရေးကြီး ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူ မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင် (၁၃)ဦးအား(၆.၂.၂၀၂၄) နံနက်(၁၀၀၀)နာရီအချိန်တွင် ဖိတ်ကြား၍ လုပ်ငန်းရှင် အသိပညာပေးဆွေးနွေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည်တာဝန်များအကြောင်းကို လည်းကောင်း၊ အခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့်အချက် များကိုရှင်းလင်းခြင်း၊ လုပ်ငန်းရှင်များကလည်း မိမိတို့ရောင်းချသောကုန်စည်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအစား၊ အသားတင်ပမာဏ၊ ထားသိုပုံသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ အမှတ်စဉ်၊ လုပ်ငန်းအမည်၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုး၊ သက်ဆိုင်ရာဌာနတို့၏ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များပါဝင်သည့် ကုန်စည်ကိုသာရွေးချယ် ဦးစားပေးရောင်းချရမည်ကို သိရှိလာရပါကြောင်းနှင့် ထပ်မံသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ