Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့၊ငါးရံ့ခြောက်ဖုတ် လုပ်ငန်းရှင်များအသင်းနှင့် MSMES လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက် ၊နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် တာဝန်ခံရုံးတွင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်များအသင်းနှင့် MSMES လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ရောင်းဝယ်ဖောက်ကားမှု ဈေးနှုန်း အခြေအနေ၊လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေသော အခက်အခဲများနှင့် ပတ်သတ်၍ မေးမြန်းခဲ့ရာ  လုပ်ငန်းရှင်တစ်ဦးက ငါးရံ့ခြောက်ဘူးများကို ရန်ကုန်နှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဖြန့်ချီရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုနှစ် ကုန်ကြမ်းဝယ်ယူမှု ဈေးနှုန်းမှာ ငါးရံ့ တစ်ပိဿာကို (၈၅၀၀) မှ (၁၂၅၀၀) ဈေးနှုန်းဖြင့် ဝယ်ယူရကြောင်း၊ငါးခွဲ အလုပ်သမားခ ဈေးနှုန်းမှာ တစ်ဦးလျှင် (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ခန့်ရှိကြောင်း၊ ကုန်ကြမ်းဝယ်ယူသည့်နေရာများမှာ ရန်ကုန်၊မအူပင်နှင့် ဖျာပုံမြို့များမှ ဝယ်ယူရရှိကြောင်းသိရှိရပါသည်။ထုတ်လုပ်မှုအနေဖြင့် ကုန်ကြမ်း အချိန်(၁၀) ကို ကုန်ချော (၁) ပိဿာ ထွက်ရှိကြောင်း၊ ငါးရံ့ခြောက် (၅) ကျပ်သား ဘူးသေးတစ်ဘူးကို (၆၅၀၀) ကျပ်နှင့် (၇၀၀၀) ကျပ်ခန့်ရှိပြီး (၁၀) ကျပ်သား ဘူးကြီးတစ်ဘူးကို (၁၃၀၀၀)ကျပ်နှင့်(၁၄၀၀၀) ကျပ်ခန့် ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကျပ် သိန်း(၁၀၀) ကျော် ရင်းနှီးထားရှိရပြီး၊ အလုပ်သမား (၅) ဦးဖြင့် လုပ်ကိုင်လည်ပတ်လျက်ရှိကြောင်း MSMES လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သရက်ပင်လှ၊ (အ-မ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ သရက်ပင်လှ အ-မ-က ရှိ ဆရာ/မ (၈)ဦးနှင့် ကျောင်းသား/သူ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းကိုသိရှိနိုင်ရန်အလို့ငှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ကြောင်း၊ ၎င်းနောက်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်စွာအသုံးပြုခွင့်ရရှိရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများကို တိုင်ကြားသည့်နေရာများနှင့် စားသုံးသူရေးရာကော်မတီဖွဲ့စည်းထားရှိမှု စသည်တို့အပြင် ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကိုတားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကိုတားမြစ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေ အခန်း (၁၆)၊ ပြဋ္ဌာန်းချက်များကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ (၃/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းပို့ချ

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၁၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက (၁၈-၁၂-၂၀၂၃) ရက်နေ့နှင့် (၁၉-၁၂-၂၀၂၃) ရက်နေ့ (၂) ရက်သင်ကြားမည်ဖြစ်ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

      (၁၈-၁၂-၂၀၂၃) ရက်နေ့တွင် စီမံရေးရာဌာနခွဲတာဝန်ခံ ဒေါ်မိုးမိုးခိုင်၊ ဦးစီးအရာရှိက ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများအား ခွင့်ယူခြင်းနှင့်ပတ်သက်သည့် ဝန်ထမ်များသိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ၊ ဒေါ်စောမို့မို့၊ ဦးစီးအရာရှိက ဘဏ္ဍာရေးစည်းမျဉ်းစည်ကမ်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးစံကြည် (လက်ထောက်ညွှန်ကြားရေးမှူး)က ပြည်တွင်းကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးသင်တန်းပို့ချပေးခဲ့ပါသည်။

    (၁၉-၁၂-၂၀၂၃) ရက်နေ့တွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ဦးမင်းမင်းဦး၊ ဦးစီးအရာရှိက ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများအား သတင်းရေးသားရာတွင် (ဘ) (၆) လုံးအခြေခံကိုရေးသားပြီး သတင်းရေးသားနည်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ နံနက် (၁၀:၀၅) နာရီအချိန်တွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ (ကိုယ်စား)  ဒေါ်စုသင်းအောင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ (ကိုယ်စား) ဒေါ်မိုးမိုးခိုင် (ဦးစီးမှူး) က စားသုံးသူများအသုံးပြုသည့် ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား အသီးသီးသင်တန်းပို့ချခဲ့ပြီး သင်တန်းသူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ခဲ့ပြီး သင်တန်းအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မြန်မာ့နိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝင်းအောင်၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်ကျော်ကျော်၊ မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးထွန်းလင်းအောင်၊ အငယ်တန်းစာရေး ဦးကျော်မျိုးသက်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ချမ်းမြေ့စိုးဝင်း၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်အောင်နိုင်၊ ရဲတပ်ကြပ်ဇေယျာမောင်တို့နှင့်အတူ မြို့ပေါ်ရှိဆေးဆိုင်များသို့စစ်ဆေးရန် သွားရောက်ခဲ့ပါသည်။

    ထိုသို့သွားရောက်ခဲ့ရာ၌ ပုသိမ်မြို့ပေါ်ရှိ မြတ်မေတ္တာဆေးဆိုင်၊ ချိုချိုမွှေးဆေးဆိုင်၊ စေတမာန်ဆေးဆိုင်၊ နဝရတ်ဆေးဆိုင်၊ ကိုမြင့်လွင်ဆေးဆိုင်နှင့် အေးရိပ်ထင်ဆေးဆိုင်များတွင်ရောင်းချလျက်ရှိသော ဆေးဝါးများတွင် မြန်မာ့နိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် စပ်ဆေးများရောင်းချခြင်းရှိ/မရှိကို ကော်မတီအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ စားသုံးသူရေးရာကော်မတီ (၆/၂၀၂၃) အစည်းအဝေးကျင်းပပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ (၆/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) တွင်ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူး‌ပေါင်းဆောင်ရွက်ခြင်း၊ အကြံညဏ်များရယူခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်အစီအစဉ်များကို ဖတ်ကြားရှင်းလင်းခဲ့၍ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရောကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

    နိဂုံးချုပ်တွင် တိုင်းဒေသကြီးအတွင်း စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားထိခိုက်မှုနမူနာများကို ဥပဒေနှင့်အညီ ကာကွယ်ပေးနိုင်ရေးကော်မတီအဖွဲ့ဝင်ဌာနများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အ-မ-က (၁) တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပါဝင်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့၊ အ-မ-က (၁) ကျောင်းရှိ  ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ (၂၅၃) ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (င) ပါ စားသုံးသူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရန် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အချိုရည်နှင့်ဓာတုဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံမှုရှိစေရန်၊ FDA ၏သတ်မှတ်ထားသော ထောက်ခံချက်များပါဝင်မှုရှိစေရန်၊ ကုန်စည်ဝန်‌ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနသို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် MSMEs ဒေသထွက်ကုန်စည်ပြပွဲကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၌ MSMEs ဒေသထွက်ကုန်စည်ပြပွဲကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဝန်ကြီးများ  ကျုံပျော်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ပါသည်။

    အဆိုပါပြုပွဲတွင် စက်ပစ္စည်းအရောင်းပြခန်း၊ မြန်မာ့ပီလောပီနံနှင့် ပီလောပီနံကော်မှုန့်ပါဝင်သည့် လူသုံးကုန်၊ စားသောက်ကုန်များ၊ ပီလောပီနံတိရစ္ဆာန်အစာ၊ ပီလောပီနံမှထုတ်လုပ်သော သဘာဝမြေဩဇာ၊ ငှက်ပျောနှင့် ငှက်ပျောချည်ဖြင့်ပြုလုပ်သည့် လက်မှုထည်များ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆီထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပြခန်းများ၊ ဆန်၊ ဆန်ထွက်ပစ္စည်းပြခန်းများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ဒေသထွက် ကြိမ်၊ ဝါး၊ ဗေဒါလက်မှုပစ္စည်းများ၊ နုထွေးလက်ဖက်နှင့်ချင်းသုပ်လုပ်ငန်းပြခန်းများပါဝင်ပြသ၍ ထိုသို့ ဒေသထွက်ကုန်စည်ပြပွဲများကျင်းပပြုလုပ်ပြီး မိမိတို့ဝယ်လိုသည့်ကုန်စည်များကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်းဝယ်ယူနိုင်ပြီး ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်သို့ပါထိုးဖောက်နိုင်ရန် ဈေးကွက်အခွင့်အလမ်းများလည်းရရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)

 

ပေါင်မြို့နယ် အခြေခံပညာ မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် အခြေခံပညာမူလတန်းကျောင်း၌  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.com တွင်လည်းဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   

      အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၄၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိအညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀.၁၂.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဦးစားပေးကုန်စည်ဖြစ်သည့် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အချိုရည်များတွင် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှန်ကန်မှုရှိကြောင်းတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် (၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ဖော်ပြပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကဝမြို့နယ်တွင် ပဲရာသီတောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေး နည်းစနစ်ဆိုင်ရာ သင်တန်းပို့ချ

    ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ၊ အုန်းနှဲကျေးရွာ၌ ၁၃.၁၂.၂၀၂၃ ရက်နေ့၊ နံနက် (၉: ၀၀) မှ နေ့လယ် (၁၅: ၀၀) နာရီထိ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့ရာတွင် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီစေရန်အတွက် ကောင်းမွန်သော စိုက်ပျိုးရေးနည်း စနစ်များဖြင့် စိုက်ပျိုးနိုင်ရန် ပဲစိုက်တောင်သူများအား နည်းစနစ်ဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ အသီးသီးသင်တန်းပို့ချပြီး ကျေးရွာသူ ၊ ကျေးရွာသား (၁၃၀)ဦး ကျော် တက်ရောက်ပြီး မြန်မာ့ပဲများအား ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်မှု အခြေအနေများ ၊ ပဲတင်ပို့နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ