Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၂.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင် (၆)ဆိုင်တွင် ရောင်းချနေသော ဆေးဝါးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိတို့သည် မအူပင်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အမျိုးမျိုး အရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေသောဆေးများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ ပျက်စီးဆေးဝါးများ၊ ရောနှောဆေးဝါးများ၊ ဘေးဥပါဒ် ဖြစ်စေနိုင်သည့် ပစ္စည်းများနှင့် ဖော်စပ်ထုတ် လုပ်သော ဆေးဝါးများ  ကျန်းမာရေးဝန်ကြီးဌာန၏ သုံးစွဲရန်မသင့်သော ဘေးအန္တရာယ်ရှိကြောင်း သတ်မှတ်ထုတ်ပြန်ထားသော ဆေးများ ရောင်းချမှုရှိ/မရှိကို ဆေးဆိုင်များအား စစ်ဆေးခြင်း၊  တရားမဝင်တင် သွင်းဆေးဝါးများ ရောင်းချ ခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ စပ်ဆေးအန္တရာယ်သတိပြုရန် ကျောက်ကပ်ပျက်စီးလွယ်သဖြင့် မရောင်းချရန် ၊ ပိုးသတ်ဆေးများရောင်းချခြင်းမပြုရန် ဆရာဝန်လက်မှတ်ပါမှ သတ်မှတ်ချက်အလိုက် လိုက်နာရောင်းချရန်၊ ဆေးပစ္စည်းကိရိယာများတွင် ကုန်အညွှန်းအမှတ်အသား အဖြစ်မနေဖော်ပြပါဝင် သင့်သည့်အချက်အလက်များ ပါဝင်မှုရှိ/မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မအူပင်မြို့နယ်အတွင်း ရောင်းချသော ဆေးများတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိရသည်။ ဆေးရောင်းချသည့် ဆိုင်ရှင်များလည်း တရားမဝင် ဆေးဝါးများ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ယခုကဲ့သို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအား‌လျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြာင်း သိရသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် အ.လ.က(ရိုးကြီး)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁-၁၀-၂၀၂၄)နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့၊ ရိုးကြီးကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၁၀ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိကို ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ “ ဝဏ္ဏကျော်” ပဲမုန့်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့ (၅)လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ ဝဏ္ဏကျော် ” ပဲမုန့်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ မုန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အလုပ်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

MITS, MRF, DOCA & DOTအဖွဲ့ များ စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် ပို့ကုန်ဝင်ငွေ ဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှု ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့်  မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် DOT အဖွဲ့ တို့သည် ၂.၁၀.၂၀၂၄ ရက်နေ့က Good Brother’s Co,Ltd ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ ဆားမလောက် စုပေါင်းလယ်ယာ၊ သရဖူဆန်စက်၊ ခွန်အားဆန်စက်၊ ဆွေသဟာဆန်စက်၊ ဖြူစင်သန့်ဆန်စက်၊ ဧရာဝတီဆန်စက်သို့ သွားရောက်၍ ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှု အခြေအနေများကို မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်တင်ပို့ရန် ပြင်ဆင်ထားပြီးပါက လိုင်စင်ထုတ်ယူမှု အခက်အခဲလုံးဝရှိကြောင်း၊ ညောင်တုန်း ဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့်  ပို့ကုန်ဝင်ငွေ ဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုအခြေအနေများကို စစ်ဆေးခြင်း၊  ဆန်စက်သိုလှောင်ရုံများတွင် ဆန်နှင့် ဆန်ကွဲပြင်ဆင်ထားရှိမှု စနစ်တကျသိုလှောင်ထားရှိမှု ဖြစ်ပေါ်စေရန်နှင့် လိုင်စင်လျှောက်ထားသည့် ဆန်/ဆန်ကွဲအမျိုးအစား၊ ဆန်တန်မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ ‌အောက်တိုဘာလ ၆ ရက်နေ့၊  နေ့လယ်(၁၄:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်းယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ ၁ ပေပါ လျှင် ၁၁၀ ပိဿာ ပါ စားအုန်းဆီ (၂၁) ပေပါနှင့် Kaung Hlyan New Asia Co,Ltd စားအုန်းဆီ (၄၂)ပေပါ ၊ စုစုပေါင်း (၆၃) ပေပါကို ယာဥ်မောင်း ဦးပြည့်ဖြိုးအောင်၊ ယာဉ်အမှတ် 7L-3503 မော်တော်ယာဥ်နှင့် KHN Co,Ltdမှ  စားအုန်းဆီ (၆၀) ပေပါကို ယာဉ်မောင်း ဦးခင်ချို၊ ယာဉ်အမှတ် 1H-3024 မော်တော်ယာဉ်နှင့် KHN Co,Ltdမှ စားအုန်းဆီ (၇၀) ပေပါကို ယာဉ်မောင်း ဦးဌေးဝင်း၊ ယာဉ်အမှတ် 7F-3777 တို့ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး  ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီစုစုပေါင်း (၁၉၃) ပေပါ အား ကုမ္ပဏီ၏ လက်ကား  အ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဥာဏ်ဝင်း၏ ရွှေတြိဂံ  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှ တစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဟင်္သာတမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊  အောက်တိုဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စသည့တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဘောဖြင့် ဝင်ရောက်လာသောကုန်စည်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၊ နေ့လယ် (၁၂း၁၅) နာရီ အချိန်တွင် ရန်ကုန်မြို့မှ ထားဝယ်ဆိပ်ကမ်း ဝင်းဖူးခိုင်တံတားသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီဂေါ်ဇီလာ သင်္ဘောဖြင့် တင်ဆောင်လာသော ကော်ဖီမစ်၊ အချိုရည်၊ ခြင်ဆေးကွန်တိန်နာများကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကြံခင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်  မျောက်ချောကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ နတ်မော်လမ်းရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၃၁၀ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိကို ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ