စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်အရပ်ရပ်တို့ကိုသိရှိစေရန် လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးလုပ်ငန်းစဉ်များအား အဆက်မပြတ်ဆောင်ရွက်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် မွေးမြူရေးလုပ်ငန်းရှင်(၂၈)ဦးအား စားသုံးသူကာကွယ်ရေးရာဥပဒေ (၂၀၁၉)အရ စီးပွားရေးလုပ်ငန်းရှင်တို့အား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုခြင်းဖြစ်ကြောင်းတို့ကိုရှင်းလင်းပြီး လုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ချိမည့်ကုန်စည်များကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားပါရှိရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ပါကြောင်း၊ စသည့်ဖြင့် ကုန်စည်တစ်ခုတွင် ကုန်အညွှန်းအမှတ်အသား၊ ကုန်အမှတ်တံဆိပ်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်သူ၏လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန်ကြမ်းပါဝင်မှုအမျိုးအမည်၊ ပမဏ၊ ပါဝင်မှုအချိုးအစား စသည့်အချက်များပါရှိသောကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲတတ်ရန် ဥပမာပေးရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏လုပ်ဆောင်ချက်များကို www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)