Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ရွေလာဘ်မင်း လက်ဖက်နှင့်အကြော်စုံလုပ်ငန်း  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၆.၇.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်က ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ဦးသန်းလှိုင် ရွေလာဘ်မင်း လက်ဖက်နှင့် အကြော်စုံလုပ်ငန်းသို့ကွင်းဆင်း၍ ဈေးကွက်အရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် အသေးစား အလတ်စား စက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များ အရ ဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ မိမိတို့လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ စားသောက်ကုန်လုပ်ငန်းဖြစ်သောကြောင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းမှုကို ဦးစားပေးဆောင်ရွက်ရန် အသေးစား၊ အလတ်စား စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားများအလုပ် အကိုင်အခွင့်အလမ်းများရရှိစေရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပန်းတနော်မြို့နယ် စည်ပင်သာယာရုံးတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပပြီးစီး

         စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၇.၇.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေပါ အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်း ပြစ်မှုပြစ်ဒဏ်များ စသည့် ဥပဒေပါအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆီလုပ်ငန်း ရှင်များမှ ပြန်လည်မေးမြန်းမှုများကို အပြန်အလှန်ဆွေးနွေးပြီး ဆီလုပ်ငန်းရှင် (၁၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်းများအား အတုအပပြုလုပ်ရောင်းချခြင်း ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး

မုံရွာ၊ဇူလိုင် ၂၇

              စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များတွင် ဇူလိုင်လအတွင်း ဈေးကွက်အတွင်းရှိ Mistine  အလှကုန်ပစ္စည်းများတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ၊  FDA ထောက်ခံချက်များဖြင့် ဖြန့်ဖြူးရောင်းချနေခြင်း ဟုတ်/မဟုတ်၊ Hologram (ရောင်ပြန်) စတစ်ကာများ ကပ်နှိပ်ထားခြင်း ရှိ/ မရှိနှင့် တရားမဝင်ပစ္စည်းတုများ  ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Mistine  အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ တရားမဝင်ပစ္စည်းတုများ ရောင်းချခြင်းမရှိကြောင်းနှင့်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ထောက်ခံချက်များဖြင့် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေးတွေ့ရှိရကြာင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

မုံရွာ၊ဇူလိုင်၂၇

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

    ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် ဇူလိုင်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊   Gano အမှတ်တံဆိပ်ဖြင့် စားသောက်ကုန်၊ လူသုံးကုန်ဖြည့်စွက် ဓါတ်စာများအား ဈေးကွက်အတွင်း အမည်တူတရားမဝင်ထုတ်ကုန်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြု ချက်ရယူရန် တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေး အသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

  

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

            ဇူလိုင် ၂၇ ရက် နေ့လယ် (၁၃း၃၀) နာရီတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ပါသည်။

           သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုနယ်မြေအတွင်းတွင် ဝါသီးနှံ စိုက်ပျိုးနိုင်သည့် မြို့နယ်များအနေဖြင့် ရေမြေသဘာဝနှင့်ကိုက်ညီသည့် ဝါမျိုးများစိုက်ပျိုးနိုင်ရန် အတွက် စိုက်ပျိုးရေးဦးစီးဌာမှ ပညာရှင်များက လမ်းညွှန်ပြသဆွေးနွေးသွားသည်များကို လေ့လာ မှတ်သား ဆောင်ရွက်သင့်ပါကြောင်း၊ ယခုသင်တန်းသည် ဝါစိုက်တောင်သူများ၏ ဘဝတစ်သက်တာ အတွက် နည်းလမ်းကောင်းများပေးသော သင်တန်းဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများဘဝ တိုးတက်မြင့်မားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများကို ဖွံ့ဖြိုး တိုးတက်အောင် အဓိကထား ဆောင်ရွက်နေပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ပို့ချပေးသည့် နည်းစနစ်များရော မိမိလက်တွေ့စိုက်ပျိုးနေသည့် နည်းစနစ်များကိုပါ ပေါင်းစပ် ဆောင်ရွက်လျှင် ဝါသီးနှံများ ပိုမိုထွက်ရှိ လာနိုင်ပါကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် ဝါများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဝါစိုက်တောင်သူများဘဝတိုးတက်မြင့်မားလာမည် ဖြစ်ပြီး နောင်လာမည့် မျိုးဆက်သစ်လေးများဘဝ ပိုမိုမြင့်မားနိုင်မည် ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

             သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၃၃)ဦး တက်ရောက်ခဲ့ပါသည်။

         အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနက ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းစနစ်ကောင်းများဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနက ဝါသီးနှံနှင့် ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် နိုင်ငံတော်မှထုတ်ပြန်ထားခြင်းများအား တောင်သူများထံသို့ အသိပေး ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

                                     

မကွေးတိုင်းဒေသကြီး မင်းဘူး၊ ပွင့်ဖြူ၊ စလင်း/ ဆင်ဖြူကျွန်း မြို့နယ်များရှိကုန်သည်/စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

             ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီး မှူး၊ မင်းဘူးခရိုင်ဦးစီးမှူးတို့လိုက်ပါလျှက် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း/ဆင်ဖြူကျွန်း မြို့နယ်များရှိ ကုန်သည်/ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိပါသည်။

          အဆိုပါတွေ့ဆုံပွဲကို ကုန်စည်ဒိုင်အသင်းအဖွဲ့များ ရေရှည်တည်တံ့ခိုင်မြဲ၍ ဒေသဖွံ့ဖြိုး တိုးတက်ပြီး ပို့ကုန်များ တိုးတက်လာစေရန်၊ မြို့နယ်အသီးသီးရှိ ကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များမှ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း တွင် ပါဝင်၍တိုင်းအဆင့် ကုန်သည်/စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ကျစ်လျစ်ခိုင်မာပြီး အားကောင်းသော အသင်းဖြစ်လာစေရေး ကုန်သည်လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးရည်ရွယ်‌၍ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရပါသည်။

          တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ပြည်သူများအတွက် အဓိက စားဝတ်နေရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပြီး ကျေးလက်ဒေသ လူနေမှုအဆင့် အတန်းမြင့်မားရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့သည် ကုန်သည်/စက်မှုလက်မှုလုပ်ငန်းရှင်များ အပေါ်တွင် မူတည်ပါကြောင်း၊ ဒေသအာဏာပိုင်အဖွဲ့များသည် ကျေးရွာများအားလုံးသို့ မရောက်နိုင်၊ မသိရှိနိုင်ကြောင်း၊ ကုန်သည်ပွဲစားများသည် နယ်ပယ်အရပ်ရပ်ရှိ တောင်သူများနှင့် သီးနှံအရောင်း အဝယ်ပြုလုပ်ရာတွင် အမြဲထိတွေ့ဆက်ဆံနေရ၍ ပို၍ရင်းနှီးမှုရှိကြောင်း၊ ဒေသအကြောင်းသိလို လျှင် ကုန်သည်ပွဲစားများမှတစ်ဆင့် သိရှိနိုင်ပါကြောင်း၊ ဒေသတွင်းစိုက်ပျိုးထွက်ရှိမှု၊ ရောင်းဝယ် ဖောက်ကားမှု ဈေးနှုန်းဈေးကွက်အခြေအနေများကို တစ်နေရာထဲတွင် တစ်စုတစ်စည်းတည်း ရယူပေးနိုင်ရန်အတွက် အလွှာအသီးသီးမှပါဝင်သော ကုန်သည်/စက်မှုအသင်းကြီးရှိဖို့ လိုအပ်ပါ ကြောင်းနှင့်  အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ (၁၀)ဦး၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များ (၄၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)    

 

 

သထုံမြို့နယ်တွင် လုပ်ငန်းခွင်ဝင်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၅)ဖွင့်လှစ်

           National Enlightenment Institute –NEI နှင့် မော်လမြိုင်ကုန်စည်ဒိုင်အသင်းတို့ ပူးပေါင်း မှုအစီအစဉ်ဖြင့် လုပ်ငန်းခွင်ဝင်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၅) ကို ၂၁.၇.၂၀၂၂ ရက်နေ့မှ ၂၅.၇.၂၀၂၂ ရက်နေ့ထိ သထုံမြို့နယ်၊ ဝါးပါးဆည်အနီး၊ ထောင်မှူးကျေးရွာရှိ Two Lakes Hotel တွင် (၅) ရက်တိုင်တိုင် ဖွင့်လှစ်ခဲ့သည်။

          (၅) ရက်တာ လုပ်ငန်းခွင်ဝင်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲသို့ မော်လမြိုင်ကုန်စည်ဒိုင်အသင်း၏ အလုပ်အမှုဆောင်များဖြစ်ကြသော ဦးခိုင်ဦး၊ ဦးမင်းဟန်ထွန်းတို့ပါအဝင် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ (၃၅) ဦးတက်ရောက် ခဲ့ကြောင်းသိရှိရသည်။

          အဆိုပါ လုပ်ငန်းခွင်ဝင်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက် ဒေသနေလူငယ်များနှင့် အမျိုးသမီးများ၏ အလုပ်အကိုင်စွမ်းဆောင်ရည်ပိုမိုမြင့်တက်လာစေရန်နှင့် ဒေသ၏လူမှုစီးပွားရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် ဦးဆောင်ဝင်ရောက် လုပ်ကိုင် လာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

          သင်တန်းတွင် သင်တန်းနည်းပြများနှင့် NEI မှ တာဝန်ရှိသူများက သင်တန်းကာလ (၅) ရက်တာကာလအတွင်း စီးပွားရေးဆိုင်ရာ စာတွေ့သင်ခန်းစာများ၊ လုပ်ငန်းခွင်ဝင်ဆိုင်ရာ စာတွေ့ သင်ခန်းစာများအား သင်ကြားခဲ့ကြပြီး ဘားအံမြို့နယ်ရှိ ကြက်ခြံမွေးမြူရေးလုပ်ငန်းများသို့ လေ့လာ ရေးခရီးစဉ်သွားရောက်ခဲ့ကြပြီး သင်တန်းနောက်ဆုံးအနေဖြင့် ၂၅.၇.၂၀၂၂ ရက်နေ့ သင်တန်း ဆင်းပွဲတွင် သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကွမ်းသီးစိုက်ပျိူးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းရေးအခမ်းအနား

           မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန ၊ပြည်နယ်ဦးစီးမှုးရုံးရှိ အစည်းဝေးခန်းမ၌ ကွမ်းသီး စိုက်ပျိူးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းရေး အခမ်းအနားကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ နေ့လယ် (၁)နာရီမှညနေ(၃)နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးဝင်းထွန်း၊ မွန်ပြည်နယ်စက်မှုအသင်း ဥက္ကဌဦးဝင်းထိန်၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ ဦးအောင်မျိူးဦး၊ National Enlightenment Institute(NEI)အဖွဲ့အစည်းမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်   လုပ်ငန်းရှင်များ စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့သည်။

            အခမ်းအနားတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီးကွမ်းသီးစိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းရခြင်းမှာ မွန်ပြည်နယ်ဒေသ ထွက်ကုန် တစ်ခုအပါဝင်ဖြစ်သည့် ကွမ်းသီးရောင်းဝယ်မှု စျေးကွက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုကြန့်ကြာခြင်းမရှိစေရန်နှင့် အသင်းရှိကွမ်းသီးလုပ်ငန်းရှင်များ ခက်ခဲသည့် အချက်အလက်များရှိလာပါက ဝိုင်းဝန်းဆွေးနွေးဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် မွန်ပြည်နယ်စက်မှုအသင်းဉက္ကဌ ဦးဝင်းထိန်မှ မွန်ပြည်နယ်တွင်း မြို့နယ် အလိုက်(၁၆)သင်း ပြည်နယ်အလိုက်(၂၃)သင်း စုစုပေါင်း (၃၉)သင်းလက်ရှိတွင် ဖွဲ့စည်းထားပြီး ကွမ်းသီးသည် Exportကုန်ဖြစ်သည့် အတွက်လုပ်ငန်းရှင်များစုစည်းပြီးယခုလို အသင်းဖွဲ့စည်းရေးကို ဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်လာ    သည့်အတွက် မွန်ပြည်နယ်တွင်း အသင်းအဖွဲ့တစ်ခုတိုးလာသည်ကို ဝမ်းမြောက် မိပါကြောင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍မော်လမြိုင် ကုန်စည်ဒိုင်အသင်း ဥက္ကဌဦးအောင်မျိူးဦးမှလည်း မိတ်ဆက်စကား ပြောကြားပြီး အသင်းဖွဲ့စည်းရာတွင်လိုအပ်သောအကူညီများကို တတ်နိုင်သလောက် ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောကွမ်းသီးနှင့်ဆက်စပ် လုပ်ငန်းရှင်များမှ အချင်းချင်းမိတ်ဆက်ခဲ့ကြပြီး ကွမ်းသီး လုပ်ငန်းနှင့်ပတ်သက်သည့်အခက်အခဲများ၊  အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။

         ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များထဲမှ ကိုယ်စားလှယ် (၇)ဦးကိုရွေးချယ်ပြီး ကွမ်းသီးစိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းနိုင်ရေးကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

မိတ္ထီလာခရိုင်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇူလှိုင်လ (၂၅)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများ၊ Mask ၊ Handgel၊ စံမမှီဆေးဝါးများနှင့် တားမြစ်ဆေးဝါး ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆေးစျေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် စျေးနှုန်းများအဆမတန်မြင့်တင်၍ စျေးကစားခြင်းများ မပြုလုပ်စေရေး ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။ စျေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အတွင်းရှိ ပေါက်‌ချောင်းဈေးအတွင်းရှိမုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းဈေးရှိ မုန့်မျိုးစုံဆိုင်များသို့ (၂၆.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စစ်ဆေးသည် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များကို ထုတ်လုပ်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်‌၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ