Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ကျင်းပပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးနှင့် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြု လုပ်ခဲ့ ကြပါသည်။

          ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူး ဒေါ်အမာရှိုန်နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်တို့က Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုရှင်းလင်းပြေားကြားပြီး၊ စားသုံးသူရေး ရာဦးစီးဌာနမှလည်း စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့် အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများ အနေ ဖြင့် သတိပြုရမည့် အချက်များ၊ စားသုံးသူများအနေဖြင့်  ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင်လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ အနေဖြင့် လည်းကောင်း နစ်နာဆုံးရှုံးမှုရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့် စားသုံးသူရေးရာအသိပညာပေး အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် စားသုံးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော

           ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာတန်ခံဦးမင်းဇော်တို့က ဇူလိုင်လ(၂၇)ရက်နေ့၊ နေ့လယ်(၁၆:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ် စားသုံးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)တို့အားခရိုင်ဦးစီးမှူးရုံးခန်း၌စားသုံး သူကာ ကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဟောပြော၍ လည်းကောင်း၊မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၉)ပုဒ်မ(၄၁)(၄၃)နှင့် ဟင်းသီးဟင်းရွက်ဆီ( Vegetable  Oil, Cooking Oil )နှင့်စပ်လျဉ်း၍ညွှန်ကြားချက်(၁/၂၀၂၁)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြပေးရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း ၊ယခုဈေးကွက်အတွင်းစစ်ဆေးရာတွင်MeiZan ၊ဇွဲ၊ ဇာမနီ၊ စသည့်ဆီဘူးများတွင်တိတိကျ ကျမြန်မာဘာသာဖြင့်ဖော်ပြပြီး ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုရှိသည်ကိုတွေ့ရှိရသော်လည်း Goody ဆီဘူးတွင် ပိဿာ၊ကျပ်သားဖော်ပြရာ၌ တိတိကျကျဖော်ပြထားမှုမရှိညဲပိဿာခန့်၊ ကျပ်သားခန့်ဟုဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း။ “ ခန့်” ဆိုသောစကားရပ်သည်မည်သည့် ပမာဏရှိသည်ကို မသိပါကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်ရောင်းဝယ်ဖောက်ကားရာတွင်ကိန်းက ဏန်းများတိတိကျကဖော်ပြရန်လိုပါကြောင်း၊ ဟောပြောဆွေးနွေးပါသည်။

          ထိုနောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်သူလုပ်ငန်းရှင်(၆)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

         ဖျာပုံခရိုင်ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖြိုးငါးဒိုင်တွင် မြို့နယ်ငါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဇော်ဝင်းနှင့်တွေ့ဆုံ၍ အသင်း၏လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေိ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ပါသည်။

          ထိုနောက် ဒေးဒရဲမြို့နယ်ငါးလုပ်ငန်းရှင်များအသင်းအနေဖြင့် ၂၀၀၈ခုနှစ် နာဂစ်လွန်ကာလများ တွင် အသင်းသားများအား ပိုက်၊ လှေ၊ စက်များကို အစိုးရ၊ NGO၊ INGO အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပံ့ပိုးကူညီနိုင်ခဲ့ပါသည်။ COVID-19 ရောဂါဖြစ်ပွားခဲသောကာလများတွင်ပံ့ပိုးကူညီဆောင်ရွက်နိုင်မှုမရှိ ခြင်းအသင်းသားများအနေဖြင့်လည်း သားငါးအရနည်းပါးခြင်းများကြောင့်အသင်းအပေါ်စိတ်ဝင်စားမှူ နည်းပါးလာသဖြင့် ကြိုးစား၍စည်းရုံးဆောင်ရွက်လျှက်ရှိပြီး အသင်းသားအချင်းချင်း ဖေးမကူညီဆောင် ရွက်ပေးလျှက်ရှိပါသည်။ ငါးလုပ်ငန်း ဖမ်းဆီး၊ ထုတ်လုပ်တင်ပို့ရောင်းဝယ်ရာတွင် စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းဈေးကြီးခြင်း၊ လုပ်သားရှားပါးမှုစသည့် အခက်အခဲမှုများနှင့် တွေ့ကြုံ နေရပါသည်။ သို့ဖြစ်ပါ၍ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို ထိန်းညှိဆောင်ရွက်ပေးနိုင်ပါက ငါးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ပြီး အသင်းရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါကြောင်း မြို့နယ်ငါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဇော်ဝင်းမှ ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် မြို့မဈေးအတွင်းအပြင်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးမှူးဦးသိန်းမောင် ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇူလိုင်လ(၂၆)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ နယ် မြို့မဈေးအတွင်းအပြင်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၁၅) (ခ)စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         ယင်းသို့စစ်ဆေးရာတွင် မြို့မဈေးအပြင်တန်ရှိကုန်မျိုးစုံအရောင်းဆိုင်များအားကွင်းဆင်းစစ် ဆေးခဲ့ရာ “မေ”သဘာဝနနွင်းတက်၊နနွင်းမှုန့်တွင် ကုန်စည်အသားတင်ပမာဏထုတ်လုပ်သည့် ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ဖော်ပြထားမှုမရှိကြောင်းတွေ့ရှိရသဖြင့် ၄င်း“မေ”သဘာဝနနွင်း တက် ၊နနွင်းမှုန့်ရောင်းချမှုကိုတားမြစ်ခဲ့ပြီး၊ပုဒ်မ(၅၂)အရ အရေးယူဆောင်ရွက်ရန် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဧရာ၀တီတိုင်းဒေသကြီးအသင်းခွဲ) နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

           မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဧရာ၀တီတိုင်းဒေသကြီး)အသင်းခွဲ၏ နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂:၀၀ နာရီမှာ ကျင်းပပြုလုပ်ရာ အသင်းနာယကများ အပါအဝင် အသင်းဥက္ကဌ ဦးသန့်ဇင်၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းသားအသစ်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

        အစည်းအဝေးတွင် ဧရာ၀တီတိုင်းဒေသကြီး အသင်းဥက္ကဌ ဦးသန့်ဇင်မှ မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် အသင်းအဖွဲ့များအားကောင်းရန် လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကို တစ်ဦးတစ်ယောက်တည်း ပြုလုပ်ခြင်းဖြင့် ထိုက်သင့်သလောက်သာ အောင်မြင်မှုများ ရရှိမှာဖြစ် သလို အသင်းအဖွဲ့များကို ခိုင်ခိုင်မာမာ ဖွဲ့စည်းထားရန် လိုအပ်ကြောင်း၊ မိမိတို့အသင်းကို ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) မှာ အသင်း၀င်ထားသလို မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ရန်ကုန်) ဗဟိုမှာလည်း အသင်း၀င်ဖြစ်ကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီးအတွင်း သဘာ၀သယံဇာတ အရင်းအမြစ်များကို အသုံးပြုကာ စိုက်ပျိုးရေးကဏ္ဍကို အဓိကလုပ်ကိုင်လျှက်၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းကဏ္ဍများအပြင် မြေယာနှင့်ပတ်သက်၍လည်း နှစ်ရှည်သီးနှံစိုက်ပျိုးခြင်း၊ အထည်ချုပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးသော ဒေသကြီးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက ဒေသအာဏာပိုင်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် မိမိတို့ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှလည်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း လက်ရှိအိမ်ခြံမြေ ရောင်း၀ယ်မှု စျေးကွက် အခြေအနေ ပင်လယ်ကမ်းခြေဒေသ စျေးကွက်၊ စက်မှုဇုန်စျေးကွက် အခြေအနေများနှင့် အသင်း၀င်ကြေးပေးဆောင်ရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြား၍ တက်ရောက်လာသော အသင်းသူ၊ အသားများမှလည်း မိမိတို့ အသင်းကြီး ခိုင်မာစွာ ရေရှည်ရပ်တည်နိုင်ရေးနှင့် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရေး ဝိုင်း၀န်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ စက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ အား (၂၇.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၂)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား (၂၆.၇.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော Mistine အလှကုန်ပစ္စည်းများတွင် Hologram(ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling ကပ်နိုင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စီးပွားရေးဖွံ့ဖြိုးမှုသည် အတူတကွ ပူးပေါင်းလုပ်ဆောင်နေသူတိုင်းတွင် မှီတည်လျက်ရှိ

          နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရားအောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိက နေရာမှပါဝင်သကဲ့သို့ ၎င်းတို့အား ဆက်မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်း ရှိအောင် ဖန်တီးပေးနိုင်ရေးသည် လွန်စွာမှအရေးကြီးပါသည်။  တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုသောစကားသည် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကကျပုံကိုမီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက် ရမည့် ကိစ္စများတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရန် ဖြစ်သော်လည်း အများနှင့် သို့မဟုတ် အဖွဲ့အစည်းများ အချင်းချင်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင ်အောင် ဆောင်ရွက်ရမည်လည်းဖြစ်ပါသည်။

               ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏ အစိုးရများပူးပေါင်းပါဝင်မှု၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ ကုလသမဂ္ဂကြီး၏ စီစဉ်မှုဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် တင်ပြပြီး ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများ၏ ထင်မြင်ယူဆချက်များ ရရှိနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများရှိ လူအများပူးပေါင်းပါဝင် လာစေမှုစသည့် ပူးပေါင်း ပါဝင်လာမှုပုံစံမျိုးစုံ၊ ထင်မြင်ချက်အစုံ၊ အတွေးအမြင်အစုံတို့ဖြင့်လိုချင်သည့်၊ အလိုရှိသည့် အနာဂတ်ကမ္ဘာ လောကကြီးကို ရည်မှန်းချက်ပန်းတိုင်များဖြင့် ပုံဖော်ခဲ့ကြပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ကြိုးစား အားထုတ်မှု မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံး၏ ပူးပေါင်းပါဝင်မှု အားထုတ်ကြိုးပမ်းမှု ၊ ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများ၏ အသံနားထောင်၍ ပုံဖော်ခဲ့ကြသည့် အောင်မြင်မှုဖြစ်ပါသည်။

               Sustainable Development ကို ပြည်သူ( People) ၊ ကမ္ဘာမြေ( Planet)၊ သာယာဝပြောမှု (Prosperity)၊ ငြိမ်းချမ်းမှု ( Peace) ၊ မိတ်ဖက်( Partnership) ဆိုသည့် 5Ps ဖြင့်လွှမ်းခြုံထားပြီး မိတ်ဖက်ကို ထည့်သွင်းထားသည်ကိုကြည့်ခြင်းအားဖြင့် ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်များ၏  အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာတွင် တည်ရှိနေကြောင်းကို ဆိုလိုသည်ဖြစ်၍ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း လိုအပ်ပါသည်ဟုဆိုလိုရင်းဖြစ်ပါသည်။ အလားတူ နိုင်ငံအတွင်းတွင် မိမိတို့နိုင်ငံအလိုက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရန်အတွက် မူဝါဒများ၊ မဟာဗျူဟာများ၊ စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအတွင်းရှိ အစိုးရဌာနအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ရမည်လည်း ဖြစ်ပါသည်။

          Partnership Platform သည်ရေရှည်စဉ်ဆက်မပြတ်ပန်းတိုင်များ အကောင်အထည် ဖော်ရာ၌ အမှန်တကယ်လိုအပ်သည်လည်းဖြစ်ရာ အဓိကအားဖြင့် မိတဖက်ကိုအားယူရေး၊ အရှိန်မြှင့်တင်ရန် တွန်းအားပေး ဆောင်ရွက်ရန် ဖြစ်ပါသည်။  ကမ္ဘာ့ကပ်ရောဂါပြဿနာ၊ ရာသီဥတု ပြောင်းလဲခြင်းပြဿနာ၊ ကမ္ဘာ့စီးပွားပျက် ကပ်ဆိုက်ခြင်း အခြေအနေ၊ နည်းပညာများလျင်မြန်စွာ ပြောင်းလဲတိုးတက်နေခြင်းများ၊ ကမ္ဘာ့ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ခြင်းအခြေအနေများ၊ အလုပ်လက်မဲ့ ပြဿနာများ၊ ပြောင်းရွှေ့ အလုပ်သမားပြဿနာ၊ မငြိမ်းချမ်းခြင်း ပြဿနာများစသည့် ပြဿနာ အထွေထွေ သည် ကမ္ဘာကြီး၏ နေရာအစုံတွင် ပုံစံမျိုးစုံဖြင့် ရှိနေလျက်ရှိရာ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ ဖြိုးမှု ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် အခက်အခဲ အဟန့်အတား များလည်း ဖြစ်ပေါ်နေသည်။

              မည်သို့ပင်ဆိုစေ ကမ္ဘာကြီးအတွက် နိုင်ငံများမှ တညီတညွတ်တည်း ချမှတ်ခဲ့သည့် ပန်းတိုင်များကိုမူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကမ္ဘာ့နိုင်ငံများမှ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး တွေ့ကြုံနေရသည့် အခက်အခဲ၊ အဟန့်အတားများ ကြောင့်လည်း မိတ်ဖက်၏အားများ၊ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အမှန်တကယ် ပိုမိုလိုအပ်လာနေသည်လည်း ဖြစ်ပါသည်။ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှု ၊ လက်တွဲကူညီ ထောက်ပံ့မှုများရှိမှသာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင် မည် ဖြစ်ပါသည်။

            ဘုံအကျိုးစီးပွားကို ရည်မှန်း၍ နိုင်ငံများ အနေဖြင့် နိုင်ငံအတွင်း ရေရှည် စဉ်ဆက်မပြတ် ပန်းတိုင်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မည်မျှ စီမံကိန်းများ ချမှတ်ဆောင်ရွက်စေကာမူ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ အားနည်းခြင်း၊ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပါက ပန်းတိုင်များ အကောင်အထည်ဖော်ရာ၌ အခက်အခဲရှိမည် ဖြစ်ပါသည်။  စည်းလုံးခြင်းသည် အင်အား၊ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုသည့် စကားရပ်များအတိုင်း ပူးပေါင်းဆောင်ရွက်ရာတွင်လည်း စည်းစည်းလုံးလုံးဖြင့်  ဘုံအကျိုးစီးပွားအတွက် ရှေးရှု ဆောင်ရွက်ရန် ဖြစ်ပါသည်။ တစ်ဦး တစ်ယောက်တည်း အဖွဲ့အစည်းတစ်ခုတည်းအတွက် ပူးပေါင်း ဆောင်ရွက်ရန်မဟုတ်ဘဲ  ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ၊ နိုင်ငံသားတို့ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ သာယာဝပြောစွာ နေထိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ဘုံအကျိုးစီးပွားကိုရည်မှန်းကာ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ တစ်ဦးကောင်း၊ အဖွဲ့အစည်းတစ်ခုကောင်း တစ်ခုအတွက် ရည်ရွယ် ဆောင်ရွက်ရန် မဟုတ်ဘဲ နိုင်ငံအကျိုးအတွက် နိုင်ငံသားများရည်ရွယ်ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပါ သည်။  သို့မှသာ ကမ္ဘာကြီး၏နေရာစုံတွင်ရှိနေကြသည့် လူသားအားလုံး အကျုံးဝင်ပါဝင်ပြီး သာယာဝပြောသည့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးဆီ ဦးတည်သွားနိုင်မည် ဖြစ်ပြီး မိတ်ဖက်ကိုအားယူကာ ထိရောက်အကျိုးရှိသည့် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် လူသားအားလုံး မျှော်မှန်းသည့် အောင်မြင်မှု ပန်းတိုင်ဆီ အရောက်သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)

ခရမ်းမြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၂၅.၇.၂၀၂၂) ရက်နေ့၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်း၏ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအသိပညာပေးဟောပြော ပွဲတွင် ခရမ်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်မှလည်း မိမိတို့ဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများနှင့် အစားအသောက်များကို ရွှေးချယ်ဝယ်ယူရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းများနှင့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက် သွားသင့်သည့် အချက်များကိုပါ ဗဟုသုတအဖြစ် ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူတစ်ဦးအနေဖြင့် အမှန်တကယ် နစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ တိုင်ကြားနိုင်ကြောင်းများ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရေးတို့ကို ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကရင်ပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

            ကရင်ပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ၂၈-၇-၂၀၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် ပြည်နယ်စာသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ ဒေါက်တာ ဦးအောင်မြင့်ဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ  အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် များနှင့် ယခင်လအစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက််ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဌ(ကိုယ်စား) ဒု-ဥက္ကဌမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦး တက်ရောက် ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၆) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DOCA (ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ