Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အုတ်တွင်းမြို့နယ် မူလွန်၊ ကြက်သွန်ခင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့်အတူ သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက  အုတ်တွင်းမြို့ ကြက်သွန်ခင်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

         ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက်ဌာနမှ ဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ဈေးကွက်အတွင်း ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေး ဖတ်ရှုသင့်သည့်အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

         မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်းအကျိုးကျေးဇူးကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၈၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

"စဉ်ဆက်မပြတ်စားသုံးမှုနှင့် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်တည်ဆောက်ရေး"

          ယနေ့ခေတ်ကမ္ဘာပေါ်တွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ နည်းပညာများ တိုးတက် ထွန်းကားလာသဖြင့် ကောင်းကျိုးများစွားရှိသကဲ့သို့ ဘေးထွက်ဆိုးကျိုးများအနေဖြင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးကွဲများ ဆုံးရှုံးခြင်း တို့ကို ကြုံတွေ့နေရပါသည်။ ကမ္ဘာ့မြေထု၊ ရေထုမှ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု များပြားလာပြီး စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့်ဓာတ်ငွေ့များအပါအဝင် စွန့်ပစ်ပစ္စည်းများ ကဏ္ဍမှာ စွန့်ပစ်ရန်အခက်အခဲများရှိလာသည်အထိ ကမ္ဘာမြေထု၊ ရေထုကို ညစ်နွမ်းမှုများဖြစ်အောင် သက်ရောက်မှုများရှိလာစေပါသည်။ လူနှင့်သတ္တဝါများအားလုံး သဘာဝဘေးဒဏ်များနှင့် ရင်ဆိုင် ကြုံတွေ့လာရမှုများရှိလာပါသည်။ ၎င်းကိစ္စရပ်များသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုပြဿနာများ ဖြစ်သည့်ပေါ်လာသည့်အတွက် နိုင်ငံအသီးသီးတွင် ရာသီဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ ဆောင်ရွက်မှုများပြုလုပ်လာကြသည်။

      လေထုညစ်ညမ်းစေသည့်စက်ရုံများမှ ထွက်ရှိသည့်အခိုးငွေ့များ ပြန်လည်သုံးစွဲမှုမပြုနိုင်သော ပစ္စည်းများကို ထုတ်လုပ်သည့်ကုမ္ပဏီများအား ကန့်ကွက်ခြင်း၊ ပလတ်စတစ်အိတ်များ သုံးစွဲမှု လျှော့ချစေခြင်း၊ အစိုးရမှမူဝါဒများချမှတ်ထိန်းကျောင်းပေးခြင်းတို့ကို လိုလားတောင်းဆိုလာ ကြပါသည်။ ထိုသို့တောင်းဆိုသော အသံများသည် တစ်နေရာမှတစ်နေရာသို့ အတူတကွပူးပေါင်း ဆောင်ရွက်ခြင်းများက  အစွမ်းထက်ကာ ပိုမိုထိရောက်စေနိုင်သည့် အပြောင်းအလဲကို ဖြစ်ပေါ် စေရန်ရည်ရွယ်၍ မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ် “ The Sustainable Consumer” ဟု  Consumer International အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းက သတ်မှတ်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအသီးသီးက စားသုံးသူအဖွဲ့အစည်းများ အတူတကွပူးပေါင်းလှုပ်ရှားမှုများ ဆောင်ရွက်သွားကြမည်ဖြစ်သည်။

      တစ်ကမ္ဘာလုံးဆိုင်ရာ ပလပ်စတစ်များထုတ်လုပ်အသုံးပြုခဲ့ကြပြီး ထုတ်လုပ်သုံးစွဲသည့် ပလတ်စတစ်အားလုံး၏ ၉ရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးပြုနိုင်ပြီး ကျန်၁၂ရာခိုင်နှုန်းသည် မီးရှို့ဖျက်ဆီးခြင်းကြောင့်နှင့် ၇၉ရာခိုင်နှုန်းသည် မပျက်စီးနှိုင်ဘဲ အမှိုက်ပုံများ အဖြစ်ရှိနေခြင်း၊ သမုဒ္ဒရာအတွင်းမျောနေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်၊ ပင်လယ်ရေညစ်ညမ်းမှုနှင့်  ကုန်းနေ ရေနေသတ္တဝါများ ထိခိုက်နစ်နာစေလျှက်ရှိပါသည်။

       ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်သော အစားအစာအားလုံး၏ ၃၀မှ၄၀ ရာခိုင်နှုန်းသည် ဆုံးရှုံးခြင်း/ ဖြုန်းတီးခြင်းဖြစ်နေကာ ပတ်ဝန်းကျင်အပေါ်မလိုလားအပ်သော ထိခိုက်မှုဖြစ်စေ လျှက်ရှိသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းပြုရာတွင် ရေရှည် တည်တံ့သော စားသုံးမှုနည်းလမ်းသို့ ကူးပြောင်းရန်လိုအပ်လာသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာရေ ရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ပန်းတိုင် ၁၇ ခုချမှတ်ထားရာတွင် ဆင်းရဲငတ်မွတ်မှု ပပျောက်ရေး၊ ရေရှည်တည်တံ့သည့် မြို့တော်များနှင့် လူမှုပတ်ဝန်းကျင် ဖန်တီး ပေးရေး၊ ကုန်းနေ၊ ရေနေသတ္တဝါများ  ဂေဟစနစ်ညီမျှစေရေး၊ ရာသီဥတုမျှတစေရန် ဆောင်ရွက်ပေး ရေးတို့ပါဝင်သလို Goal 12: Responsible Consumption and Production ဟု စားသုံးမှုနှင့် ထုတ်လုပ်မှုကို ပမာဏမျှတစွာချင့်ချိန်၍ ကုန်နိုင်သည့် ပမာဏခန့်သာသုံးစွဲရေး၊ ထုတ်လုပ်ပေး နိုင်ရေးအတွက် စဉ်းစား ထည့်သွင်းထားသည်ကိုတွေ့ရသည်။

     ကမ္ဘာအရပ်ရပ်ရှိ လူ၊ သတ္တဝါနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ထိန်းညှိပေးခြင်း ကိစ္စရပ်များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမှသာ ကျွန်ုပ်တို့စားသုံးသူများအတွက် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူပြည်သူတိုင်ကြားမှုများအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် နစ်နာမှုရှိပါက ဆက်သွယ် တိုင်ကြားနိုင်သည့် နည်းလမ်းများ အသိပေးဆောင်ရွက်

၁.၈.၂၀၂၂

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရန်မျှော်မှန်း၍ စားသုံးသူတို့၏အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် စားသုံးသူ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် လုပ်ငန်းရှင်တွေ့ဆုံပညာပေးလုပ်ငန်းများ၊ သက်ဆိုင်ရာ မိတ်ဖက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများကိုလည်း အချက်အလက် အထောက်အထားမှန်ကန်စေရေး၊ ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေး၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကို ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများကြုံလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။  စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်တိုအတွင်း ကုစားပေးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်များတွင် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ ဖွင့်လှစ်ထားကြောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ Email ဖြင့်သော်လည်းကောင်း၊ Oniline မှ သော် လည်းကောင်း တိုင်ကြားလို့ရနိုင်ကြောင်း၊  ယခုအခါ လျင်မြန်ဆောင်ရွက်နိုင်စေရေးအတွက် စားသုံးသူ ပြည်သူများ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်စေရန်  Call Center ဝန်ဆောင်မှုများဆောင်ရွက်လျက် ရှိရာ Call Center Short Code  နံပါတ် (၁၅၃၅) သို့  Teloner ၊  Ooredoo နှင့်  Mytel Sim Card  များ အသုံးပြုများသော  MPT Sim Card အသုံးပြုများသူများအနေဖြင့် Call Center ၏ Long Code  နံပါတ် ၀၉-၇၆၅၄၈၁၅၃၅ သို့  ဆက်သွယ်ခေါ်ဆိုအသုံးပြု တိုင်ကြား၍ရကြောင်းများကိုလည်း အများပြည်သူ သိရှိစေရန် ပညာပေးဟောပြောခြင်း၊ သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက်တိုင်ကြားသည့် ကိစ္စရပ်များကို လက်ခံခြင်း၊ သတင်းအချက်အလက်များ   ဖြန့်ဝေပေးခြင်း၊ နှစ်ဖက်ညှိနှိုင်း ဖြေရှင်းရန်ဆောင်ရွက်ခြင်း၊ စားသုံးသူရေးရာကော်မတီ၊ ကော်မရှင်အဆင့်ဆင့်တင်ပြ ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

 

 

ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ အလှကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပင်လုံရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား( ၂၇.၇.၂၀၂၂ )ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထိုင်းနိုင်မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် Better Way ( Thailand ), Co.,Ltd မှ FDA ထောက်ခံချက်များဖြင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများသည် Hologram ( ရောင်ပြန် ) စတစ်ကာနှင့် မြန်မာစာ  Labelling ကပ်၍ ဈေးကွက်အတွင်းသို့ တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ၎င်းအလှကုန် ပစ္စည်းများကို တုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပေါ် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်က အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြလာရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်း အရောင်းဆိုင်များအနေဖြင့် Mistine အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူရောင်းချပါကြောင်းနှင့် ရောင်းချသည့် Mistine အလှကုန်များတွင် Hologram ( ရောင်ပြန် ) စတစ်ကာနှင့် မြန်မာစာ Labrlling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

               

ထိုင်းနိုင်ငံထုတ်  အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           Thiri Cosmetic Co.,Ltd သည် ထိုင်းနိုင်ငံရှိ Better Way (Thailand) Co:,Ltdမှ ထုတ်လုပ်သည့် Mistine အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံ၌ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ကာ FDA ထောက်ခံချက်၊ Hologram (ရောင်ပြန်) စတေကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်အတွင်း တရားဝင်တင်သွင်းရောင်းချလျက်ရှိရာ ယခုအခါ ဈေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများအားတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် ပစ္စည်းများ တွေ့ရှိရကြောင်းသိရှိရသည့်အတွက် မြို့နယ်ဈေးကွက်အတွင်းရှိ/မရှိ သိရှိနိုင်ရန် (၁-၈-၂၀၂၂)ရက် နေ့ နေ့လည် (၂:၀၀)နာရီခန့်က သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် သံတွဲမြို့ ဒွါရာဝတီဈေးအတွင်းရှိ အလှကုန်ပစ္စည်းများရောင်းချသောဈေးဆိုင်များသို့ ဈေးကွက်စီစစ်ဆေးခဲ့ကြ ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းအလှကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအား မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်း အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ဉပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  Mistine အလှကုန်ပစ္စည်းများအား Thiri Cosmetic Co.,Ltdမှ FDA ထောက်ခံချက် Hologram ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော  အလှကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရရှိခြင်း

            မကွေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမဝင်ကန့်သတ်၊ တားမြစ်ကုန်စည်များနှင့် အကောက်ခွန်မဲ့ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီးအဆင့် တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေး ကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့အား မကွေးမြို့ ကုန်တင်/ ကုန်ချကားကြီးဝန်းအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး (၄.၁၀.၂၀၂၁) ရက်နေ့မှစ၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေ တားဆီးစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ ဌာနဆိုင်ရာပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့မှ (၁.၈.၂၀၂၂)ရက်နေ့တွင် မကွေးမြို့ကုန်တင်ယာဉ် ကြီးများရပ်နားစခန်း(ရပ်နား)တွင် လိုက်လံစစ်ဆေးရာ နံနက်(၉:၃၀) အချိန်တွင် ရန်ကုန်မြို့မှ မကွေးမြို့သို့ ကုန်မျိုးစုံ သယ်ဆောင်လာသော (၁၂)ဘီး မော်တော်ယာဉ်ပေါ် တွင် (Ostech Shampoo Cantaloupe, Apple, Fruity, Strawberry) အမှတ်တံဆိပ်ပါ အိမ်မွေးတိရိစ္ဆာန်သုံး ခွေးရေချိုးဆပ်ပြာများအား စစ်ဆေးရာ အဆိုပါပစ္စည်းနှင့် ပတ်သတ်၍ အထောက်အထားများ တောင်းခံရာတွင် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ထပ်မံစစ်ဆေး၍ အကောက်ခွန်မဲ့ တင်သွင်းလာသော ပစ္စည်းများဖြစ်သည့် (Ostech Shampoo Cantaloupe, Apple, Fruity, Strawberry)အမှတ်တံဆိပ်ပါ အိမ်မွေးတိရိစ္ဆာန်သုံး ခွေး ရေချိုးဆပ်ပြာ တစ်ဖာလျင် (၁၂)ဗူးပါဝင်သော (၆၀)ဖာ၊ (၇၂၀)ဗူး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်(၃၂၄၀၀၀၀) (သုံးဆယ်နှစ်သိန်းလေးသောင်းကျပ်)အား  (၂.၈.၂၀၂၂)ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲဖွင့်လှစ်သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာနထံသို့ လွဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

           

မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန(FDA)ရုံးတွင်  ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအား အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ရုံး အစည်းအဝေးခန်းမတွင် Dr.စိုင်းမင်းသူထွန်း (FDA)တိုင်းတာဝန်ခံနှင့်ပူးပေါင်း၍ (၁.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)မှ (၁၂:၀၀)နာရီထိ မကွေးမြို့ ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ရှင်(၄၄)ဦးတို့အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

        Dr.စိုင်းမင်းသူထွန်း(FDA) တိုင်းတာဝန်ခံမှ ဆေးဆိုင်များအနေဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ရန်၊ ဆိုင်များအား လေဝင်လေထွက်ကောင်းစေရေး အပူချိန်(30˚C) ထိန်းထားနိုင်မှသာဆေးများ အာနိသင်ပြည့်ဝမည်ဖြစ်ကြောင်း ဆေးဆိုင်အရောင်းဝန်ထမ်းများအားလည်း ဆေးဝါး ကျွမ်းကျင်သင်တန်းများ တက်ရောက်ထားကြရန်နှင့် ဆေးဝါးများ၏သက်တမ်းကို အမြဲတမ်းဂရုပြု နေကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်နှင့် တားမြစ်ချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရမည့် အချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

“မိတ္ထီလာခရိုင်အတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  (၂၇-၇-၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ခရိုင်ဦးစီးမှူရုံးခန်းအတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စားသောက်ကုန်ဖြန့်ဖြူရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

           အဆိုပါတွေ့ဆုံမှုတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး နည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြောငြာစာအမှတ် (၉/၂၀၂၂)ဖြင့်၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် တာဝန်များကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ဥပ‌ဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး၊ မည်သည့် စီးပွား‌ရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်‌ရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်‌ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးကျင့်ဝန်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စျေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုး ကျေးဇူးများ ရရှိစေလာမည်ဖြစ်ကြောင်း၊ သိရှိလိုသည်များ၊ အခက်ခဲများကို ရင်းနှီးပွင့်လင်း စွာတင်ပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca.gov.mm Websit တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ ကုန်စုံအရောင်းသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ (၂၆.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ Mistine အလှကုန်ပစ္စည်းများ ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချနေမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စစ်ဆေးရာတွင် စျေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများကို FDA ထောက်ခံချက် Hologram (‌ရောင်ပြန်)စတစ်ကာနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရာ ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချနေမှုမရှိပဲ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၂၇-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော အရောင်းဆိုင် (၁၀) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။  

           ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိပဲ ပိတ်ထားသော ဆိုင်များရှိ/မရှိ စစ်ဆေးခဲ့ပြီး မြို့နယ် တာဝန်ခံမှ  အရည်အသွေးပြည့်မီမှန်ကန်သည့် ပစ္စည်းများစျေးကွက်းအတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချရန်နှင့် စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များ စျေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အ‌ရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီရောင်းချမှု အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ