Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်ရပ်ကွက်နှင့်ရွှေ‌တောင်ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင် (၁၂) ဆိုင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှု/မရှိကို မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအများစုကို ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်ကြီးမြို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချသည့်စားသုံးဆီဘူးများတွင် ပင်ရင်းပါဝင်ပစ္စည်းများကို အခြေခံသောကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားရှိပြီး ကုန်စည်များ၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီဘူးများကိုသာတင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် ဝိုင်းဝန်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အထက(ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၇.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် မော်ကျွန်းမြို့နယ် ကွမ်းခြံချောင်း အထက(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းကာ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကြူးပါဝင်နေကြောင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန်ဖြစ်ကြောင်း ဟောပြောခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၆-၇-၂၀၂၃) ရက်နေ့တွင် ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း (၃) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ် (၇) ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၄ )ဆိုင်နှင့် အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၂) ဆိုင်သို့လည်းကောင်း၊ (၁၃-၇-၂၀၂၃) ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၂) ဦးတို့သည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ သူဇာရပ်ရှိ ဆန်နှင့်ဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၁) ဆိုင်နှင့် အမှတ် (၃) ရပ်ကွက်၊ ရူပကလျာလမ်းကြားရှိ Goody အမှတ်တံဆိပ်ဆီ ကိုယ်စားလှယ်ရောင်းချသည့်ဆိုင်သို့လည်းကောင်း၊  (၁၄-၇-၂၀၂၃) ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးအရောင်းဝယ်ရေးဆိုင် (၁) ဆိုင်သို့လည်းကောင်းသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီသည် နေ့စဉ် ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်ကုန်စည်ဖြစ်သဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) တွင် ပင်ရင်းပါဝင်ပစ္စည်းအားအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည့်အပြင် အလေးချိန် ဖော်ပြရာတွင် မြန်မာအလးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများအားသိရှိလိုပါက ရုံးဖွင့်ရက်၏ ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အလက(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄.၇.၂၀၂၃)  ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာ အလက(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းကာ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကြူးပါဝင်နေကြောင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန်ဖြစ်ကြောင်း ဟောပြောဆွေးနွေးပြီး၊ ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကာ ဆိုင်ပိုင်ရှင်များအား မိမိတို့ရောင်းချနေသော အစားအသောက်များတွင် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ အ.ထ.က(၃)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ အ.ထ.က(၃)ကျောင်းတွင်   ဆရာ / ဆရာမ(၃၃)ဦးနှင့် ကျောင်းသား / ကျောင်းသူ(၂၀၀)ဦးတို့ကို စားသုံးသူကာကွယ်ရေး  အသိညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးကဲ့သို့သော ဓာတုဆေးများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသောကုန်စည်များကိုသာ ရွှေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများကို ရွေးချယ်ဝယ်သူစားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားမှုစင်တာ    ဖွင့်ထားသဖြင့် လာရောက်တိုင်ကြားနိုင်ကြောင်းတို့ကို အသိအညာပေးဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်အတွင်းရှိ အ.လ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီးဖျာခရိုင် ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်     ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊  နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်   ဘုရားကလေးကွင်း

အ.လ.ကကျောင်းသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဟောပြောပွဲဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူ ကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများ အနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ  ဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည်အချက်များ၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စာသုံးသူက  တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်  စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက်သက်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ဥပဒေပုဒ်မ (၄၁) ၊ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေ ဖော်ပြထားသည့်  ကုန်ပစ္စည်းများ၊ သတိထားရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊ တားမြစ်ရေးများကို အခါမလပ်  ကြိုးစားအားထုတ်    ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်းကို  ဆရာ/ဆရာမ(၁၀)ဦးနှင့်ကျောင်းသား /   ကျောင်းသူ(၁၄၄)ဦးတို့အား စားသုံးသူ အသိပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

မုံရွာမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးဆီများသည် နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်ကုန်စည်ဖြစ်သောကြောင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်ဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများကို ဈေးကွက်အတွင်းရောင်းချနေပါက စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားလာနိုင်ခြင်း၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) ဖြင့် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်အား မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့စစ်ဆေးရန်အတွက် တိုင်း/ပြည်နယ်များအနေဖြင့် စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှညွှန်ကြားထားရှိပါသည်။

          သို့ဖြစ်ပါ၍ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၂) ဦး၊ သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲမှ ဝန်ထမ်း (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့သည် မုံရွာမြို့ပေါ်ရှိ စားသုံးဆီတံဆိပ်အမျိုးမျိုးရောင်းချလျက်ရှိသော Ocean Center သို့လည်းကောင်း၊ ချင်းတွင်းရတနာဈေးနှင့် သီရိရတနာဈေးရှိ ကိုယ်ပိုင်ဆီစက်ဖြင့်ဆီကြိတ်၍ ကိုယ်ပိုင်တံဆိပ်ကပ်ရောင်းချလျက်ရှိသော ဆီဆိုင်များသို့လည်းကောင်း၊ စက်မှုဇုန်ရပ်ကွက်ရှိ ဆီစက်များသို့လည်းကောင်း သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြကြောင်း၊ (၁၄-၇-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦးတို့သည် နန္ဒဝန်ရပ်ကွက်ရှိ K-MART စတိုး၊ မြဝတီရပ်ကွက်ရှိ ဆင်မင်း-၄ စတိုးဆိုင်များသို့လည်း သွားရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဘိုကလေးမြို့၊စက်မှုလမ်းနေပြည်သူများကို ကျန်းမာရေးပညာပေးခြင်းနှင့် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်တိုင်းရင်းဆေးပညာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စက်မှုမြေ  လမ်းရှိပြည်သူ (၁၂)ဦးတို့အား စားသုံးသူရေးရာ တာဝန်ခံရုံး၌ စားသုံးသူအသိပညာပေး    ဆောင်ရွက်ခဲ့ပါသည်။

   မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ပြဌာန်းချက်များကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ စားသုံးသူများ ရွေးချယ်ဝယ်ယူစားသောက်ရန်ဖြစ်ကြောင်းနှင့် စားသုံးသူများ   ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနတွင်  တိုင်ကြားမှုစင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ အသိပညာပေး‌ဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးပညာဌာနမှလည်း‌ ဒေသခံပြည်သူများအား ကျန်းမာရေးနှင့်အညီ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးအတွင်းရှိ ပဲပြား၊ မုန့်ဖတ်နှင့် မျှစ်အရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည်  ခရိုင်FDA အဖွဲ့ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနပူးပေါင်းအဖွဲ့သည် (၁၄.၇.၂၀၂၃) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် အောင်မင်္ဂလာဈေးအတွင်းရှိ ပဲပြား၊ မုန့်ဖတ်နှင့် မျှစ်အရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များ ဖြစ်သည့် ပဲပြား၊ မုန့်ဖတ်နှင့် မျှစ်များတွင် တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်ဖြစ်ကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဇလွန်မြို့နယ်ရှိ စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဇလွန်မြို့နယ် မရိုးခကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ဆရာ၊ ဆရာမ ၁၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၅ ဦးတို့အား (၁၂.၇.၂၀၂၃)နေ့၊ နေ့လယ် (၁၃:၀၀) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

 ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ