Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၂၂.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

    ဆန်စက်လုပ်ငန်းရှင်က ဆန်စက်မှ ထွက်ရှိလာသော စွန့်ပစ်စပါးခွံများအား တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ရန် စပါးခွံကြိတ်စက်တည်ဆောက်မည့်ကိစ္စရပ်အား ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက စပါးခွံများကို လောင်စာတောင့် ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုရန် သင့်လျော်ကြောင်း၊ တိရိစ္ဆာန် အစားအစာများ ထုတ်လုပ်ရာတွင် ဖွဲ့နုများကိုသာ အသုံးပြုရပြီး စပါးခွံများကို အသုံးပြု၍ မရကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် စပါးခွံကြိတ်စက် တည်ဆောက်ရာတွင် စက်စွမ်းအား၊ လိုအပ်သော ဆက်စပ်ပစ္စည်းများ၊ စက်လည်ပတ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဒုတိယပြည်နယ်ဦးစီးမှူးမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

       ၂၀.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးသည် တိုင်းရင်းဆေးအမျိုးမျိုးထုတ်လုပ်ရောင်းချသည့် Online Sale လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင်  တိုင်းရင်းဆေးအမျိုးမျိုးထုတ်လုပ်သည့် Online Sale လုပ်ငန်းရှင် က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သော အထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှု အဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ ဒုတိယပြည်နယ်ဦးစီးမှူးက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါကကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကို တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏မှတ်ပုံတင်၊ Owner ၏နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကို ပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email(သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆောင်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၁၉.၈.၂၀၂၄) ရက်နေ့နှင့် (၂၀.၈.၂၀၂၄) ရက်နေ့တို့တွင် နေ့စဉ် နံနက် (၀၉:၃၀)မှ ညနေ (၁၆:၀၀)နာရီထိ သင်တန်းကာလကို (၂)ရက် ကျင်းပမည် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

     အဆိုပါသင်တန်းတွင် (၁၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါသင်တန်းတွင် (၁၉.၈.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦး ဇော်မင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အကြောင်း၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်များ၊ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်က ဌာနသို့တိုင်ကြားနိုင်မှု နည်းလမ်းများအား အသိပညာပေးဟောပြောရာတွင် ပါဝင်ရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ ဆွေး နွေးခြင်းနှင့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်းသည့် လမ်းညွှန်ချက်နှင့် သိကောင်းစရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း၊ (၂၀.၈.၂၀၂၄)ရက်နေ့တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးရရာတွင် ပြောကြားရမည့်အချက်များ၊ ၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ တွင် လိုက်နာရ၍မည့်အချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အားသာချက်/ အားနည်းချက်များကို သုံးသပ်အကြံပြုခြင်းများ ဆွေးနွေးခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံ၌ ရထားစက်မှုသင်တန်းကျောင်း အပတ်စဉ်(၇၀) အခြေခံသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ကိုင်းမြို့၊ ဒီဇယ်စက်ခေါင်းစက်ရုံ၌ ရထားစက်မှုသင်တန်းကျောင်း အပတ်စဉ်(၇၀) အခြေခံသင်တန်းတွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဆရာ/မ(၁၇)ဦး၊ သင်တန်းသား/သူ (၄၃)ဦး စုစုပေါင်း (၆၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းနှင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း ဟောပြောပြီး ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့် အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်း ချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ် ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် ပန်းဖလက်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆိပ်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အစားအစာရွေးချယ်တတ်စေရေး အသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ "စားသုံးသူအခွင့်အရေးဦးစားပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးတတ်စေရေးရည်ရွယ်၍ (၂၀-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

       ပထမဦးစွာ မြို့နယ်တာဝန်ခံက ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲမှ ဝန်ထမ်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်း၊ နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ဦးစီးအရာရှိက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

               

တောင်ညွန့်ဈေးအတွင်း စားသုံးဆီ(ဘူးသွင်း)ဆီ အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့တွင်  ဒေါ်အေးအေးမော်နှင့် ဝန်ထမ်း(၂) ဦးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့် ဆိုင်(၈)ဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကို စစ်ဆေးရာတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်ရှိ သစ်ခွဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

    ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် ၂၁.၅.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင်  သင်္ဃန်းကျွန်းမြို့နယ်၊ သစ်ခွဆေးဆိုင်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၂၀၀)မျိုးကျော်ရှိသည့်အနက် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ်စသည့်တို့မှာ အများဆုံးရောင်းရကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းဖြင့် သာရောင်းချပေးနေပါကြောင်း ဆိုင်တာဝန်ခံထံမှ ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ) သည် ၁၉.၈.၂၀၂၄ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာဌာနများပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသော ဆီခွဲတမ်းများကို လူဦးရေ အမျိုးအစားအလိုက် အချိုးကျခွဲဝေခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ရပ်ကွက်/ဈေး နေရာအနှံ့ရောက်ရှိအောင် ဖြန့်ဖြူးပေးရန်၊ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ပြီး စားအုန်းဆီဈေးနှုန်းများကို အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်သည်ကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA(ရန်ကုန်)

 

တာမွေမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ Life Plus၊ သိဒ္ဓိစုံ၊ ရွှေအိုး ဆေးဆိုင်ရှိ တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ်သွေးဆေး၊ ဂြိုလ်ထု ဝမ်းနှုတ်ဆေး၊ ရွှေ(ခရမ်းဦးချစ်)နှလုံးအားဆေး၊ မဟာဖြေဆေး၊ ဆန္ဒမွန်၊ ထက်လင်းရင်လူးဆေး၊ မိဂသီ / ထွန်းရွှေဝါဒါဏ်ကြေလိမ်းဆေး၊ အစရှိသောဆေးများတွင် ကုန်အညွှန်းအမှတ်အသား ပြဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိသည်ကို တွေ့ရှိရပြီး စားသုံးသူအများစုမှာ မြန်မာတိုင်းရင်းဆေးဝါးများကို သုံးစွဲကြကြောင်း၊ ရွှေအိုးဆေးဆိုင်တာဝန်ခံက ပြောကြားခဲ့ရာ ခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးရန်နှင့် စပ်ဆေးများရောင်း ချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိုင်းယောင်းမြို့ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက် (၁၀ꓽ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနတို့ပူးပေါင်း၍ မိုင်းယောင်းမြို့၊ မြို့ပေါ်ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့၊ မြို့ပေါ်ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ