Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်းစိန်မြို့နယ်ရှိ ရွှေအိုးဆေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ် (၃၈/A)၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်ရှိ ရွှေအိုးဆေးဆိုင်သို့သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းများဈေးနှုန်းနှင့် ဆေးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်ရာတွင် ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ရွှေအိုးဆေးဆိုင်တာဝန်ခံအား ဆေးဈေးနှုန်းများ၊ ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းပြတ်လပ်မှုရှိ/မရှိကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးဇော်မင်းဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ရာ Denko, Moon San, Star Hight, MICA Power စက်သုံးဆီဆိုင်များရှိ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းရောင်းချကြရန်၊  အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင်ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချကြရန်ပြောကြားခဲ့ပါသည်။ ၎င်းနောက်  ဆီသိုလှောင်ကန်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ချက်စည်းကမ်းများနှင့်ကိုက်ညီကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးခြင်း

      ၂၁-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီအချိန်မှ နေ့လယ် ၁၇:၀၀ နာရီအချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်နှင့် စျေး ၆စျေးမှ တာဝန်ခံများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီ ၅ခုမှတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လက်လီ/ လက်ကားကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါအစည်းဝေးတွင် စားသုံးဆီဖြန့်ဝေရောင်းချမှုနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် ဖြန့်ဝေပေးရမည်ဖြစ်၍ စားသုံးဆီရောင်းချ/ဝယ်ယူသည့် မှတ်တမ်းစာအုပ်ပြုလုပ်ရမည်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီတာဝန်ရှိသူများပူးပေါင်းကာ အိမ်ထောင်စုတစ်စုချင်းစီအလိုက် စားသုံးဆီအမှန်တကယ်ရရှိရေးဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းမိတ္တူများရရှိရေး အမြန်ဆုံးဆောင်ရွက်၍ မြို့နယ်ရုံးသို့တင်ပြရန်နှင့် စားသုံးဆီဖြန့်ခွဲမှုနှင့်ပတ်သက်သည့် အစီအမံများအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှု့များအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဲဗား၊ မိဘမေတ္တာ၊ Pro One စသည့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။

     ၂၀-၈-၂၀၂၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဲဗား၊ မိဘမေတ္တာ၊ Pro One  စသည့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားမေးမြန်းခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံသည် ၂၁.၈.၂၀၂၄ ရက်နေ့တွင် ဆပ်ပြာမှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

(၃၀)ဈေးအတွင်း စားသုံးဆီ(ဘူးသွင်း)ဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့တွင်  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂) ဦးသည် မြောက်ဒဂုံမြို့နယ်၊ (၃၀) ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး(ဘူးသွင်းဆီ)ရောင်းချသည့် ဆိုင်(၁၀)ဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် အမေထွားပဲဆီသန့်၊ ရန်ကုန်ပဲဆီသန့်၊ မေဇင်(ဟင်းသီးဟင်းရွက်ဆီ၊ Goody ပဲပိစပ်ဆီ၊ ပုဇွန်နှစ်ကောင်ဆီအပါအဝင် အခြားဆီဘူးများတို့တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကိုစိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကိုရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ မြတ်သဇင်ဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည်  ၂ ၂-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ ရွှေအုပ်ဂူလမ်းရှိ မြတ်သဇင်ဆေးဆိုင်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်၌ ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၁၀၀)မျိုးကျော် ရှိသည့်အနက် အစာအိမ်ဆေး၊ ဝမ်းနှုတ်ဆေး၊ ချွဲပျော်ဆေး သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ် စသည့တို့မှာ လူသုံးများသော်လည်း၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ရန်၊ ဆေးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အကယ်၍ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်တာဝန်ခံအား အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ခရမ်းမြို့နယ်ရှိ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ တောင်သူဦးကြီးများအနေဖြင့် ဓာတ်မြေဩဇာအမျိုးအစားအမျိုးမျိုးအား ဝယ်ယူအသုံးပြုရာတွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ခရမ်းမြို့နယ်၊ ရပ်ကွက်များရှိ ဓာတ်မြေဩဇာဆိုင်များသို့ ဩဂုတ် ၁၅ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအမျိုးအစားအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော အပျိုကြီးဆိုင်၊ ရွှေကံ့ကော်ဆိုင်၊ ဖြိုးဆိုင်၊ အင်ကြင်းစံဆိုင်၊ ရွှေခြင်္သေ့ဆိုင်၊ ဇော်ကမ္ဘာ ဓာတ်မြေဩဇာဆိုင်ကြီးများတွင် ရောင်းချပေးနေသော ယူရီးယား၊ ၁၅ပတ်လည် ဓာတ်မြေဩဇာအမျိုးအစားများအားဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဓာတ်မြေဩဇာအမျိုးအစားအလိုက် ရည်ညွှန်းဈေးများသတ်မှတ်ထားသည့်အတွက် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ခရမ်းမြို့နယ်အရောက် သယ်ယူစရိတ်ပေါ်  အမြတ်ရာခိုင်နှုန်းတွက်ချက်၍ တောင်သူကြီးများအား ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် မိမိတို့ခရိုင်မှ ဓာတ်မြေဩဇာအမျိုးအစားအလိုက် အရောင်းဘောက်ချာ၊ လက်ခံများအား စနစ်တကျသိမ်းဆည်းထားရန်နှင့် သို့မှသာ သက်ဆိုင်ရာဌာနများမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများရှိလာပါက သက်သေအထောက်အထားပြနိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်နယ်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၂၂.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

    ဆန်စက်လုပ်ငန်းရှင်က ဆန်စက်မှ ထွက်ရှိလာသော စွန့်ပစ်စပါးခွံများအား တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ရန် စပါးခွံကြိတ်စက်တည်ဆောက်မည့်ကိစ္စရပ်အား ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက စပါးခွံများကို လောင်စာတောင့် ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုရန် သင့်လျော်ကြောင်း၊ တိရိစ္ဆာန် အစားအစာများ ထုတ်လုပ်ရာတွင် ဖွဲ့နုများကိုသာ အသုံးပြုရပြီး စပါးခွံများကို အသုံးပြု၍ မရကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် စပါးခွံကြိတ်စက် တည်ဆောက်ရာတွင် စက်စွမ်းအား၊ လိုအပ်သော ဆက်စပ်ပစ္စည်းများ၊ စက်လည်ပတ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဒုတိယပြည်နယ်ဦးစီးမှူးမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

       ၂၀.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးသည် တိုင်းရင်းဆေးအမျိုးမျိုးထုတ်လုပ်ရောင်းချသည့် Online Sale လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင်  တိုင်းရင်းဆေးအမျိုးမျိုးထုတ်လုပ်သည့် Online Sale လုပ်ငန်းရှင် က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သော အထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှု အဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ ဒုတိယပြည်နယ်ဦးစီးမှူးက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါကကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကို တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏မှတ်ပုံတင်၊ Owner ၏နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကို ပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email(သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ