Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မိတ္ထီလာခရိုင်အတွင်းရှိ မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

    ၂၀၂၃ခုနှစ် ၊ မေလ ၂၅    ရက်နေ့ (၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် မိထ္ထီလာမြို့နယ်အတွင်း မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် (၅) ဦးနှင့် ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည် စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့်စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊  စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေး ဥပ‌‌ဒေပြဌာန်းချက်များကို လိုက်နာပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊

     ဆက်လက်၍ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း (၂၀၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေအရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် စာသုံးသူများဖြစ်ကြောင်း ၊ စာသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၃ခုနှစ်၊ မေလ(၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခချုပ်၊ ဒုတိယ ကျောင်းအုပ်ဆရာမကြီး ၊ သရုပ်ပြဆရာ/ဆရာမများနှင့် အခြေခံပညာအထက်တန်းအဆင့် မွမ်းမံ သင်တန်းသားဆရာ/ဆရာမများ စုစုပေါင်း (၂၆၅)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ဒုတိယကျောင်းအုပ်ကြီးဒေါငြိမ်းကိုမှ စားသုံးသူကာကွယ်ပေးရေးသည် အလွန်အရေးကြီးကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ ဆရာ/ဆရာမများသိထားသင့်ရန် လိုအပ်ပါကြောင်း၊ လိုက်နာရန်စည်းမျဉ်းစည်းကမ်းများ နှင့်ဆောင်ရန်၊ ရှောင်ရန်၊ လေ့လာရန်နှင့်ပတ်သက်၍ အသိပညာများ လာရောက်ဟောပြောဆွေးနွေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးသမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

   ထို့နောက်ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တားမြစ်ချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် သတ်မှတ်ချက်များအားလည်းကောင်း  ရှင်းလင်းဆွေးနွေးပြီး  စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို    မေးမြန်းနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဗွီနိင်းများကို လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ဒုတိယကျောင်းအုပ်ဆရာမကြီးဒေါ်ငြိမ်းကိုထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

“ ဝါစိုက်ပျိုးထွက်ရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာ ”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက်တင်ပို့ရောင်းချမှုအခြေအနေများအား သိရှိနိုင်ရေးအတွက် (၁၉-၅-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ရွာသာကျေးရွာရှိ  ဝါကုန်သည် ဦးအေးမင်း(အလင်းရောင်ဝါစက်)နှင့် ထနောင်းကုန်းကျေးရွာရှိ ဝါစိုက်ပျိုးသော ဦးကျော် ကျော်တို့အား မိုးကြိုဝါစိုက်ပျိုးထွက်ရှိမှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

 ကျောက်ဆည်ခရိုင်တွင် မိုးကြိုဝါစိုက်ပျိုးမှုအနေဖြင့် စဉ့်ကိုင်မြို့နယ်၌ (၂၁၀) ဧကနှင့် မြစ်သားမြို့နယ်၌ (၁၀၀၉) ဧက၊ စုစုပေါင်း(၁၂၁၉) ဧကစိုက်ပျိုးလျက်ရှိပါသည်။ မိုးကြိုဝါအား ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လနှင့် သြဂုတ်လများတွင် ရိတ်သိမ်းကြောင်း၊ မိုးနှောင်းဝါအား သြဂုတ်လတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ မျိုးအနေဖြင့် တောင်သူအများစုမှာ ငွေချည်(၆)နှင့် (ရာကာ)အိန္ဒိယမျိုးများအား အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ဝါ(၁)ဧကလျှင် မျိုးတစ်ထုပ်ခွဲမှ နှစ်ထုပ်အထိကုန်ကျပြီး တစ်ထုပ်လျှင် (၃၂၀၀၀/-) ကျပ်ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၇၀၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၆၀၀-၇၀၀) ပိဿာထွက်ရှိကြောင်း၊ ထွက်ရှိလာသော ဝါများအား မန္တလေးစျေးကွက်သို့တင်ပို့ရောင်းချကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခင်နှစ်၌ ဝါ(၁)ပိဿာလျှင် (၃၃၀၀-၃၅၀၀) ကျပ်၊ ဝါစေ့ (၁)ပိဿာလျှင် (၁၄၀၀/-) ကျပ်နှင့် ဝါဂွမ်း(၁)ပိဿာလျှင် (၇၃၀၀-၇၄၀၀)ကျပ်စျေးများရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါသီးနှံများထွက်ပေါ်ခြင်း မရှိသေးဘဲ စိုက်ပျိုးထားသောမိုးကြိုဝါသီးနှံများမှာလည်း အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရှိပါသည်။

DOCA(မန္တလေး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ကျင်းပခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ရုံးလုပ်ငန်းများကျွမ်းကျင်မှုရှိကာ  ဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်( ၂/၂၀၂၃ )ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊  မေလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၂:၀၀) နာရီအထိလည်းကောင်း၊ ညနေ (၁၄:၀၀) မှ (၁၆:၀၀) အထိ သင်ခန်းစာပို့ချပြီး (၃)ရက်တာ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်ကအဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင်လည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများကျွမ်းကျင် မှုရှိစေပြီး ဌာန၏လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများကို သုံးလတစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

    သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)မှ စီမံရေးရာဌာနခွဲဘာသာရပ်၊ ရုံးလုပ်ငန်း လက်စွဲပါအခန်းများ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဘာသာရပ်၊  စာကြည့်တိုက်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဘာသာရပ်၊ စားသုံးသူအကာအကွယ်ပေးရေး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားများစစ်ဆေးခြင်း၊ ဒေါ်သစ္စာဖူး (ဦးစီးမှူး)မှ ငွေစာရင်းဌာနခွဲဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်း ဘာသာရပ်များ အသီးသီးပို့ချခဲ့ပြီး၊ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် ပို့ချသော သင်ခန်းစာများမှ အားသာချက်အားနည်းချက်၊ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အသိပညာဗဟုသုတများရရှိ၍ ဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၄)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ကယား)

 

တရုတ်လှ ကျေးရွာ၊ ဘားအံမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၆-၅-၂၀၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် တရုတ်လှကျေးရွာ၊ ဘားအံမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

     အဆိုပါဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက် သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက် နာရမည့်တာဝန်များအကြောင်းနှင့် စားသုံးသူများ အပြည့်အဝ ရရှိနိုင်ရန်နှင့် စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန်အတွက် စားသုံးသူပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC ကိုလည်း ဖွင့်လှစ်ထားလျက်ရှိကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင် ဘယ်သူတွေက တိုင်ကြားနိုင်ကြောင်းနှင့် ဘယ်လိုကိစ္စတွေကို ဖြေရှင်းဆောင်ရွက်မပေးနိုင်ကြောင်းကို ကုန်စည်နှင့် ဝန်ဆောင်မှု အမျိုးအစားအလိုက် အကျယ်တဝင့် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပါသည်။ ဟောပြောပွဲတွင် စုစုပေါင်းဦးရေ (၃၀)ဦး တက်ရောက်ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

   

အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ဟောပြောဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က  (၂၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အစားအသောက် ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ပွဲပြုလုပ်ကျင်းပခဲ့ပါသည်။

  အဆိုပါ Talk Show ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က Talk Show  ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးဝေဠုအောင်က စားသုံးသူလိုက်နာရမည့် အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အစားအသောက်များဘေးကင်းလုံခြုံရေးအတွက် ဌာန၏လုပ်ဆောင်နေမှုများ၊ ကုန်စည်၊ ဝန်ဆောင်မှုအာမခံချက်များနှင့် မိဘပြည်သူများသည် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလိုလျှင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင် အထောက်အထားမပြည့်မစုံ၊ ပြေစာ/အာမခံအထောက် အထား၊ ဆက်သွယ်ရမည့်လိပ်စာအပြည့်အစုံမရှိပါက ဖြေရှင်းဆောင်ရွက်ပေးလို့မရကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်ကြားနိုင်သူများ အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင် ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားတို့ကိုကာကွယ်ရန်အတွက် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ကိုးတောင့်ကျေးရွာရှိ ဒေါ်မြင့်မြင့်မော်စာသင်ဝိုင်းသို့သွားရောက်၍ ဆရာ/ဆရာမ(၂)ဦး၊ ကျောင်းသား/ကျောင်းသူ (၃၂)ဦး၊ စုစုပေါင်း(၃၄)ဦးနှင့် (၂၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဒေါ်သီတာထွေးကျူရှင်စာသင်ဝိုင်းသို့သွားရောက်၍ ဆရာ/ဆရာမ(၁)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၁)ဦး၊ စုစုပေါင်း(၁၂)ဦးတို့အား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

     အသိပညာပေးဟောပြောပွဲတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနကဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၉)ပါ စားသုံးသူများ ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလို ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြား နိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့်  Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသောဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၌ စိုက်ပျိုးတောင်သူများအား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးတောင်သူများအား တွေ့ဆုံဆွေးနွေးအသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွန်မှုဖြင့် (၂၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာသို့သွားရောက်၍ စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံပြီး သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။

     ကျွန်းညိုကြီးကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကထားပြီးလုပ်ကိုင်ကြောင်း၊ ယခင်က စိုက်ပျိုးတောင်သူများပြီး စိုက်ဧကများသော်လည်း ယခုအချိန်တွင် မြစ်ရေတက်ချိန်၌ ရေတိုက်စားခြင်းကြောင့် ကမ်းပါးများပြိုကြ၍ စိုက်ဧကများလျော့နည်းပြီး စိုက်ပျိုးတောင်သူ နည်းပါးသွားကြောင်း၊ တောင်သူများအနေဖြင့် ငရုတ်၊ ကုလားပဲ၊ ဆေးရွက်ကြီးစိုက်ပျိုးမှုများပြီး ငရုတ်သီးနှံကို ဒေသစီးပွားအဖြစ် စိုက်ဧကအများဆုံးစိုက်ပျိုးကြောင်း၊ ငရုတ်သီးနှံကို စိုက်ပျိုးတောင်သူ(၃၀)ဦး၊ စိုက်ဧက(၅၀)ခန့်စိုက်ပျိုးကြောင်း၊ မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ငရုတ်သီးမှည့်များကို စတင်ဆွတ်ခူးကြောင်း၊ ယခုနှစ်တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းကြောင်း၊ (၁)ဧကလျှင် ငရုတ်သီးအစို တင်း(၆၀၀)၊ ပိဿာ(၄၈၀၀)၊ ငရုတ်သီးအခြောက် တင်း(၂၄၀)နှင့် ပိဿာ(၆၀၀)ခန့်တို့ထွက်ရှိကြောင်း သီးနှံပေါ်ချိန်၌ ဒေသတွင်းဈေးကွက်မှာ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)ဈေးဖြင့်ရောင်းချရ၍ (၁)ဧကဝင်ငွေမှာ ကျပ်သိန်း(၆၀)ခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀)ခန့်ရှိကြောင်း၊ ကျွန်းညိုကြီး ကျေးရွာရှိ ငရုတ်စိုက်တောင်သူများမှာ ယခုနှစ်၌ ငရုတ်ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိကြောင်း၊ ထွက်ရှိသောငရုတ်သီးများကို ပခုက္ကူမြို့ပေါ်ရှိ ပွဲစားများက ကျေးရွာအထိဆင်း၍ဝယ်ယူကြောင်း တောင်သူဦးစိန်သန်းထံမှ သိရှိရပါသည်။

    ငရုတ်ဈေးကွက်အနေဖြင့် ငရုတ်သီးခြောက်(၁)ပိဿာလျှင် ၂၀၂၁ခုနှစ်တွင် ကျပ်(၃၀၀၀)၊ ၂၀၂၂ခုနှစ်တွင် ကျပ်(၄၅၀၀)ဖြင့်ရောင်းချရ၍ တောင်သူများအကျိုးအမြတ်နည်းခဲ့ကြောင်း၊ ယခု ၂၀၂၃ခုနှစ်တွင် ကျပ်(၁၀၀၀၀)ဈေးဖြင့်ရောင်းချရ၍ အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရပါသည်။

   ကျွန်းညိုကြီးကျေးရွာရှိ စိုက်ပျိုးတောင်သူများအား ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ငရုတ်သီးနှံသည် မြန်မာတို့၏မီးဖိုချောင်တွင် မရှိမဖြစ်နေ့စဉ်သုံးစွဲလျက်ရှိသော အခြေခံစားကုန်တစ်မျိုးဖြစ်ပြီး စားသုံးမှုများပြား၍ တောင်သူများအနေဖြင့် သီးနှံရိတ်သိမ်းပြီး သိုလှောင်ချိန် တွင် အလွန်အရေးကြီးကြောင်း၊ ငရုတ်သီးကို အခြောက်လှမ်းပြီး သိမ်းဆည်းရာတွင် သီးနှံအစိုဓာတ်မကျန်ရှိအောင် အလေးထားဆောင်ရွက်သင့် ကြောင်း၊ သီးနှံသိမ်းဆည်းမှုနည်းမမှန်ပါက ငရုတ်သီးတွင် အာဖလာတော့ဆင်မှိုဆိပ်များစွာပါရှိ၍ စားသုံးသူများဘေးဥပဒ်ဖြစ်စေနိုင်သောကြောင့် စိုက်ပျိုးတောင်သူများက အလေးထားဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာဈေးရှိ ဈေးတာဝန်ခံရုံး၌ အသိပညာပေးဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း‌ဒေသကြီး၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကန်သာဈေးရှိ ဈေးတာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မုန့်မျိုးစုံရောင်းချသည့်ဆိုင်ရှင်များနှင့် ကုန်မျိုးစုံရောင်းချသူများ၊ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

  မကွေးခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများရရှိနိုင်သည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မကွေးမြို့၊ စည်ပင်သာယာရေးအဖွဲ့၏ဈေးတာဝန်ခံက ယခုလို လာရောက်ဆွေးနွေးပေးပါသော စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်သည့်အတွက် မုန့်မျိုးစုံ ရောင်းချသူများနှင့် ကုန်မျိုးစုံရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်ရေး သာမက စားသုံးသူနှင့်သက်ဆိုင်သည့် စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကိုသိရှိရသည့်အတွက် အသိပညာဗဟုသုတ များရရှိပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊   မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ   ဦးဘောမ်ဇုန်း(ရုံးအုပ်) သည်   ၂၃.၅.၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၃၀) နာရီမှ (၁၄:၀၀) အချိန်အထိ ဝိုင်းမော်မြို့၊ဝါးရှောင်ကျေးရွာအတွင်းရှိ မြစ်ရွှေလီ စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်း(၁၂)ဦးအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ‌ဟောပြောပွဲတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)  ဖွင့်လှစ်ထားရှိမှုနှင့် တိုင်ကြားပုံ နည်းလမ်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ