Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခြင်း

          ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌ ၂၀-၇-၂၀၂၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၊ နေပြည်တော်ဦးစီးမှူး ဒေါက်တာဇော်လွင်က ပြည်သူများအနေဖြင့် စားသုံးဆီများကို ဈေးနှုန်းသက်သာ စွာဝယ်ယူနိုင်ရေးအတွက် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်အထိုင်ဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်ထပ်ပေါင်းပြီး၊ (၂%)ထက်မပိုသော အမြတ်ဖြင့်ရောင်းချပေးရမှာဖြစ်ကြောင်း၊ လက်လီဆိုင်များအနေဖြင့် ရန်ကုန်အထိုင်ဈေးနှုန်းပေါ်တွင် (၁၀%)ထက်မပိုသောအမြတ်ဖြင့် ရောင်းချ‌ပေးရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကားများဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ရောင်းချပေးစေလိုကြောင်း၊ လုပ်ငန်းရှင်များ၏ ဆီလိုအပ်ချက်များကို ရုံးချုပ်သို့ ဆက်လက် တင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့လိုအပ်ချက်များကို အမြန်ဆုံးတွက်ချက် တင်ပြပေးစေလိုကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆီလုပ်ငန်းရှင်အဖွဲ့ဝင်များ၏ ဆီလိုအပ်ချက်ပမာဏကို အထက်ဌာနအဆင့်ဆင့်သို့ ပေးပို့ တင်ပြသွားမှာဖြစ်ပါကြောင်း၊ ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေမှ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များအရ နယ်လှည့်အရောင်းဈေးကားများ စီစဥ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အခြေခံလူတန်းစားများအား ဖြန့်ဝေရောင်းချပေးနိုင်ရေး အဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်မည့်အစီအစဥ်များအား ဆွေးနွေးပေးပါရန် ပြောကြားခဲ့ပါသည်။

          စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် နေပြည်တော်မြို့မဈေး၊ အေလာဈေး၊ ပျဥ်းမနားဈေးနှင့် တပ်ကုန်းဈေးများတွင် ရောင်းချမှုအဆင်ပြေသော်လည်း အထူးဈေးနှုန်းဖြင့် (၃)ရက်ထက် ပိုမရောင်း နိုင်ဘဲ အထူးဈေးနှုန်းဖြင့် နေ့စဥ်ပုံမှန်ရောင်းချနိုင်ရေး၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ဈေးတစ် ဈေးမှာ (၂)ဆိုင်နှုန်းဖြစ်ဖြစ် လက်လီဈေးနှုန်းမှာ အမြတ်(၁၀%)အထိ လက်ခံလျက်ရှိပါသည်။

          နေပြည်တော် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကိုထက်မှ မြန်မာ နိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၁၇-၇-၂၀၂၂ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက် အရ မိမိအနေဖြင့် ၁၈-၇-၂၀၂၂ ရက်နေ့၌ နယ်လှည့်ဈေးကား(၄)စီးဖြင့် စားသုံးသူလက်ဝယ်အရောက် တစ်ဦးလျှင် တစ်ပိဿာနှုန်းကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အဖွဲ့ဝင်များအနေဖြင့် ဈေးကားများ လှည့်လည်ရောင်းချနိုင်ရေးအတွက် လိုအပ်သော ဆီပမာဏများအား ရရှိနိုင်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဒေါက်တာဇော်လွင်မှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားသုံးဆီလိုအပ်ချက် အပြည့်အဝရရှိရေးနှင့် အချိန်မီရောက်ရှိနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အသင်းသူ/သားများအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြား၍ အစည်းအဝေးကို နေ့လယ်(၁၂း၀၀)တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ချောက်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ရောင်းချသော ဆိုင်များအား ဌာနစုံဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်း

     မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ချောက်မြို့နယ်တာဝန်ခံ ‌ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၃.၇.၂၀၂၂)ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) အထိချောက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ရောင်းချသော ဆိုင်များအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးတာဝန်ခံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

            ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိ/ မရှိ တရားမဝင်ဆေးဝါးများ ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိနှင့် Mistine အလှကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/ မရှိ၊  FDA ၏ ထောက်ခံချက်များဖြင့် တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချခြင်း ဟုတ်/မဟုတ် စစ်ဆေးခဲ့ပါသည်။ လုပ်ငန်းရှင်များအား ဆေးဝါးအလှကုန်နှင့် စားသောက်ကုန်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားပြီး FDA ထောက်ခံချက်ရှိသော ကုန်ပစ္စည်းများသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 

 

မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း   

              မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအား ကျစ်လစ်ခိုင်မာစွာ ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ တို့နှင့်အတူ(၁၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီး မြို့နယ်တာဝန်ခံရုံး၌ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်များရှိ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် လည်းကောင်း၊ (၁၅.၇.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် အောင်လံ ကုန်စည်ဒိုင်ခန်းမ၌ သရက်မြို့နယ်၊ အောင်လံမြို့နယ်များမှ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါတွေ့ဆုံပွဲများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မကွေးတိုင်းဒေသကြီး ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း အလုပ်အမှုဆောင်အဖွဲ့ကို လက်ရှိ သက်တမ်းကာလကုန်ဆုံးပြီဖြစ်၍ အသင်း၏ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီပြန်လည် ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ယင်းသို့ပြန်လည်ဖွဲ့စည်းရာတွင် တိုင်းအတွင်းရှိ ခရိုင်အလိုက် ဒေသအသီးသီးရှိ သီးနှံ/ ထုတ်ကုန်ကဏ္ဍစုံမှ လုပ်ငန်းရှင်များစုံညီစွာပါဝင်ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ အသင်းကျစ်လစ်ခိုင်မာ တောင့်တင်းမှသာလျှင် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု၊ ဒေသဖွံ့ဖြိုးမှုနှင့်ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး တောင်တွင်းကြီးကုန်စည်ဒိုင်မှ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်(၆၁)ဦး၊ အောင်လံကုန်စည်ဒိုင်မှ  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်(၈၂)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

စားသုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးဆွေးနွေးခြင်း

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေမြို့နယ် တာဝန်ခံ ဦးသိန်းအောင်သည်  (၁၁-၇-၂၀၂၂)နေ့ နေ့လယ် (၁၃:၁၅)နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၃)ဦးအား မြို့နယ် ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးသိန်းအောင်မှ ဆွေးနွေးရာတွင် စားသုံးဆီရောင်းချသည့်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများကို မိမိတို့ကိုယ်တိုင်မထုတ်လုပ်သော်လည်း စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း ရောင်းချခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း တင်ပို့ခြင်းများဆောင်ရွက်ရာတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားများအား ဥပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁၊ ၄၂)တို့နှင့်အညီဖော်ပြရန်လိုအပ်ခြင်း၊ ပုဒ်မ (၄၃)ပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ခြင်း၊ ၎င်းအပြင် စားသုံးသူရေးရာဦးစီးဌာန၏ (၁/၂၀၂၁)ညွှန်ကြားချက်ပါ စားသုံးဆီများတွင်  ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကို ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု မြန်မာဘာသာဖြင့်တိကျစွာဖော်ပြရန်နှင့် အသားတင်ပမာဏကိုလည်း မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့အား မြန်မာဘာသာဖြင့်ဖော်ပြရန် လိုအပ်ကြောင်း၊ စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ဥ‌ပဒေ၊ ညွှန်ကြားချက်တို့နှင့် ကိုက်ညီသော ကုန်ပစ္စည်းများကိုသာ မှာယူရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာ စကားပြောကြား

           ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို (၁၄-၇-၂ ၀၂၂)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများစွာကို အပြည့်အဝခံစားနေရပြီဖြစ်ကြောင်း၊ ထိုနည်းတူ မိမိတို့နိုင်ငံလည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ယခင်(၁/၂၀၂၂) အစည်း အဝေးဆုံးဖြတ်ချက် (ခ) အရ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် စစ်ဆေးရေးအရာရှိ(၅)ဦးကို ရုံးချုပ်မှ ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည် နှင့်  ဝန်ဆောင်မှုများ ၊ (expire date ) သက်တမ်းကုန်ပစ္စည်းများ ရောင်းချမှု ရှိမရှိ စစ်ဆေးရာတွင် ပိုမိုထိရောက်လာမည်ဖြစ်ပြီး ပြည်သူများ ယုံကြည်စိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သောက်သုံးရေသန့်နှင့် ပတ် သက်၍ ပြည်သူများ လုံခြုံစိတ်ချစွာ သောက်သုံးနိုင်ရန်အတွက် (FDA) ထောက်ခံချက် ရရှိသော သောက်ရေသန့်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများကိုလည်း ထပ်မံ၍ (FDA) နှင့် ဆက်စပ်ဌာနများအနေဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်စေလိုကြောင်း၊ လုံခြုံစိတ်ချရသော ကုန်စည်(သို့) ဝန်ဆောင်မှုများရရှိစေရေးအတွက် စားသုံးရေးရာဦးစီး ဌာနအနေဖြင့် ဦးဆောင်၍ အနည်းဆုံး တစ်လ (၁) ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များကို ဆက်စပ်ဌာနများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်အထွေထွေချုပ်အုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများက စားသူကာကွယ်ရေးရာကော်မတီ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ကဏ္ဍအသီးသီးကို ပါဝင်ဆွေးနွေး အကြံပြုခဲ့ကြရာ ချင်းပြည်နယ်၊ စားသုံး သူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦစီးမှူးရုံးမှ စားသုံးရေးရာကော်မတီအတွင်းရေးမှူးက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စများကို တင်ပြခဲ့ရာ ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။

 

DOCA(ချင်း)

 

 

 

လက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၈.၇.၂၀၂၂ရက်နေ့တွင် ဝိုင်းမော်မြို့၊အမှတ်(၃)ရပ်ကွက်ရှိ လက်ကားအရောင်းဆိုင်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သောကုန်စည်နှင့် စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီသိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

“ရမည်းသင်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိ ကို ရမည်းသင်းမြို့နယ်အတွင်းရှိ OK Energy ၊ PT Power၊ Petro Green၊ Asia Egergy နှင့် MK ဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီ များကိုသာတင်သွင်း၊ဖြန့်ဖြူးရောင်းချရစေလိုကြောင်း ၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ပစ္စည်းများ ဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူများလက်ဝယ်သို့ ရည်ညွှန်းစျေးများအတိုင်း အမှန်တကယ်ရောင်းချပေးစေလိုကြောင်း၊  အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆီဆိုင်များမှ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ၊ဂါလံများကို (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)    

 

“(မိတ္ထီလာမြို့/ရမည်းသင်း)ခရိုင်အတွင်း တရားမဝင်ထုတ်ကုန်များ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

                စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း) ခရိုင် ၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများသည် (မိတ္ထီလာ/ရမည်းသင်း)ခရိုင် အတွင်းရှိ စျေးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို မလေးရှားနိုင်ငံ Gano Excek Industries SDN.BHD မှ အစားအသောက်၊ လူသုံးကုန်၊ ဖြည့်စွက်ဓါတ် စာများကို တစ်ဦးတည်းပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီး တရားဝင်သွင်းသွင်းရောင်းချလျက်ရှိ ကြောင်းနှင့်သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ သော ကုန်စည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက် ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား ပြောဆိုဆွေးနွေးခဲ့ပြီး၊ ဆိုင်ရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ လုပ်ငန်းရှင်တို့၏ တာဝန်၊ ဝတ္တရားများကို ရှင်းလင်းပြေားကြားခဲ့ပါသည်။ (မိတ္ထီလာ/ ရမည်းသင်း) ခရိုင်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)    

 

         

“(မိတ္ထီလာမြို့/ရမည်းသင်း)ခရိုင်အတွင်း ညွှန်ကြားချက် (၁/၂၀၂၂) နှင့် ပတ်သက်၍ လိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း) ခရိုင် ၊ ခရိုင် ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil) ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာြဖင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ အလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ) ဟူ၍ ဖော်ပြရမည် ဖြစ် ကြောင်းကို စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် (၁/၂၀၂၂) နှင့်ပတ်သက်၍ (၂၀.၆.၂၀၂၂) ရက်နေ့တွင် စတင်အာဏာတည်ပြီဖြစ်၍ ညွှန်ကြားချက်အား လိုက်နာမှု ရှိ/မရှိ စျေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ညွှန်ကြားချက်များအား လိုက်နာမှုရှိကြောင်းတွေ့ရှိရပြီး ခရိုင်ဦးစီးမှူးမှ ညွှန်ကြားချက်နှင့် ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်‌ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)    

 

         

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံဦးဘိုဘိုသည်  ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက် (၁၁:၀၀) အချိန်၌ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အလှကုန်ပစ္စည်းအရောင်း ဆိုင်လုပ်ငန်းရှင် (၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်ရှင်၏ တာဝန်များအကြောင်း၊ ပုဒ်မ(၁၈)တွင်ပါရှိသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါ သည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ