Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဆိုင်ရာ TALK SHOW အစီအစဉ် ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်မှ အကြီးတန်းစာရေး ဒေါ်လှနှင်းနွယ်သည် (၁၉.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင်အင်္ဂပူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအစီအစဉ်တွင် အကြီးတန်းစာရေး ဒေါ်လှနှင်းနွယ်က  ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါ  တားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၃ အရ  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊  ဝန်ဆောင်မှုနှုန်းထား၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှု၊ ပေးအပ်နိုင် သည့် အချိန်နှင့် စပ်လျဉ်း၍ လိမ်လည် လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို စားသုံးသူအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသော ကြော်ငြာများကိုမပြုလုပ်ရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလအတွင်း ကြော်ငြာထားသောပမာဏ၊ အရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန် ကမ်းလှမ်းခြင်း၊ ကုန်စည်တစ်ခုကို ဆုကြေး သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချခြင်း၊ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကို ဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်းမပြုရန် ပုဒ်မ ၆၄ အရ တားမြစ်ထားကြောင်း၊ ထိုပုဒ်မ ၆၃နှင့် ၆၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၇၀ အရ  ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ပါ ပြစ်ဒဏ်များအား စီရင်ခြင်းခံရပြီးနောက် အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းရှင်အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၆.၈.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊  ဓမ္ဘီကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကိုင်းစိုက်တောင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင်မြို့နယ်ဦးစီးမှူး ဦးမိုးကျော်ကစားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာ စိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်းစသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားသုံးဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ကမ်းနားလမ်းရှိ လက်လီ၊ လက္ကားဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် အမှတ်(၅)ရပ်ကွက် ကမ်းနားလမ်းရှိ လက်လီ၊ လက္ကားဆန်အရောင်းဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆန်လက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန် ဆန်ဈေးနှုန်းများကိုလည်း ပြည်သူများမြင်သာသော အရွယ်အစားဖြင့် မြင်သာသောနေရာများတွင် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့၊ (၉) ရပ်ကွက် “ရွှေကမ္ဘာ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

    ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့၊ (၉) ရပ်ကွက် ရွှေကမ္ဘာဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံက “ရွှေကမ္ဘာ” ဆန်စက်ပိုင်ရှင် ဦးဝင်းမင်းသန့် အား ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ နှင့် လက်ကျန်ဆန်စပါးအခြေအနေနှင့် ထုတ်လုပ်နေမှုအခြေအနေတို့အားမေးမြန်းခဲ့ပါသည်။ ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေမှာ ပေါ်ဆန်း တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ဧည့်ထမတစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ဆန်စပါး လက်ကျန်အနေဖြင့် စပါးတင်း(၅၀၀၀)၊ ဆန်(၈၀၀)အိတ်နှင့် လုပ်သားအင်အား(၁၂)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်းသိရသည်။ထို့နောက်မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက အခြေခံလုပ်သားပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက်ဆန်များကိုရည်ညွှန်းဈေးဖြင့်ရောင်းချပေးရန်နှင့်ခေတ်မှီစက်ကိရိယာများတပ်ဆင်ထားရှိမှုအခြေအနေ၊ MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လူငယ်လေ့ကျင့်ရေးအားကစားကွင်းတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ််းများသည် (၁၅.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၄၅)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လူငယ်လေ့ကျင့်ရေးအားကစားကွင်းတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေးခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက် လူငယ်လေ့ကျင့်ရေး အားကစားကွင်းတွင် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အိမ်ထောင်စု(၂၂၀)အား တစ်ပိဿာလျှင် (၆၆၅၀)ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်း ရောင်းချပေးခဲ့မှုနှင့် ကျန်ရှိနေသော အိမ်ထောင်စုများအတွက် အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ထွန်းသူရဆန်စက်သပြုကျေးရွာသို့သွားရောက်၍ ဆန်စပါးဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုရှိ/မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ ဆန်စက်ကြိတ်ခွဲထွက်ရှိသော ဆန်များကို မြို့နယ်တွင်းလက်ကားဖြန့်ဖြူးရောင်းချသူများသို့ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း စားသုံးသူပြည်သူကို တိုက်ရိုက်ဆန်စက်မှ သတ်မှတ်ရည်ညွှန်းဈေး ၁ပြည်လျှင် ၃၀၀၀/-ကျပ်ဖြင့်ရောင်းချနေမှုကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၄.၈.၂၀၂၄ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူ ပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community  Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအား အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ထုတ်ပြန်ထားသည့် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov .mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား စားသုံးရန်သင့်/မသင့်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အကျော် (အ.ထ.က) စာသင်ကျောင်းတွင် ပညာသင်ယူသူလူငယ်များ ပစ္စုပ္ပန်တွင်သာမက ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
         ဓနုဖြုမြို့အကျော် အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသည့် မုန့်ဆိုင် ၆ဆိုင်ရှိ အစားအသောက်နှင့်မုန့်များတွင် FDA မှတားမြစ်ထားသော မုန့်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်မုန့်များကိုစစ်ဆေးခြင်း၊ မသန့်ရှင်းသော အစားအသောက်များရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ မိုးရာသီဖြစ်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်သည့်အတွက် ယင်နားစာများကိုမရောင်းချကြရန်၊ အုပ်ဆောင်း၊ စကာ၊ အဖုံးများအုပ်၍ရောင်းချကြရန်၊ မြန်မာမုန့်ရောင်းချသူများအနေဖြင့် ခေါင်းစွပ်၊ လက်အိတ်များအသုံးပြု၍ မြန်မာမုန့်များကို ကိုင်တွယ်ရောင်းချကြရန်၊  တစ်ကိုယ်ရည်သန့်ရှင်းကို အထူးဂရုစိုက်ကြရန်၊ မုန့်ဈေးတန်းပတ်ဝန်ကျင်အနီး ရေဝပ်ခြင်းများမရှိရန်နှင့် ခြင်မပေါက်ဖွားစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အချက်များကို အပတ်စဉ်စစ်ဆေးမှုများလုပ်ဆောင်ကြရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ညောင်တုန်းမြို့နယ်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နယ်မြေစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၁၅-၈-၂၀၂၄ ရက်နေ့၊ ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြသည်။

      ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး မိုးတွင်းကာလ မိုးများရွာသွန်းသဖြင့် ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ စက်သုံးဆီများကို  သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊  မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်းရှိ/မရှိ၊ စက်သုံးဆီလက်ကျန်ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချရန်အလို့ငှာ အကြိမ်ကြိမ်လာရောက် တန်းစီဝယ်ယူမှုများမရှိစေရေးနှင့် တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများမရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်များအား သတိပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ပုဒ်မ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်သည်ကို ဆီဆိုင်ရောင်းချသူလုပ်ငန်းရှင်များသိရှိနိုင်ရန်နှင့် အပတ်စဉ် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ