Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

မုံရွာ၊ ဩဂုတ် ၃၁

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် ဩဂုတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၃၀)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ နန္ဒဝန် ဝန်ထမ်းအိမ်ယာတွင် သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများရောင်းချနေ

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏၊ လမ်းညွှန်မှုဖြင့် (၃၁.၈.၂၀၂၂) ရက်နေ့တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းမျာနှင့် မုံရွာမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းက နန္ဒဝန် ဝန်ထမ်းအိမ်ယာတွင်နေထိုင်သော ဝန်ထမ်းများအားတစ်အိမ်ထောင် လျှင် တစ်ပိဿာစီ(၅၅၀၀)ကျပ်နှုန်းဖြင့် စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း၊ ထိုသို့ ရောင်းချရာတွင် လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စနစ်တကျတန်းစီးစေခြင်း၊ တုံကင်နံပါတ်များဝေပေး၍ စောင့်ဆိုင်းစေခြင်း ပြုလုပ်ဆောင်ပေးပြီး သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်မှ ဒေသထွက်ကုန် လင်္ကာဒီပ ပဲမုန့်အကြောင်း

      ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းတွင် နေထိုင်သော ဦးမျိုးဝင်းနှင့် ဒေါ်လှအုန်းတင်တို့မှ လင်္ကာဒီပ ပဲမုန့်လုပ်ငန်းကို မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် ယနေ့တိုင်လုပ်ကိုင်လျက်ရှိကြကြောင်း လေ့လာသိရှိရသည်။ ဦးမျိုးဝင်းနှင့် ဒေါ်လှအုန်း တင်တို့သည် ယခင်က လင်္ကာဒီပအမည်ဖြင့် လက်ဘက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိရာ မိသားစုများသဖြင့် လက်ဘက်ရည်ဆိုင်တစ်ခုတည်းဖြင့် စားဝတ်နေရေး လုံလောက်မှုမရှိ၍ ပဲမုန့် လုပ်ငန်းကို ၂၀၀၉ခုနှစ်မှစတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၅ခုနှစ် နောက်ပိုင်း ကာလများတွင် လူသိများ လူကြိုက်များ ရောင်းအားကောင်းသော လုပ်ငန်းတခုအဖြစ် ရပ်တည်နိုင်လာခဲ့ပါသည်။

     ပဲမုန့်လုပ်ရန် ပါဝင်သောအဓိက ကုန်ကြမ်းပစ္စည်းများမှာ ကုလားပဲ၊ ဂျုံ၊ သကြား၊ ဆီတို့ဖြင့်ပြုလုပ်ပြီး လင်္ကာဒီပဆိုင်မှ တစ်နှစ်ပတ်လည် ရောင်းအားအပေါ် တွက်ချက်ပါက ပျမ်းမျှ တစ်နေ့လျင် ပဲမုန့်အလုံး (၆၀၀၀)ခန့် ရောင်းချရကြောင်း သိရှိရပါသည်။ လင်္ကာဒီပအမှတ်တံဆိပ် ပဲမုန့်သည် ကွမ်းခြံကုန်း မြို့နယ်အတွင်း သာမက ၎င်းမြို့နယ်နှင့်ဆက်စပ်လျှက်ရှိသော အခြား မြို့နယ်၊ တိုင်းဒေသကြီးများ အထိပါ လူကြိုက်များ ရောင်းအားကောင်းသော မုန့်အမျိုးအစား ဖြစ်ပါသည်။ ကွမ်းခြံကုန်းမြို့နယ်သို့ အလည်လာသည့် ဧည့်သည်များ အိမ်အပြန်လက်ဆောင်အဖြစ်လည်း ပဲမုန့်ကို ဝယ်ယူသွားကြသူ များရှိပါသည်၊ ယခုအခါ တွင် အဆိုပါလုပ်ငန်းကို ဝန်ထမ်း(၁၇)ဦးဖြင့် ပုံမှန်လည်ပတ်လျက်ရှိပါသည်၊ အဆိုပါလုပ်ငန်းသည် မိသားစုစားဝတ်နေရေး ပြေလည်သည့်အပြင် တခြားအလုပ်သမား ဝန်ထမ်းများကိုသာ ဝင်ငွေရရှိအောင် စွမ်းဆောင် နိုင်သော လုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပြီး ဆယ်ခုပါတစ်ဘူးကိုငွေကျပ် ၂၀၀၀ဖြင့် ရောင်းချလျက်ရှိပါသည်၊ ထို့အပြင် လင်္ကာဒီပပဲမုန့် သည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ဒေသထွက်ကုန်ပဲမုန့်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

 

Online တွင် ဈေးကွက်တင်ရောင်းချနေသော နို့စို့ကလေးနှင့် ကလေးငယ်များ အတွက် ဆိတ်နို့မှုန့်ဘူးများ ရောင်းချနေခြင်းကို  ရှောင်တခင်စစ်ဆေး

       ၃၁-၈-၂၀၂၂ ရက်နေ့၊  နံနက် ၁၁:၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၃၂)၊ သုန္ဒာ (၂)လမ်း၊ သုမင်္ဂလာအိမ်ယာရှိ OZ Housing Australian Lifestyle လုပ်ငန်းအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ် ထွေ/အုပ်၊ မြို့နယ်စည်ပင်(ကျန်းမာ‌ရေး)၊ စားသုံးသူရေးရာဦးစီးဌာန (အရှေ့ပိုင်းခရိုင်) တို့ပူးပေါင်း၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တရားမဝင် Online ကြော်ငြာချက်များ စောင့်ကြည့်ရေးအဖွဲ့၏ တင်ပြစာအရ Online တွင် ဈေးကွက်တင်ရောင်းချနေသော နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော ဆိတ်နို့မှုန့်ဘူးများ ရောင်းချနေခြင်းကို အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

           (၂၉-၈-၂၀၂၂)ရက်နေ့ နေ့လည်(၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အကောက်ခွန်ဦးစီးမှူး ပြည့်ဖြိုးသိုက် ဦးဆောင်ပြီး မြို့နယ် ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မောင်တောကုန်သည်ကြီးအသင်းမှတာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့ ကညင်တန်းရပ်ကွက် မြို့ဝင်ဂိတ်တွင် ကုန်တင်မော်တော်ယာဉ်များအား တရားမဝင်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       မောင်တောမြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာတွင် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင်း ဒေသတွင်းထိခိုက်မှုမရှိစေရေးအတွက် ရည်ရွယ်၍စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကုန်ပစ္စည်းများသယ်ဆောင်လာသော မော်တော်ယာဉ်များအား သယ်ဆောင်လာသောကုန်ပစ္စည်းနှင့် ကုန်ပို့လွှာများ ကိုက်ညီမှုရှိ/မရှိ  စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ရခိုင်)

စားသုံးဆီများ အထူးဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

           ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့်   Perfect King Trading Co.,Ltd. မှ စားသုံးဆီများကို သက်သာဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၁-၉-၂၀၂၂)ရက်နေ့မှစတင်၍ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကိုယ်စားလှယ် ရခိုင်ပြည်နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်းကူညီကြီးကြပ် ရောင်းချပေးလျက်ရှိပါသည်။   

         ထိုသို့ရောင်းချပေးရာတွင် (၁-၉-၂၀၂၂)ရက်နေ့တွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် ဝင်္ကာဘာကွင်းတွင် စားသုံးသူများ လက်ဝယ်အရောက် မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိပြီး စားသုံးဆီ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် (၆၆၀)ပိဿာအား ပထမနေ့တွင် ရောင်းချပေးခဲ့ပြီး ဆက်လက်၍ စစ်တွေမြို့ပေါ်နှင့် ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ်များသို့လည်း ဆက်လက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

                                                                  

သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် ဆန်တန်ချိန် (၁၀၀၀)အား ပြင်ဆင်ထုပ်ပိုးနေမှုအစီအစဉ်များကို သံအမတ်ကြီးမှ လာရောက်ကြည့်ရှု

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စီစဉ်ကြီးကြပ်မှုဖြင့် သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁၀၀၀)အား ပေးပို့လှူဒါန်းနိုင်ရေးအတွက် Shwe Wah Yaung Agriculture Production Co.,Ltd. ၊ International Green Land Trading Co.,Ltd. ၊ Wilmar Myanmar Riceland Limited တို့မှ သင်္ဘောတင်ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ (၂၉.၈.၂၀၂၂)ရက်၊ တနင်္လာနေ့ နံနက်ပိုင်းတွင် ကုမ္ပဏီ(၃)ခုမှ သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းမည့်ဆန်များအား သင်္ဘောတင်နိုင်ရေးအတွက် ထုပ်ပိုးပြင်ဆင်ဆောင်ရွက်နေမှုများကို မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့မှ လာရောက်ကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကနီမြိုနယ် အရှေ့ဘက်ခြမ်းဒေသများ၌ မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်

     ကနီမြို့နယ် အရှေ့ဖက်ခြမ်းဒေသများဖြစ်ကြသည့် ကနဲ၊ ဝယာ၊ အင်းလယ်ချောင်၊ နတ်ကြီး၊ ရွာသာ၊ ဆူးလေကုန်းနှင့် မိုးကောင်းကျေးရွာများတွင် မေလဆန်းပိုင်က စိုက်ပျိုးခဲ့သည့် မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိကြောင်း ဒေသခံတောင်သူများထဲမှ  သိရှိရသည်။ မိုးမြေပဲ(ခေါ်) ကုန်းပဲများကို မေလပထမပတ်အတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် စိုက်ပျိုးခဲ့ကြပြီး ယခုနှစ်တွင် မိုးပုံမှန်ရွာသွန်း ဖြိုးခဲ့သည့်အတွက် ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်းလည်း သိရသည်။

    ချင်းတွင်မြစ်အရှေ့ဖက်ခြမ်းဒေသများသည် မိုးမြေပဲများကို နှစ်စဥ် ဧက (၃၀၀၀) ဝန်းကျင် ပုံမှန်စိုက်ပျိုးကြကြောင်း၊ ကုန်းစိုက်မြေပဲများဖြစ်သည့်အတွက် မိုးရေကိုမှီတင်နေရကြောင်း၊ မိုးပုံမှန် ရွာသည့်နှစ်များတွင် မြေပဲအထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် ပုံမှန်စိုက်ပျိုးနေသည့်ဒေသ မျိုး (စပိန်)များအစား ရေဆင်းမျိုး မျိုးကိုပြောင်းလဲစိုက်ပျိုးလာခဲ့ကြသည့်အတွက် အထွက်နှုန်းရော အရည်အသွေးပါကောင်းမွန်ခဲ့ကြောင်း၊ ယခင်နှစ်က မိုးရွာသွန်းမှုနည်းပါးခဲ့သလို မျိုးကွာခြားမှု ကြောင့်လည်း အထွက်နှုန်းထိခိုက်လျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်က မိုးမြေပဲတစ်ဧက တင်း(၂၅) တင်း ခန့်သာ ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧကတင်း(၅၀-)အထိ ထွက်ရှိခဲ့ပြီး မြေပဲ အလုံး၊ အဆံ လှပသည့်အပြင် ဆီထွက်နှုန်းပါကောင်းမွန်ကြောင်း၊ ယခုနှစ်မိုးမြေပဲ အတောင့်(၁၀)တင်းခွဲပါက မြေပဲအဆံ(၃)တင်းထွက်ရှိကြောင်း လက်ရှိဒေသတွင်း၌ မြေပဲအတောင့်တစ်တင်းကို (၂၅၀၀၀ိ/-)ဖြင့် ဝယ်ယူမှုများရှိနေကြောင်း၊ တောင်သူအများစုမှ ထွက်ရှိသည့်မြေပဲများကို ဒေသတွင်းရှိမြေပဲခွဲစက်များတွင်ကြိတ်ခွဲပြီး မုံရွာဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် မိုးမြေပဲစတင် စိုက်ပျိုးစဥ်ကလည်း ရာသီဥတုကောင်းပြီး မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် မိုးမြေပဲအထွက်ကောင်းခဲ့ သလို ဈေးကောင်းလည်းရရှိခဲ့သည့်အတွက် မိုးမြေပဲစိုက်တောင်သူများ တွက်ခြေကိုက်မှုရှိကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရှိရပါသည်။

    ယခုလက်ရှိ မုံရွာကုန်စည်ဒိုင်ဈေးကွက်အတွင်း၌လည်း ဒေသအစုံမှမိုးမြေပဲများ ပုံမှန်ဝင်ရောက် လျှက်ရှိကြောင်း၊ ပြီးခဲ့သည့်အပတ်က မြေပဲဆီဆံအဖြူ တစ်ပိဿာ (၅၂၀၀ိ/-) ပေါက်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် မြေပဲဆီဆံအဖြူ တစ်ပိဿာ (၆၀၀၀ိ/-)ပေါက်ဈေးရှိခဲ့သည့်အတွက် ဈေးနှုန်း အနည်းငယ် ပြန်လည်းမြင့်တက်ခဲ့ကြောင်း ဒေသတွင်းဆီစက်များနှင့် ကျွန်းစိုက်တောင်သူများ မျိုးပဲအဖြစ် ဝယ်ယူမှုများရှိနေသည့်အတွက်တစ်ရက် အိတ်(၅၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ပျဥ်းမနားမြို့နယ်၊ အာဟာရသုခဈေးတွင် ဈေးကွက်လေ့လာစောင့်ကြည့်စစ်‌ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်နှင့်ဝန်ထမ်းများဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် စားသုံးသူကာကွယ် ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်ဈေးကွက်လေ့လာစောင့်ကြည့် စစ်ဆေးခြင်းကို ပျဉ်းမနားမြို့နယ်ရှိ အာဟာရသုခဈေးတွင် (၃၁-၈-၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်၌ ဆောင်ရွက်ခဲ့ရာ ဈေးအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်နှင့်အဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး  “ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ "အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဈေးဆိုင်များအား ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၁း၃၀)  နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မုံရွာမြို့တွင် စားအုန်းဆီများ ဈေးကားဖြင့်ရောင်းချပေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင်  မုံရွာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း အသင်းဝင်(၄)ဦးက ဦးဆောင်၍ မုံရွာမြို့ပေါ်ရှိ ဘုန်းစိုးရပ်ကွက်၊ သာစည်ဈေး အနီး၊ စက်မှုဇုန်ရပ်ကွက်၊ ဒေါနခြံရပ်ကွက်၊ လယ်တီကျောင်းရှေ့နှင့် အေးသာယာရပ်ကွက်တို့တွင် တစ်ရက်လျှင် ဈေးကား(၂)စီး၊ တစီးလျှင် (၆)ပေပါနှုန်း စုစုပေါင်း (၁၂) ပေပါကို တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်း ဖြင့် (၂၉.၈.၂၀၂၂) မှစ၍ ပြည်သူများသို့ နေ့စဉ်ရောင်းချပေးမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

         ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်စေရေးရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ