Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ်ဦးစီးမှူးက မော်လမြိုင်မုန့်လုပ်ငန်းရှင်အသင်းအား တွေ့ဆုံ

    (၂၇-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မော်လမြိုင်မုန့်လုပ်ငန်းရှင်အသင်းအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့များအားကောင်းစေရေးနှင့် MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲရှိလျှင် တင်ပြကြစေလိုကြောင်း ဆွေးနွေးခဲ့ရာ ပြည်မြန်မာမုန့်တိုက်လုပ်ငန်းရှင် ဦးဇော်အေးက မုန့်လုပ်ငန်းအတွက် စားသုံးဆီအခက်အခဲနှင့်စပ်လျဉ်း၍တင်ပြရာ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့်ချိတ်ဆက်၍ ၎င်းတို့၏အခက်အခဲအား ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

စစ်တွေမြို့၌ မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာ ဟောပြောအသိပညာပေးဆွေးနွေးခြင်း

  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို (၃၀-၄-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များက တာဝန် ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အနုပညာရှင်များ၊ အခြားစိတ်ဝင်စားသူများတက်ရောက်ကြောင်း သိရှိရပါသည်။

    ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်းပြီး အသိပညာဗဟုသုတများသိရှိလိုသည်များကိုမေးမြန်းနိုင်ပြီး ပွင့်လင်းစွာဆွေးနွေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်စနစ် တည်ထောင်ခြင်းမှာလည်း ပေါ်ထွန်းလာပြီးဖြစ်၍ MSME လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူ့အကျိုးစီးပွားတိုးတက်ဖြစ်ပေါ်ရေးအတွက် အတူပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ဥပဒေပညာရှင် ဦးသန်းမောင်က မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေး၍ တက်ရောက်လာကြသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြရာ အသိပညာပေး ဆွေးနွေးပွဲကို  ညနေ (၅:၃၀) နာရီအချိန်တွင်ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသည့် ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်းစတင်သည့် အခမ်းအနားကျင်းပ

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ (၁) ၌  အလားအလာရှိသည့် ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်း စတင်သည့် အခမ်းအနားကို (၂၁-၄၀-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ အုန်းစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စုစုပေါင်း (၅၁) ဦးတက်ရောက်ခဲ့ပါသည်။

     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်းကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Arrawaddy - Chaophraya - Mekong Economic Cooperation strategy(ACMES)) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌  လုပ်ဆောင်မည်ဖြစ်သည့်အတွက် အုန်းသီးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အုန်းစိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းရှင်များအတွက် လိုအပ်သည့်အခက်အခဲများကို ကူညီဖြေရှင်းပေးရာရောက်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်မည်ဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အုန်းစိုက်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးက ယခုစီမံကိန်းကာလ၌ (၁-၅-၂၀၂၃) ရက်နေ့မှ (၃၀-၄-၂၀၂၄) ရက်နေ့အထိဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၉၀၀၀၀) ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် (၄) ရပ်နှင့်အညီ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှုစနစ်ပီပြင်စွာဖြစ်ပေါ်လာပြီး အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာပိုင်းနှင့် ဈေးကွက်ရရှိရေးအပိုင်းများတွင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်မည့်အစီအစဉ်များတွင်လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ကူညီစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

  မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံများအား Sector အလိုက် အကျယ်တဝင့်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ အခမ်းအနားမှာ အောင်မြင်စွာကျင်းပပြီးစီးကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၄.၄.၂၀၂၃)ရက်နေ့ ညနေ (၁၅:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ခြင်းတို့ဆောင်ရွက်ကာ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် ပြစ်မှုပြစ်ဒဏ်များကိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို ၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင် ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဆီစက်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၆-၄-၂၀၂၃) ရက်နေ့၊နံနက် (၁၁:၃၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင် (၂) ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့်ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်အခက်အခဲရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းမြင့်တက်ခြင်းမရှိသေးသော မတ်ပဲဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် သင်္ကြန်အပြီး နောက်ရက်မှစ၍  မတ်ပဲများမှာ ပြန်လည်အရောင်းအဝယ် ဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။ ယခု၂၀၂၃ခုနှစ်၊ဧပြီလ (စတုတ္ထပတ်)တွင် ရောင်းဝယ်နေသောဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၆၇၀၀၀-   ၆၈၀၀၀) ကျပ်ဈေး ဖြစ်ကြောင်း သိရပါသည်။

      ယခင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ သိသိသာမြင့်တက်ခဲ့ပြီး ဈေးအမြင့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ၊  ယခုဧပြီလ (တတိယပတ်)တွင် အရောင်းအဝယ် ပြန်လည်ပြုလုပ်ခဲ့ပြီး ဈေးအမြင့်ကို မျှော်မှန်းခဲ့ပါသော်လည်း ထင်ထားသလောက် ဈေးမြင့်တက်ခြင်း မရှိဘဲ ပိဿာ(၂၀) တစ်တင်းလျှင် (၆၇၀၀၀-၆၈၀၀၀) ကျပ်နှုန်း ဖြစ်ခြင်းကြောင့် ပြီးခဲ့သောမတ်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက သိသိသာသာဈေးနှုန်းမြင့်တက်ခြင်းမရှိဘဲ  အနည်းငယ် ဈေးအမြင့်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဒေးဒရဲမြို့  မြို့မဈေး ဈေးသူဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၄)ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊  မြို့မဈေး ဈေးသူဈေးသား များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက် ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေး   ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူတို့၏  အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူ များနစ်နာမှု  ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မှု အခြေအနေများ၊ ရွေးချယ်ဝယ်ယူသင့်သည့် ကုန်စည်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

စက်သုံးဆီဆိုင်များအား ( IT ) အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်သော ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် “SPC” နှင့် “ရွှေဗျိုင်းဖြူ” စက်သုံးဆီအရောင်းဆိုင်(၂)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ပေးသည့် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းများထက်ကျော်လွန်၍ ရောင်းချနေမှုရှိ/မရှိတို့ကို ( IT ) အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဒိုက်ဦးမြို့ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဒိုက်ဦးမြို့မ စည်ပင်သာယာ ဈေးဝန်ထမ်းများနှင့်နှင့် ပူးပေါင်း၍ ဒိုက်ဦးမြို့ မြို့မဈေး အပြင်တန်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိမရှိ (၂၅.၃.၂၀၂၃)ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

    ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်စည်အမျိုးအစားအလိုက် ကုန်ညွှန်းအမှတ်အသားများ ဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၁) (၄၃)ပါ အကြောင်းအရာများအား အသိပေးရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

စားသုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်သော  ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ “ရွှေတိုးအောင်”ဆီဆိုင်နှင့် ဈေးကုန်းရပ်ကွက်ရှိ “သစ္စာ”ဆီဆိုင် (၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က  ရွှေတိုးအောင်နှင့် သစ္စာဆီဆိုင်တို့မှ ပိုင်ရှင်များအား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သောစားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ