မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းလင်းမောင်သည် (၂၆.၄.၂၀၂၃)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေးအစီအစဉ်နှင့်ပြန်ကြားဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များအရ မိဘပြည်သူများအားကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုပြုလုပ်ရာတွင် လိမ်ညာမှုများမဖြစ်စေရေး စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါသည်။
သတိပြုရမည့်အချက်များဖြစ်သော မိမိဝယ်ယူမည့်ပစ္စည်းနှင့်ပတ်သက်သည့် ပြည့်စုံမှန်ကန်သော သတင်းများကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ Online Websiteများတွင် နာမည်ဂုဏ်သတင်းကောင်းမွန်သော Official Websiteကို ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ Online Shopping Page တွင်ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့်ဖုန်းနံပါတ်များအား မြေပြင်တွင်လက်တွေ့အသုံးချမှု ရှိ/မရှိ ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ မိမိဝယ်ယူမည့် Online Shopသည် စားသုံးသူအများစု ယုံကြည်လက်ခံထားသော Online Shop ဟုတ်/မဟုတ်ကိုလည်း စိစစ်ရန်လိုအပ် ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသော Online Shop ဟုတ်/မဟုတ်လည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းဟုတ်/မဟုတ်၊ ယုံကြည်စိတ်ချရသော Online ရောင်းဝယ်သူများမှ Group ဖွဲ့ထားသော Online Shop Platformများနှင့် ချိတ်ဆက်ထားခြင်း ရှိ/မရှိ၊ Facebook Page တွင် Blue Mark အမှတ်အသားရရှိထားခြင်း ရှိ/မရှိနှင့် သုံးစွဲထားသောစားသုံးသူများ၏မှန်ကန်သော သုံးသပ်ချက် Review ကောင်းများရရှိထားခြင်း ရှိ/မရှိစသည့် အချက်များကို ကြည့်ရှုဝယ်ယူရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Online Shopလုပ်ငန်းရှင်များ ဘက်မှလည်း မိမိတို့ရောင်းချခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှုတွေနှင့် ပတ်သက်ပြီးမှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ပေးဝေဖို့လိုအပ်ပြီး မိမိတို့လုပ်ငန်းရဲ့ ဂုဏ်သတင်းကောင်းမွန်ပြီး ရေရှည်တည်တံ့ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်ရဲ့ ကျင့်ဝတ်တွေကိုလိုက်နာပြီး မှန်ကန်တဲ့ဝန်ဆောင်မှု ပေးဖို့လိုအပ်ပါကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်းကို စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့် အချက်များနှင့်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားစာပုံစံတွင် တိုင်ကြားသူ၏အချက် အလက်၊ စီးပွားရေးလုပ်ငန်းရှင်၏အချက်အလက်နှင့်တိုင်ကြားစာဖော်ပြချက်တို့ကို ဖြည့်သွင်းရန်လိုအပ်ပါကြောင်း စားသုံးသူများသိလိုသောမေးခွန်းများကို မေးမြန်းလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အသေးစိတ်အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူမိဘပြည်သူ များအား Online Shopping နှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်၊ နစ်နာမှုများကြုံတွေ့ လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့်သတင်းအချက်အလက်များအား စဉ်ဆက်မပြတ် ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)