Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲမျိုးစုံအား ဈေးကစားခြင်းမပြုစေရေး အရေးကြီးကုန်စည်အက်ဥပဒေဖြင့် ကြပ်မတ်ရန် အိန္ဒိယ ဗဟိုအစိုးရက ပြည်နယ်များသို့ ညွှန်ကြားခြင်း

အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၏ ၁၇-၅-၂၀၂၁ နေ့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အစည်းအဝေးတွင် စားသုံးသူရေးရာ အတွင်းဝန် Ms. Leena Nandan သည် ပြည်နယ်/ ပြည်ထောင်စုနယ်မြေများရှိ စားနပ်ရိက္ခာထောက်ပံ့မှုနှင့် စားသုံးသူဆိုင်ရာ အတွင်းဝန်များနှင့် တွေ့ဆုံလျက် နိုင်ငံတစ်ဝန်း၌ ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက် အခြေအနေအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။
အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရာတွင် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသူများက ဈေးကွက်၌ သိုလှောင်လုပ်ကိုင်လျက်ရှိသူများ၏ ဈေးကစားမှုများ ကြောင့် ပဲမျိုးစုံဈေးနှုန်းများ ရုတ်ချည်းမြင့်တက်ရခြင်းဖြစ်သည်ဟု သဘောထားမှတ်ချက်ပြုကြ ကြောင်း၊ သို့ဖြစ်၍ ပဲမျိုးစုံအား သိုလှောင်ဈေးကစားခြင်း မပြုစေရေး ၁၉၅၅ ခုနှစ် အရေးကြီး ကုန်စည်အက်ဥပဒေဖြင့် ကြပ်မတ်ရန်၊ ဈေးကွက်အတွင်း ပါဝင်လုပ်ကိုင်လျက်ရှိသည့် ပဲခွဲစက် များ၊ ကုန်သည်များနှင့် တင်သွင်းသူလုပ်ငန်းရှင်များမှ ၎င်းတို့လက်ဝယ်ရှိ ပဲမျိုးစုံကုန် လက်ကျန် စာရင်းကို ထုတ်‌ဖော်ပြောကြားစေပြီး တိုက်ဆိုင်စစ်ဆေးမှုပြုရန်၊ အပတ်စဉ် ပဲမျိုးစုံဈေးနှုန်းများ ကို စောင့်ကြည့်ကြပ်မတ်မှုပြုရန်နှင့် ကာလရှည်၌ တောင်သူလယ်သမားများ၏ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်လိုမှုကို တွန်းအားပေးဆွဲဆောင်နိုင်ရန်အတွက် အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းစဉ်များ အား အဆင်ပြေလွယ်ကူချောမွေ့အောင် ဆောင်ရွက်ရန် ပြည်နယ်များသို့ ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယ ပဲဈေးကွက်ရှိ ကုန်သည်လုပ်ငန်းရှင်များကမူ အရေးကြီး ကုန်စည်အက်ဥပဒေဖြင့် ကြပ်မတ်လုပ်ဆောင်ရန်အတွက် အစိုးရ၏ အထောက်အပံ့ပြု အခြေခံရည်ညွှန်းဈေးနှုန်း (MSP) နှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံဈေးနှုန်းများမှာ များစွာမြင့်မားမှု မရှိသေးကြောင်း ပြောဆိုလျက်ရှိကြ သည်။ အိန္ဒိယ ပဲခွဲစက်လုပ်ငန်းများအသင်း (AIDMA) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Suresh Agrawal က အစိုးရသည် ဈေးနှုန်းများ ၁၀% မှ ၁၅% အထိ မြင့်တက်လျက်ရှိသည့် ဆီထွက်သီးနှံများအပေါ် အလေးပေးရမည့်အစား ၅% မျှသာ ဈေးနှုန်းမြင့်တက်မှုရှိသည့် ပဲမျိုးစုံဈေးကွက်အပေါ် အရေးယူ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်မှုမှာ ပဲခွဲစက်အငယ်များနှင့် ကုန်သည် လုပ်ငန်းငယ်များအပေါ် ထိခိုက်နိုင်ပြီး ဈေးကွက်အတွင်း စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
မဟာရဋ္ဌပြည်နယ် Latur မြို့မှ ပဲကုန်သည်တစ်ဦးဖြစ်သူ Mr. Nitin Kalantri ကလည်း ဈေးကွက်တွင် ပဲတီစိမ်းဈေးနှုန်းများမှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး‌ငွေ ၄၇၀၀ မှ ၄၈၅၀ အတွင်း MSP ဈေးနှုန်း၏အောက်၌ရှိကြောင်း၊ ပဲစင်းငုံသည်လည်း ၁ ကွင်တယ်လျှင် ရူပီး‌ငွေ ၆၄၀၀-၆၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ချိန် ၁ ကွင်တယ်ပေါ် တွင် ပဲတီစိမ်းဈေးနှုန်းမှာ ရူပီး ၄၀၀ မှ ၅၀၀ ခန့်နှင့် မတ်ပဲဈေးနှုန်းမှာ ရူပီး ၈၀၀ ခန့်အထိ လျော့ ကျနေခဲ့ချိန်တွင် အစိုးရအနေဖြင့် မည်သည့်ပြဿနာနှင့် ကြုံတွေ့နေရသည်ကို နားမလည်နိုင် အောင် ဖြစ်ရကြောင်း ပြောဆိုခဲ့ပါသည်။
အစိုးရက ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်မည့်အရေးကို စိုးရိမ်မှုများရှိနေသော်လည်း လက် တွေ့ မြေပြင်အခြေအနေ၌ ထိုသို့ ဈေးနှုန်းများ ရုတ်ချည်းမြင့်တက်ရန် မရှိကြောင်း၊ ကုန်အဝယ် ဒိုင်အများစုမှာ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး ဝယ်ယူရေးလုပ်‌ဆောင်မှုမှာ နည်းပါးနေပြီဖြစ်ကြောင်း၊ မဟာရဋ္ဌ၊ ဂူဂျရတ်၊ ရာဂျပ်စတန်နှင့် ကာနာတကာ ပြည်နယ်များ၌ အသွားအလာ တားမြစ်ကန့် သတ်မှုများကြောင့် ကုန်စည်ဒိုင်အချို့ မပိတ်သိမ်းပဲ ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ အစိုးရ၏ သီးနှံ ဝယ်ယူရေးလုပ်ငန်းဖြစ်သော NAFED ကလည်း ပဲစင်းငုံ တန်ချိန် ၁၀ သိန်းခန့်မျှသာ ဝယ်ယူရန် ရှိသည်ဟု ပြောဆိုထားကြောင်း၊ အစိုးရသည် ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး သေချာအောင် ကြိုတင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သို့ရာတွင် ဤသို့လုပ်ဆောင်မှုမှာ ဈေးကွက်အတွင်း ကုန်စည်ပြတ်လပ်မှု ဖြစ်ပေါ်လျက် ရှေ့လာမည့် လအနည်းငယ်အတွင်း ပဲဈေးနှုန်းများ ၁၀% မှ ၁၅% အထိ မြင့်တက်ဖွယ်ရှိသည်ဟု အချက်ပြသကဲ့သို့ ရှုမြင်ရကြောင်း စသည်ဖြင့် မွန်ဘိုင်းမြို့ရှိ Navi Mumbai APMC လယ်ယာထွက်ကုန်ဈေးကွက်ကော်မတီမှ ဒါရိုက်တာ Mr. Nilesh Vira က ပြောကြားခဲ့ပါသည်။
အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Jitu Bheda က ဈေးကွက်အတွင်း ပဲမျိုးစုံကုန်လက်ကျန် များစွာမရှိတော့သကဲ့သို့ ပြည်ပမှတင်သွင်းသည့် ပဲများ အား သိုလှောင်ထားရှိမှုအပေါ် ပမာဏကန့်သတ်ခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာလများအထိ ပြည်ပမှ ပဲမျိုးစုံတင်သွင်းခွင့်ပြုထားပြီး ပြည်တွင်းမှ သီးနှံအသစ်များသည် ဇန်နဝါရီလ၌ ထွက်ပေါ်မည်ဖြစ်ရာ ယခုအရေးယူဆောင်ရွက်မှုမှာ ဈေးကွက်အပေါ် သက်ရောက် မှု ကြီးမားမည်ဟု ရှုမြင်ထားခြင်းမရှိကြောင်း ပြောဆိုခဲ့ပါသည်။
အစိုးရဌာနဆိုင်ရာ အရာရှိများ၏ ပြောကြားမှုအရ အစိုးရ၏ ပဲစင်းငုံဝယ်ယူရေးလုပ်ငန်း မှာ အပြီးသတ်သည့် အခြေအနေရှိပြီး တောင်သူများလက်ဝယ်တွင်လည်း လက်ကျန်များစွာ မရှိ တော့ကြောင်း၊ မတ်ပဲဝယ်ယူမှုမှာမူ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Financial Express သတင်း ဌာနမှ ဖော်ပြထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတသင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ခုနှစ် မေလ ၃၁ ရက် တနင်္လာနေ့၊ နံနက် ၁၀နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ရာတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ e-Government အကောင်အထည် ဖော်မှုတွေကို ယခင် ၁၀ စုနှစ်ထဲက ရှေ့ပြေးအနေနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ ဝန်ကြီးဌာန တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲ ရေးကော်မတီ၏ လမ်းညွှန်ချက်များမှာလည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ ဌာနရှိ ဝန်ထမ်းများအနေဖြင့် စားသုံးသူရေးရာ ကိစ္စရပ်များဖြစ်သည့် စားသုံးသူပညာပေးရေး လုပ်ငန်းများ၊ Online မှတဆင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းများ၊ Product Safety လုပ်ငန်းများ၊  အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီအပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့လုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်တွေ ရှာဖွေ၊လေ့လာ၊တင်ပြသည့်လုပ်ငန်းများ၊   အရည်အသွေးစီမံခန့်ခွဲမှု (Quality Management) လုပ်ငန်းများဆောင်ရွက်ရာမှာ နည်းပညာကျွမ်းကျင်စွာ အသုံးပြု တတ်စေဖို့ ရည်ရွယ်ပြီး (၃၁-၅-၂၀၂၁) ရက်နေ့မှ (၂၅-၆-၂၀၂၁) ရက်နေ့ထိရက် သတ္တပတ် (၄) ပတ်ကြာ သင်တန်း ဖွင့်လှစ်ပို့ချ ပေးသွားမှာ ဖြစ်ပါကြောင်း၊

              ယခုအခါ စားသုံးသူ တိုင်ကြားမှုတွေကို DOCA website နဲ့ DOCA Application ကနေ တိုင်းကြားနိုင်ပြီး နောင်ဆိုရင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းများကို Online မှတဆင့် ဖြေရှင်းပေးနိုင်သည့် အဆင့်အထိ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ကြောင့်ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှုနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့မှာ အလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ် ဖြစ်လာပါကြောင်း၊ ဒီလိုအသွင်ကူးပြောင်းရာမှာ အစိုးရဌာနအချင်းချင်း၊ အစိုးရနှင့် ပြည်သူအကြား၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပေါင်းစပ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာကျွမ်းကျင်မှုအပြင် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာကျွမ်းကျင်မှု (IT Skill) များ ပြည့်ဝရန် အထူးလိုအပ်လှပါကြောင်း၊

              COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပနိုင်ငံများနှင့် ဒေသတွင်း ကျင်းပပြုလုပ်သော အစည်းအဝေးများ ၊ ပြည်တွင်း/ပြည်ပသင်တန်း များကို   Virtual စနစ်ဖြင့် ကျင်းပဆောင်ရွက်လျှက်ရှိပါတယ်။ ITနည်းပညာ များသည် အချိန်နဲ့အမျှတိုးတက်နေတာဖြစ်လို့ လူငယ်တွေအနေနဲ့ IT နည်းပညာကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် သိစေလိုပါကြောင်း၊ အတွေး အခေါ်တွေ အမြဲတမ်းဆန်းသစ်နေဖို့ လေ့လာမှုတွေ များများလုပ်ဖို့လိုအပ်တဲ့အတွက် ယခုလိုသင်တန်းတွေ ဖွင့်လှစ်ပို့ချပေး နေတာဖြစ်ပါကြောင်း၊

              ယခုဖွင့်လှစ်တဲ့ရုံးသုံးကွန်ပျူတာသင်တန်းမှာ သင်ကြားပို့ချပေးမယ့် သင်ခန်းစာများက ရုံးလုပ်ငန်းများတွင် အဓိကလုပ်ဆောင်ရသည့် ရုံးစာများ စာစီစာရိုက်ခြင်း ( Microsoft  Office Word)၊ ဌာနခွဲအလိုက် အပတ်စဉ်နှင့် လစဉ် စာရင်းများ/ဝန်ထမ်းအင်အားစာရင်းများရေးဆွဲခြင်း (Microsoft Office, Excel) နှင့် ရုံးလုပ်ငန်းများအတွက် တင်ပြမှုအစီအစဉ်များ ဆောင်ရွက်ခြင်း (MicrosoftOffice Powerpoint)များ၊ ဝန်ကြီးဌာနရဲ့ ကွန်ပျူတာအင်တာနက် အသုံးပြုမှုများ၊ ဦးစီးဌာနများရဲ့ ကွန်ယက်ချိတ်ဆက် ဆောင်ရွက်မှုများ၊ (Internet အသုံးပြုခြင်း)၊ Meeting Conference ပြုလုပ်ခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းနှင့် ပတ်သက်၍ သတင်းအချက် အလက်များ လေ့လာခြင်း (Website Knowledge of DOCA) ၊ ရုံးလုပ်ငန်းသုံး ဓါတ်ပုံများ၏ အကောင်းဆုံး၊  ပြီးပြည့်စုံသောပုံများ ဖန်တီးဆောင်ရွက်ခြင်း (Adobe Photoshop) စတဲ့ သင်ခန်းစာများ ပါဝင်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့် သွားရန် လိုအပ်ပါကြောင်း၊ သင်တန်းချိန်တွင်းမှာလည်း မရှင်းလင်းတဲ့ သင်ခန်းစာများကိုလည်း နည်းပြများထံ အချိန်မရွေးမေးမြန်းနိုင်ပါကြောင်း၊ သင်ယူလေ့လာ ရသမျှတွေကို လက်တွေ့ ရုံးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ သင်တန်း ပြီးဆုံးပါက ပို့ချခဲ့သောသင်ခန်းစာများမှာသာ ရပ်တန့်မနေဘဲ နည်းပညာအသုံးပြုမှုများကို ဆက်လက်လေ့လာဆည်းပူးသွားရန်လိုအပ်ပြီး ဌာနအကျိုး၊ တိုင်းပြည် အကျိုး အတွက် အုတ်တချပ်၊ သဲတပွင့်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြား ခဲ့ပါသည်။

              ဆက်လက်၍ ဒုတိယဝန်ကြီးဦးညွှန့်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့က အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း/အရည်အသွေး

ရုပ်မြင်သံကြားစက်များ ဂျပန်နိုင်ငံတွင်း၌ ထုတ်လုပ်မှုကို Panasonic ရပ်ဆိုင်းမည်ဖြစ်

ဂျပန်နိုင်ငံမှ Panasonic ကုမ္ပဏီသည် နိုင်ငံအတွင်း၌ ရုပ်မြင်သံကြား (TV) စက်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများ၌သာ ထုတ်လုပ်မှုများ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Panasonic မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါ သည်။
မြို့တော်တိုကျိုရှိ စက်ရုံတွင် ဂျပန်နိုင်ငံပြည်တွင်း Panasonic TV ထုတ်လုပ်မှုကို ပြီးခဲ့ သည့်မတ်လကုန်ကရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ အသေးစားထုတ်လုပ်မှုများသည် အကုန်အ ကျများပြားပြီး ကုမ္ပဏီ၏ ဝင်ငွေကို ထိခိုက်နေကြောင်း Panasonic မှ တာဝန်ရှိသူများ၏ ပြော ကြားချက်အရ သိရပါသည်။
မလေးရှားနိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများတွင် Panasonic TV ထုတ်လုပ်မှု များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် Panasonic ကုမ္ပဏီအနေဖြင့် အသေးစားနှင့် အလတ်စား LCD TV များ ထုတ်လုပ်ခြင်းကို တရုတ်နိုင်ငံမှ ပြိုင်ဘက် အီလက်ထရောနစ် ကုမ္ပဏီဖြစ်သည့် TCL ကုမ္ပဏီသို့ လွှဲပြောင်းပေးရန် ညှိနှိုင်းနေကြောင်း သိရပါသည်။
တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ပြိုင်ဘက်များ မပေါ်ခင်အထိ ရုပ်မြင်သံကြားစက် ထုတ်လုပ်ခြင်းသည် Panasonic ကုမ္ပဏီအတွက် အလွန်မျက်နှာပန်းလှခဲ့သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Panasonic ကုမ္ပဏီသည် ၎င်းအနေဖြင့် အကြီးအကျယ် ရင်းနှီးမြှုပ် နှံခဲ့သည့် Plasma TV ထုတ်လုပ်ခြင်းကို ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပါသည်။ ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် Panasonic ကုမ္ပဏီ၏ ကမ္ဘာ့နိုင်ငံများသို့ TV ရောင်းအားမှာ အလုံးရေ ၃.၆ သန်းအထိ ကျဆင်းခဲ့ကြောင်းသိရပါသည်။ Hitachi ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် TV ထုတ်လုပ်မှု ရပ်နား ခဲ့ပြီး အခြား ဂျပန်အီလက်ထရွန်းနစ် ကုမ္ပဏီများသည်လည်း ပြည်တွင်း၌ TV ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ကြ ကြောင်းသိရပါသည်။
(ရင်းမြစ်- ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိထုတ်ကုန်များအား စံချိန်စံညွှန်းနှင့်ကိုက်ညီစေရေး၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စျေးကစားခြင်းများ မပြုလုပ်နိုင်စေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ (၂၆-၅-၂၀၂၁)

      ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိထုတ်ကုန်များအား ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း ၌ ထုတ်လုပ်ခြင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းတို့တွင် စံချိန်စံညွှန်းနှင့်ကိုက်ညီစေရေး၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စျေးကစားခြင်းများ မပြုလုပ်နိုင်စေရေးတို့အတွက် ကြပ်မတ်ကွပ်ကဲဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍  ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေး ခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က သံနှင့် သံမဏိဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ လက်ရှိကာလ၌ ဈေးကွက်တွင် ဈေးနှုန်းကြီးမြင့်ခြင်း ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ သံနှင့်သံမဏိများအား အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ချက်မရှိဘဲ ပြည်ပမှ တင်သွင်းနေမှုကြောင့် ပြည်တွင်းစံသတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အချို့ သံနှင့်သံမဏိစက်ရုံများမှာ ပိတ်သိမ်းလိုက်ရသည့် အခြေအနေများရှိနေသည်ဟု သံနှင့်သံမဏိ လုပ်ငန်းရှင်များအသင်းနှင့် ကုမ္ပဏီများမှ တင်ပြထားပါကြောင်း၊ လတ်တလောကာလ သံနှင့်သံမဏိ ​ဈေးနှုန်း ကြီးမြင့်လာမှုကို ထိန်းချုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း သံနှင့် သံမဏိတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် လျော့နည်းတင်သွင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့သံရိုင်းဈေးနှုန်းမြင့်တက်လာခြင်း၊ Telegraphic Transfer (TT) စနစ်ဖြင့် ကြိုတင်ငွေလွှဲနေရခြင်းနှင့် ဒေါ်လာဈေးနှုန်းမြင့်တက်လျက်ရှိခြင်းတို့ကြောင့် သံနှင့်သံမဏိဈေးနှုန်းများ မြင့်တက်လျက် ရှိပါကြောင်း၊ ဖြစ်သင့်သည့်ဈေးနှုန်းနှင့် ဈေးကွက်ပေါက်ဈေးကြား ကွာခြားမှုများ ရှိနေပါက ၎င်းကို ထိန်းချုပ်နိုင်ရန် အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် သံနှင့်သံမဏိပစ္စည်းများကို စံချိန်စံညွှန်းသတ်မှတ်ပြီး လိုက်နာဆောင်ရွက်ရမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီမှ ထုတ်ပြန်ထားပြီး ဖြစ်သည့် သံနှင့်သံမဏိ စံချိန်စံညွှန်း (၅) ခုအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သည့် လေ့လာသုံးသပ်ရေး လုပ်ငန်းအစုအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် သံနှင့်သံမဏိ ထုတ်ကုန်များအား ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချခြင်းတို့တွင် စံချိန်စံညွှန်းနှင့်ကိုက်ညီစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စျေးကစားခြင်းများ မပြုလုပ်နိုင်စေရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဦးစီးဌာနအနေဖြင့် စားသုံးသူများအကာအကွယ်ပေးနိုင်ရေးနှင့် စားသုံးသူများ မနစ်နာစေရေးတို့အတွက် Consumer Goods များ ဈေးနှုန်းမှန်ကန်စေရေး၊ ဈေးကစားမှု မရှိစေရေး တို့အတွက် အရေးကြီးကုန်စည်ဥပဒေဖြင့် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ ကြပ်မတ်ကွပ်ကဲခြင်းများ ဆောင်ရွက်လျက်ရှိရာ သံနှင့်သံမဏိထုတ်ကုန်များအတွက်လည်း အရေးကြီးကုန်စည်ဥပဒေဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ရန် သင့်/မသင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

       ထို့နောက် တက်‌ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက လက်ရှိသံနှင့်သံမဏိပစ္စည်းများ ဈေးနှုန်းမြင့်တက်ရသည့် အကြောင်းအရင်းများ၊ စံချိန်စံညွှန်များ သတ်မှတ်ထုတ်ပြန်ရန် ဆောင်ရွက်နေသည့် အခြေအနေများ၊ စံချိန်စံညွှန်းထုတ်ပြန်ပြီးသည့် သံနှင့်သံမဏိများအား ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်အရည်အသွေးများနှင့်အညီ လိုက်ပါဆောင်ရွက်ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတင်သွင်းခွင့်နှင့်ပတ်သက်၍ အိန္ဒိယအစိုးရက မူဝါဒပြင်ဆင်ချက် ထုတ်ပြန်ခြင်း

         အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00)၊ ပဲတီစိမ်း  [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည် အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ပါသည်။

         ယခုအခါ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အဆိုပါ ပဲ ၃ မျိုး အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကုန်စည်အဖြစ်သို့ ပြောင်းလဲ သတ်မှတ်လျက် အမိန့်ထုတ်ပြန်ချိန်မှ ၃၁-၁၀-၂၀၂၁ နေ့အထိ ဖြေလျော့လိုက်ကြောင်း ဖော်ပြ ပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 1858(E) ကို ၁၅-၅-၂၀၂၁ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

       အဆိုပါသတင်းထုတ်ပြန်ချက်အရ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၏ ၁၉-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ S.O.1266(E) ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုနှင့် ၂၆-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ S.O.1372(E) ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် မတ်ပဲ တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုတို့အား ယခုထပ်မံထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် အစားထိုး ပြင်ဆင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကို တင်သွင်းရန်အတွက် Bill of Lading ထုတ်ပေးခြင်းကို ၃၁-၁၀-၂၀၂၁ နေ့ နောက်ဆုံးထားဆောင်ရွက်ရန်နှင့် တင်သွင်း လာသည့်ကုန်စည်များအားဆိပ်ကမ်းရှင်းလင်းခြင်းကို (၃၀-၁၁-၂၀၂၁)ရက်နေ့အတွင်း အပြီးလုပ်ဆောင်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အသိပေးထားကြောင်း သိရှိရပါသည်။

 (ရင်းမြစ်- အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

စားသုံးဆီနှင့်ပတ်သက်သည့် အကြံပြုချက်များ

        စားသုံးသူပြည်သူများအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူစားသုံးသင့်ပါသည်။

           စားသုံးဆီတွင် ပြည့်ဝဆီနှင့် မပြည့်ဝဆီဟူ၍ အုပ်စု (၂) ခုရှိပါသည်။ ပြည့်ဝဆီတွင် တိရစ္ဆာန်မှ ရသော အဆီ၊ ထောပတ်ဆီ၊ အုန်းဆီနှင့် စားအုန်းဆီနှင့် မပြည့်ဝဆီတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီနှင့် ငါးမှရသောအဆီတို့ ပါဝင်ပြီး ဆီစားသုံးမှုလွန်ကဲပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ စားသုံးဆီများကို လိုအပ်သည့်ပမာဏထက်ပို၍ စားသုံးမိပါက အင်အားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အလေးချိန်တိုးလာနိုင်သည်နှင့်အမျှ နာတာရှည်ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လူတစ်ဦးကို တစ်လလျှင် စားသုံးဆီ ၆၀ ကျပ်သားခန့်သာ စားသုံးသင့်ပါသည်။

       စားသုံးဆီထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း အရည်အသွေးပြည့်မီပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသုံးဆီများကို ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာကျင့်ဝတ်ကောင်းများကို အပြည့်အဝလိုက်ပါဆောင်ရွက်သင့်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (မြို့နယ်) အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ

          ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့် အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန်ရည်ရွယ်၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (မြို့နယ်) ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို (၁၇.၅.၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးရှိ ရွှေဘိုပေါ်ဆန်းအသင်း ရုံးခန်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ရွှေဘိုမြို့နယ် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို (၂၀၁၅)ခုနှစ်မှစ၍ တည်ထောင်ခဲ့ပြီး၊ (၂၃.၈.၂၀၁၇)ရက်နေ့တွင် ဦးစိုးတင့် (ဥက္ကဌ)ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ (၁၉)ဦး၊ (၂၅.၅.၂၀၁၈)ရက်နေ့တွင် ဦးဘသင်း (ဥက္ကဌ)ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ (၂၁)ဦးဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့မှာ သင်းဖွဲ့စည်းမျဉ်းအရ (၂)နှစ် ပြည့်ပြီးဖြစ်၍ အလုပ်အမှုဆောင်အဖွဲ့ကို (၂၀၂၁)ခုနှစ်အတွင်း ပြန်လည်ရွေးချယ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အသင်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အသင်းသား အသင်းသူများ ထပ်မံစုဆောင်းခြင်း၊ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးများကောက်ခံ၍ ရွှေဘိုပေါ်ဆန်း GI ရရှိသည် အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(မြို့နယ်)ဥက္ကဌ ဦးဘသင်းမှ ရှေ့ဆက်ဆောင်ရွက်မည့် အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလုပ်အမှုဆောင်အဖွဲ့များနှင့် ဆွေးနွေးခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်(၄)ရပ် ချမှတ်ကာ အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                             ရွှေဘိုခရိုင်(DOCA)    

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ၊ ၂၀၂၁ခုနှစ် မေ ၁၆

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ တာဝန်ရှိသူများက ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဒေသထုတ်ကုန်များကို အသေးစိတ် လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဗဟိုဌာနကို အခြေပြု၍ ဒေသတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ပြည်ပဈေးကွက်ဝယ်လက်များနှင့် ချိတ်ဆက်ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ပြင်ဆင်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီးနောက် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအပေါ် လုပ်ငန်းလမ်းညွှန်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ချော့မွေ့စေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ၂၀၂၁ ခုနှစ် မေ ၁၅ ရက်နေ့

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးအတွက် ကွင်းဆင်းဆောင်ရွက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မကွေးခရိုင် မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာရှိ မျိုးကောင်းမျိုးသန့်ပြန့်ပွားရေး နွားမွေးမြူရေးခြံ တည်ထောင်ထားမှု အခြေအနေများကို Good Brothers ကုမ္ပဏီ မှ တာဝန်ရှိသူများက ရှင်းလင်းပြသပြီးနောက် နိုင်ငံခြားမှ မျိုးကောင်းမျိုးသန့် နွားများနှင့် မျိုးစပ်၍ အသားစားနွား၊ နို့စားနွားနှင့် ခိုင်းနွားများကို စနစ်တကျမွေးမြူ၍ ပြည်ပစျေးကွက်လိုအပ်ချက်အပေါ် ရွေးချယ်တင်ပို့လျက်ရှိကြောင်း၊ ‌ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် တောင်သူများသို့ နွားများ “မွေးဖက်ပေး” မွေးမြူစေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း နှင့် ကျွဲ၊ နွားများ တင်ပို့ရန် စျေးကွက်ကြီးဖြစ်ပြီး၊ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန် သီးနှံများနှင့် ကျွဲ၊ နွားများ တင်ပို့ရာတွင် Food Safety ဖြစ်စေရေးနှင့် လိုအပ်သည့် ကျန်းမာရေးထောက်ခံချက်များ၊ Certificate များ ရရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ခေတ်မီ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လိုသူများကိုလည်း နည်းပညာများ ဖြန့်ဝေပေးသွားရန်နှင့်  အားပေးကူညီသွားရန် လမ်းညွှန်မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ပေါ်ရှိ “အမေထွား” ပဲဆီသန့်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ပြသပြီးနောက် ယခုကာလသည် အညာ မြေပဲ ထွက်ပေါ်သည့်ကာလ ဖြစ်သဖြင့် ပဲဆီကြိတ်ခွဲသည့် ရာသီချိန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တောင်သူများကို ပဲအထွက်နှုန်း ကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်း၊  စိုက်ပျိုးစရိတ်များ ကြိုတင်ထုတ်ပေးခြင်းနှင့် စျေးကွက်အာမခံချက် ရရှိစေရန်အတွက် Contract Farming စနစ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားအုန်းဆီ ပြည်ပစျေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်တွင်းစားအုန်းဆီ စျေးနှုန်းလည်း တက်လာပြီး  ပြည်သူများ‌‌ ရွေးချယ် ဝယ်ယူစားသုံးလာကြသဖြင့် စားသုံးဆီ စျေးကွက်အတွင်း မျှခြေဖြစ်ပေါ်လာပါကြောင်း၊ “အမေထွား” ပဲဆီသန့်လုပ်ငန်းအနေဖြင့် စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော မြေပဲဆီများ သုံးစွဲနိုင်စေရေးအတွက် ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းစဉ်တလျောက် Food Safety ဖြစ်စေရေး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးသည် ဆီထွက် သီးနှံများ စိုက်ပျိုးထွက်ရှိ ထုတ်လုပ်ရာဒေသဖြစ်ပြီး မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ကြပါကြောင်း ၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစားသုံးမှု၊ ထုတ်လုပ်မှု၊ တင်သွင်းမှုနှင့် စျေးကွက် ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအပေါ်မူတည်၍ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာ‌ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အ‌နေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ၊ အရည်အသွေး ပြည့်မီစေရေးနှင့် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့် ထိန်းကျောင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ တစ်ဖက်တစ်လမ်းမှလည်း မိရိုးဖလာဆီစက်လုပ်ငန်းများကို ခေတ်မီစက်ရုံများ ဖြစ်ပေါ်လာစေရေးနှင့် ပြည်တွင်းထုတ်ဆီများ ပိုမိုကောင်းမွန်လာစေရေးအတွက် အစီအမံများ ချမှတ်၍  ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသို့ သွားရောက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်‌‌ရေးကောင်စီ၊ အဖွဲ့ဝင်(၂)က တိုင်းဒေသကြီးအတွင်း မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရေးအတွက် မွေးမြူရေးဇုန်များ ဖော်ထုတ်၍ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မကွေးစက်မှုဇုန် ဖော်ဆောင်၍ ဒေသထွက်ကုန်များကို Value Added ထုတ်နိုင်အောင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်အသင်းသားများက မကွေးတိုင်း‌ဒေသကြီးမှ လယ်ယာထွက်ကုန်များ မူဆယ်နယ်စပ်သို့ တင်ပို့ရောင်းချနေမှုအခြေအနေများ၊ ဒေသတွင်းကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အခြေအနေများ၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောင်ရွက်သင့်သည့် အခြေအနေများကို  ဝိုင်းဝန်းအကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ပေါ်ရှိ မြေလတ်သား အထွေထွေစီးပွားရေးသမဝါယမအသင်း၏ နှမ်းအခွံချွတ်စက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်၍ ကုန်ထုတ်လုပ်မှုအခြေအနေများ၊ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်မှုနှင့် ပြည်ပသို့ တင်ပို့နေမှုအခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြေရှင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ်(၅၃၊ ၅၄၊ ၅၅) (၁၀၀'x၁၅၀'x၁၅') (သွပ်၊ သွပ်၊ ကွန်) (၃)လုံးတွဲ သိုလှောင်ရုံ (၁)လုံးအား (၃)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်(၄)လမ်းရှိ မြေ(အလျား-၁၈၅'x အနံ-၄၄')၊မြေဧရိယာ(၀.၁၉၆)ဧကအား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ်စာချုပ်ဖြင့် လည်းကောင်း ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

              (က) တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၈.၅.၂၀၂၁) ရက်မှ (၁၆.၆.၂၀၂၁)ရက်နေ့ထိ(ရုံးချိန်အတွင်း)

              (ခ)   တင်ဒါပုံစံရောင်းချရန် ပိတ်မည့်နေ့/အချိန်    - (၁၆.၆.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ                               

              ( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်-  (၁၇.၆.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ

              (ဃ) တင်ဒါတင်သွင်းရမည့်နေရာ       - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

              (င)   စာရင်းပေးသွင်းရမည့်နေရာ       - ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (စ)   တင်ဒါစည်းကမ်းချက်များ         - (၁၇.၆.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ

                     ရှင်းလင်းမည့်နေ့/အချိန်/နေရာ     ရုံးအမှတ်(၅၂)၊ နေပြည်တော်

             (ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ      - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့။

            (ဇ)   Deposit ပေးသွင်းနိုင်သည့်        - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံနှင့် မြေတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း၀၁-၂၅၀၄၃၂၊ ၀၅၉-၂၁၀၅၆၊ ၀၅၉-၂၁၂၀၄၊ ၀၉-၂၅၄၄၀၂၄၆၃သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ