Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဧပြီလ(၃) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးဆိုင်သို့ သွားရောက်၍ သုံးစွဲသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် Parbisure (အကြောအားဆေး)အား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   Parbisure ဆေးကို Towards Ultimate  Company Limited မှ တင်သွင်းလျက်ရှိသော ဂျာမနီနိုင်ငံထုတ်အကြောအားဆေးဖြစ်ပြီး  ၎င်းဆေးအားစျေးကွက်တွင် ပုံစံတူ  DRC No. မပါရှိသောဆေးများ ရောင်းချနေကြောင်း သိရှိရပြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်  မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ မြိတ်ခရိုင်ရှိ အိမ်သုံးဆေးဝါး ရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြိတ်ခရိုင်အတွင်း ရောင်းချနေခြင်းမရှိ ကြောင်း စုံစမ်းသိရှိရပြီး သုံးစွဲသူများအသုံးပြုရန် (သို့မဟုတ်) သုံးစွဲရန်အာမခံချက်မရှိသော ကုန်စည်များအား စျေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့်တာဝန်များနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်ပစ္စည်းများအား ရောင်းချမှုရှိစေရေးတို့အား ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

သာကေတမြို့နယ်၊ အမှတ်(၂)ဈေး၌ စားသုံးသူကာကွယ်ရေးအကြောင်း ဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃၀-၃-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၁၅) နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၂)ဈေး၌ စားသုံးသူကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ရည်ရွယ်ချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိစေရေး အသိပညာပေးဆွေးနွေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံ\စိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှု၊ အငြင်းပွားမှုများရှိပါက လူ ကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊  သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ သက်သေခံ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်းနှင့် ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။   အဆိုပါဟောပြောပွဲအား နေ့လယ် (၁၁:ဝဝ) နာရီတွင် ရုပ်သိမ်းခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ (၁၈) ဦးခန့်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဒေါပုံမြို့နယ်၊ ဒေါပုံဈေး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၉-၃-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃ဝ) နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ဒေါပုံဈေး၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင်ပါရှိသည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲ တက်ရောက်သူ (၁၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ ၄၁ ရှိ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရမည့် အချက်(၈)ချက်အား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါကြောင်း၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပေးရမည် ဖြစ်ကြောင်းနှင့် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းတို့ကို ပြောကြားပြီး ဟောပြောပွဲကို (၁၁:၁၅)  နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေး၌ စားသုံးသူကာကွယ်ရေးအကြောင်း ဟောပြောပွဲပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈-၃-၂၀၂၃ ရက်နေ့၊ နံနက်(၁ဝ:၃၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေး၌ ဈေးသူ/ဈေးသားများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်း ၂၅ ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ကြောင်း၊ အခန်း (၂) ဥပဒေ၏ ရည်ရွယ်ချက်များ၊ အခန်း (၅) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၉) စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ စသည်တို့ကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန်၊ ဈေးအတွင်းရှိ ဈေးရောင်းချသူများဘက်က ကြည့်လျှင် စီးပွားရေးလုပ်ငန်းရှင်ဟု ယူဆ၍ရသောကြောင့် မိမိဆိုင်တင်ရောင်းချသော ကုန်စည်နှင့် ပတ်သက်၍ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရှိ ရောင်းချကြရန်၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသာ ဆိုင်တင်ရောင်းချကြရန်၊ ဟင်းသီးဟင်းရွက်ဆီများ ရောင်းချရာတွင် ကုန်စည်၏ အမျိုးအမည်ဖော်ပြရာ၌ (ဟင်းသီးဟင်းရွက်ဆီ) စားအုန်းဆီ/ အဆင့်မြင့်စားအုန်းဆီဟု ရေးထားသော ဆီဘူးများကိုသာ ဝယ်ယူရောင်းချကြရန်နှင့် ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကိုပါ သိရှိနားလည်လိုက်နာကြစေရန်တို့အား အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် ဟောပြောပွဲကို နေ့လယ် (၁၁:၁၅) နာရီတွင် ရုပ်သိမ်းကာ ဟောပြောပွဲတက်ရောက်သူ (၂၅) ဦး ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၃ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၈)ဆိုင်အား စက်သုံးဆီ အခြင်အတွယ် ပြည့်ဝမှု ရှိ/မရှိ၊ သက်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်းများတွင် စက်သုံးဆီလက်ကျန်အနေဖြင့် လုံလောက်စွာသိုလှောင်ထားရှိပြီး သက်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ အခြင်အတွယ် ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အခြင်အတွယ် မှန်ကန်မှုရှိစေရေးကို အလေးထားကြရန်၊ သတ်မှတ်ရည်ညွှန်ဈေးအတွင်းသာ ရောင်းချကြရန်တို့အား မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA (ရှမ်း)

Crestor၊ Vaxigrip Tetra၊ Peditral ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ ဧပြီလ (၅)ရက်နေ့၊ နံနက်ပိုင်း (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော Crestor၊ Vaxigrip Tetra၊ Peditral အမှတ်တံဆိပ်ဆေးနှင့်ဆေးဝါးပစ္စည်း အတုအပများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသော Crestor၊ Vaxigrip Tetra၊ Peditral ဆေးဝါးများအား အဆိုပါဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်တွင်  ဖြန့်ဖြူးရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

   ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြုဆေးဝါးများကိုသာ ရောင်းချကြရန်၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၏ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Registration No.(IR)များ ဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာ ရောင်းချကြရန်၊ ဆေးဝါးရောင်းခွင့်လိုင်စင်များ သက်တမ်းတိုးကြရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၀)ပါ "စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း၌ကျင်းပပြုလုပ်သည့် “အခြေခံစက်ချုပ်နည်းပညာသင်တန်း”တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၅.၄.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင် မုံရွာမြို့၊  ဒေါနခြံရပ်ကွက်ရှိ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် “အခြေခံစက်ချုပ်နည်းပညာသင်တန်း”တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန် က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၉။ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ရာ အခန်းပေါင်း (၂၅) ခန်းနှင့် ပုဒ်မပေါင်း (၈၄) ခုအနက်မှ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်က စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ဌာနဆိုင်ရာရုံးများ၊  ရပ်ကွက်၊ ကျေးရွာများ၊  တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များ တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများအား ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ရသည့်အကြောင်းများ၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများရှင်းလင်းဆွေးနွေးခဲ့ရာ ဆရာ/ဆရာမ (၅) ဦး၊ သင်တန်းသား/သူ(၁၅)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား/သူများက သိရှိလိုသည်များကို မေးမြန်ခြင်း၊ ဖြေကြားခြင်း၊  စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၃ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့အမှတ်(၃)ရပ်ကွက်ရှိ သိန်းသန်းဖြိုးဆန်စက်သို့ သွားရောက်၍ ဆန်/စပါး ဈေးကွက်အခြေအနေများအား တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

      ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ကန့်ဘလူမြို့နယ်တာဝန်ခံက ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါး ဈေးကွက်၊ ဈေးနှုန်းအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ရာ ဆန်စက်ပိုင်ရှင်က ယခုအခါတွင် ပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၀၀၀၀၀၀)ကျပ်ရှိပြီး၊ ဆန်တစ်အိတ်ကို (၇၀၀၀၀)ကျပ်ရှိပါကြောင်းနှင့် ဧရာမင်းစပါးတင်း (၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်ဖြင့် ဝယ်ယူပြီး၊ ဆန်တစ်အိတ်ကို (၇၀၀၀၀)ကျပ်ရှိပါကြောင်း သိရှိရပါသည်။ ထို့နောက် ဆန်စက်လည်ပတ်မှုအခြေအနေနှင့် ဆန်ကြိတ်ခွဲနေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပြီး တောင်သူများထံမှ စပါးများဝယ်ယူရာတွင်လည်း ဈေးနှုန်း၊ အလေးတင်း၊ တောင်း၊ အချိန်အတွယ် မှန်ကန်စွာဝယ်ယူနိုင်ရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့တွက် ကုန်သည်၊ စက်ပိုင်၊ တောင်သူတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးတိုက်တွန်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်အနားတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်သို့ ( ၄.၄.၂၀၂၃ ) ရက်နေ့ နံနက်(၁၃:၀၀)နာရီအချိန်၌  အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား /သင်တန်းသူ ( ၃၀ ) ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက မိမိတို့ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းဆွေးနွေးရာ မိမိတို့ ထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင်  ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့်  ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို ထည့်သွင်းဖော်ပြရမည့်အချက်အလက်များကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစွာပထမ အသးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒေါ်ခိုင်ခိုင်ဝင်း (လ/ထညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး  မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်လေးများ ဖြစ်ထွန်းလာစေရန်နှင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ဖွင့်လှစ်ရသော သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှလက်တွေ့ကျကျသင်ကြားသော သင်ခန်းစာ များကို မသိနားမလည်မှုများရှိပါက သင်တန်းနည်းပြများထံသို့ အချိန်မရွှေးဆက်သွယ်မေးမြန်း နိုင်ပါကြောင်း သင်တန်းလာတက်ရသည့် အချိန်များကို အကျိုးရှိအောင် မိမိတို့ဘက်မှလည်း ကျိုးစား၍ သင်ကြားပေးသည့်အတွက်၊ သင်တန်းမှရရှိသော သင်ခန်းစာများနှင့် မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းများဖြင့် ပေါင်းစပ်၍ လုပ်ငန်းငယ်လေးများ စတင်ထူထောင်ကြစေလိုပါကြောင်း၊ ခေတ်စနစ်နှင့်အညီ ပြည်ပမှဝင်ရောက်သော Ready Made မုန့်များတွင် အရောင်ဆိုးဆေးများစွာနှင့် ကလေးသူငယ်များ စားချင်စဖွယ်ဖြစ်အောင် ဖန်တီးထားသော မုန့်များကို ဈေးကွက်များတွင် မြင်တွေ့နေရ၍ ပြည်ပမှဝင်ရောက်သော မုန့်များစားသုံးမှုနည်းလာစေရန် ပြည်တွင်းမှ ကိုယ်တိုင်ပြုလုပ်ပြီး အာဟာရပြည့်ဝတဲ့ မုန့်များကိုဈေးကွက်တွင် ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်ပမှဝင်ရောက်လာတဲ့ မုန့်များဟာလည်း လျော့နည်းလာ မည်ဖြစ်ကြောင်း သင်တန်းမှပို့ချပေးသောပညာရပ်များကို မိမိတို့၏ မိသားစုတစ်ပိုင်တစ်နိုင် လက်တွေ့ဆောင်ရွက်သွားကြစေလိုကြောင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်သည့်လုပ်ငန်းရှင်ကြီးများဖြစ်အောင်လည်း ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန်အတွက် ( ၂/၂၀၂၃ ) ကြိမ်မြောက် Tursday Talk ကျင်းပဆောင်ရွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ( ၃၀.၃.၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ( ၂/၂၀၂၃ ) ကြိမ်မြောက် Tursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ရာတွင် ကလေးခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း ( ၇ )ဦး တက်ရောက်ခဲ့ပါသည်။

        အဆိုပါ Tursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု-ဦးစီးမှူး ) မှ Mobile Application အသုံးပြုနည်း ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ Tursday Talk အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းခဲ့ကြပြီး  ဒေါ်သိမ့်သိမ့်ထွန်း ( ဒု-ဦးစီးမှူး ) က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ