မော်လမြိုင်မြို့၌ ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကျင်းပသော ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘောထားရယူဆွေးနွေးသည့်ဆွေးနွေးပွဲကို (၂၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ Hotel KS ၌ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်နှင့်အရာထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများ၊ မွန်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းလုပ်ငန်းရှင်များနှင့် စိုက်ပျိုးထုတ်လုပ်သောတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကားပြောကြားရာတွင် ဆန်စပါးနယ်ပယ်၌ စိုက်ပျိုးထုတ်လုပ်သူတောင်သူများသာမက စပါးဝယ်ယူသူပွဲစားများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပြည်ပသို့တင်ပို့သည့်လုပ်ငန်းရှင်များအထိ အလွှာမျိုးစုံပါဝင်နေသဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါးကဏ္ဍတိုးတက်ပြီး နိုင်ငံစီးပွားမြှင့်တင်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသောအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လက်တွေ့၌ အမှန်တကယ်အသုံးပြုနိုင်သည့် ဥပဒေကောင်းတစ်ရပ်ဖြစ်ရန်အတွက် အားလုံးကကျယ်ကျယ်ပြန့်ပြန့်ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ပါသည်။ ထို့နောက် ဥပဒေ (မူကြမ်း) အပေါ် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲကို နေ့လယ် (၁၂း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)