Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်မရောမြို့နယ်၌ စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောဈေးအတွင်းရှိသော ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် ခဲ့သည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိကြောင်းသိရှိရပါသည်။ 

DOCA(မွန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ် (၁၁း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း  ဦးသန်းဝင်း၊ ယာဉ်အမှတ် (4F-5045 FUSO) မော်တော်ယာဉ်ဖြင့် တင်ဆောင် လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ်သစ်)ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁) ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၆၆) ပေပါသည် ရောက်ရှိလာခဲ့ သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားအုန်းဆီ (၆၆)ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် (၁၄)ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေ‌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Mero Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် Mero Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီအရောင်းဆိုင်အားစစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့စု၊ မူးယစ်ရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီအရောင်းဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်းအသုံးပြုသည့် အက်စစ်များအား သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများရှိ/မရှိ သွားရောက်စစ်ဆေးခြင်းနှင့် တရားမဝင်တင်သွင်းသိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးသော ကုမ္ပဏီမှ စားအုန်းဆီကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံး၌ ၃၀.၇.၂၀၂၄ ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် မှော်ဘီမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များအား ကုမ္ပဏီနှင့် ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးဟောပြောခြင်းများကို ပြုလုပ်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မှော်ဘီမြို့နယ်ခွဲရုံးက ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး Aung Oo Thar Co.,Ltd လက်အောက်ရှိ စားအုန်းဆီ ကိုယ်စားလှယ်ဦးဇေက စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ်အမှန်တကယ် ရောက်ရှိအောင် ရောင်းချပေးရန်နှင့် ရောင်းချခြင်းမရှိသော ဆိုင်များကို ဖြန့်ဖြူးရောင်းချခွင့် ပယ်ဖျက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဒေါ်ဖြူဖြူမြင့်က စားအုန်းဆီနှင့်ပတ်သက်၍ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိမ်းဆည်းသိုလှောင်ထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၃.၇.၂၀၂၄ ရက်နေ့ မှ ၂၉.၇.၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသောတင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(ရန်ကုန်)

သရက်မြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းသည် (၂၆-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့၊ ထုံးတောင်အုပ်စုရှိ သရက်တောရပ်ကွက်နှင့် နှင်းဆီမြိုင်ရပ်ကွက်အတွင်းနေထိုင်ကြသော စားသုံးသူပြည်သူများထံသို့ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအား ဆန်အိတ် စုစုပေါင်း(၁၅)အိတ်ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မိမိတို့၏စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိရပ်ကွက်များတွင် အပတ်စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် သရက်မြို့ပေါ်တွင် အဋ္ဌမအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

မြိတ်မြို့တွင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်၊ ချမ်းအေးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် သင်တန်းတက်ရောက်သူများထဲမှ လူငါးဦးကို ရွေးချယ်ကာ အလုပ်လုပ်ကိုင်မည့် စက်ပစ္စည်းထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းသစ်ဖြစ်ပေါ်လာစေရေး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖနှင့် သင်တန်းသူ၊ သင်တန်းသား (၄၀)ဦးခန့် တက်‌ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် စစ်ဆေးရေးမှူးများမှ ဗဟိုစာရင်းအင်းဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်အရောင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စုနှင့် နောင်ကုန်အုပ်စုအတွင်းရှိ ဆန်စက်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များတွင်   ဒေသထွက်ဧည့်မထဆန်၊ မှော်ဘီ(၃)ဆန်၊ ရွှေရင်အေးဆန်/စပါးများကိုသာ ကြိတ်ခွဲရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ