Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုပေါ်ဆန်း GI ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း GI ရရှိရေးကိစ္စများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ GI ရရှိရေး Project နှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် ရွှေဘိုခရိုင် ဦးစီးမှူးရုံး၌ ၉.၇.၂၀၂၀ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲတွင် National Project Coordinator ဦးခင်မောင်ထွန်းမှ ရွှေဘိုပေါ်ဆန်း GI ရရှိရေး Project အတွက် အခြေခံသည့် ဆန်စက်ပိုင်/ဆန်ကုန်သည်စာရင်းနှင့် ဆက်စပ်လုပ်ငန်းများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ နယ်နိမိတ်ဧရိယာ လတ္တီကျူ့၊ လောင်ဂျီကျူ့ သတ်မှတ်နိုင်ရေးကိစ္စများကို ယခင်ပြီးခဲ့သော work shop ၌ ဆွေးနွေးခဲ့ကြောင်း၊ ရွှေဘိုမြို့သည် (Square) မဟုတ်သည့် အတွက် မြေပြင်၌ ဆည်ရေသောက်ဧရိယာရှိသော်လည်း စိုက်ပျိုးသူတောင်သူများက ရွှေဘိုပေါ်ဆန်းတစ်မျိုးတည်းမစိုက်ဘဲ အခြားစပါးများလည်း စိုက်ပျိုးသည့်အတွက် ရွှေဘိုခရိုင်အတွင်းရှိ (၆)မြို့နယ်မှ ဆည်ရေသောက်ဧရိယာကိုသာ ဖြတ်ဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ National Project Coordinator ဦးခင်မောင်ထွန်းက ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့်ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် work shop တစ်ခု ဆောင်ရွက်ရန်ရှိကြောင်း ၊ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အပါအဝင် နေပြည်တော်ရှိ တီထွင်ဆန်းသစ်မှုနှင့်သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့တာဝန်ခံ ၊ JICA ဝန်ထမ်းများ၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ရွှေဘိုပေါ်ဆန်း စပါးစိုက်တောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများ ၊ ဆန်စက်ပိုင်များအား ဆွေးနွေးရန် ဖိတ်ကြားမည်ဟု သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

အဆင့်မြှင့်တင်ထားသည့် Consumer Complaint System အသုံးပြုနည်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Upgrade Consumer Complaint System အသုံးပြုနည်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂၃ရက်နေ့တွင် Online အသုံးပြု၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ဝေက အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ Website နဲ့ DOCA Myanmar Mobile Application မှာ Consumer Complaint System ပါရှိပါ ကြောင်း၊ ယခုလက်ရှိ သုံးစွဲလျက်ရှိပါကြောင်း၊ စားသုံးသူများက တိုင်ကြားလာတဲ့ တိုင်ကြားစာတွေရဲ့ ၆၀% ကျော်ဟာ ဒီ Consumer Complaint System ကနေ တိုင်ကြားကြတာ ဖြစ်တဲ့အတွက် အောင်မြင်တဲ့စနစ်ဖြစ်ပါကြောင်း၊ ယခုအသုံးပြုနေတဲ့စနစ်မှာဆိုရင် တိုင်ကြားစာတွေကို စားသုံးသူ ရေးရာဌာနခွဲကနေ လက်ခံပြီး Hard Copy download ရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကိုပို့ပေးကာ ဆက်လက်ဖြေရှင်းဆောင်ရွက်ရတဲ့ စနစ်ဖြစ်ပါကြောင်း ဒီစနစ်ကို အဆင့်မြှင့်တင် နိုင်ဖို့အတွက် USAID အဖွဲ့နဲ့ညှိနှိုင်းခဲ့ရာ USAID က ဒီစနစ်ကို အဆင့်မြှင့်တင်ရေးဆွဲဖို့ ထောက်ပံ့ကူညီခဲ့ ပါကြောင်း၊ ဒီစနစ်မှာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးရုံးများအနေနဲ့ တိုင်ကြားမှုများကို တိုက်ရိုက်လက်ခံ ပြီး ဆက်လက်ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တိုင်ကြားသူများဘက်ကလည်း သူတို့ရဲ့ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှု အဆင့်ဆင့်ကို ၎င်းတို့၏ ဖုန်းသို့ SMS ပေးပို့ထားတဲ့ link နဲ့ Tracking Code တို့က တဆင့် Website မှာ စောင့်ကြည့်နိုင်မှာဖြစ်တဲ့အတွက် Transparency ရှိတဲ့ စနစ်ဖြစ်ပါကြောင်း၊ ဒီစနစ်ရဲ့ အားသာချက်တွေကတော့ Paper Work ကို လျှော့ချနိုင်ခြင်း၊ ဝန်ထမ်း အင်အား အသုံးပြုရမှု လျှော့ချနိုင်ခြင်း၊ reporting စနစ်များ ပိုမိုကောင်းမွန်လာခြင်း၊ အွန်လိုင်းအသုံးပြု စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးစနစ် (ODR) အတွက် အခြေခံကောင်း ဖြစ်ခြင်း၊ တိုင်ကြားသူများက သူတို့ရဲ့တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှု အခြေအနေကို စောင့်ကြည့်နိုင်ခြင်းတို့ ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆင့်မြှင့်တင်ထားသည့် အွန်လိုင်း အသုံးပြု စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်ကို မကြာမီ စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

ITQM

စားသုံးသူရေးရာဦးစီးဌာန     

အာဆီယံဒေသတွင်း အွန်လိုင်းအသုံးပြု စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးကွန်ယက်စနစ် (ASEAN Online Dispute Resolution - ODR) Network တည်ထောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနှင့် အဖွဲ့တက်ရောက်

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် (ASEAN Online Dispute Resolution (ODR)) Network တည်ထောင်နိုင်ရေးအတွက် လေ့လာဆန်းစစ်မှု ပြုလုပ်ထားရှိမှုများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၈:၃၀) အချိန် တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် စားသူံးသူ ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း အွန်လိုင်းအသုံးပြု စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး (ODR) စနစ် တည်ထောင်နိုင်ရေးနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက် ODR စနစ် တည်ထောင်သွားနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ အာဆီယံဒေသတွင်း အွန်လိုင်းအသုံးပြု စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးကွန်ယက်စနစ် (ASEAN Online Dispute Resolution - ODR) Network တည်ထောင်နိုင်ရေးအခြေခံမူများ၊ ASEAN Online Dispute Resolution (ODR) တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းသည့် ဥပဒေများ၊ စံချိန်စံညွှန်းများ ဆောင်ရွက်မည့်ကာလ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ GIZ အဖွဲ့အစည်း ၏ Consumer Protect in ASEAN (PROTECT) စီမံကိန်းမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အာဆီယံဒေသတွင်း အွန်လိုင်းအသုံးပြု စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးကွန်ယက်စနစ်ကို ၂၀၂၆ ခုနှစ် မတိုင်မီ အပြီးသတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

ITQM

စားသုံးသူရေးရာဦးစီးဌာန

မော်လမြိုင်ကုန်စည်ဒိုင် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်ရေးဆွဲခြင်း ညှိနှိုင်းဆွေးနွေးပွဲ

မော်လမြိုင်ကုန်စည်ဒိုင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ဇူလိုင်လ ၅ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် ကျင်းပပါသည်။

အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦး၊ ဒုဥက္ကဌ(၁)ဦးဘုန်းမြင့်၊ ဒုဥက္ကဌ(၂)ဦးအေးသန်း၊ ကုန်စည်ဒိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒေါ်ရည်မွန်ဆု(NEI)၊ စကားဝါ အဖွဲ့အစည်းဖွံ့ဖြိုးရေး အတိုင်ပင်ခံ ဦးမြတ်ခေါင်လင်း၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း(၂၀)ဦး တက်ရောက်ပါသည်။

ဆွေးနွေးပွဲ၌ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်မှ ကုန်စည်ဒိုင်သက်ဝင်လှုပ်ရှားနိုင်ရေး လိုအပ်ချက်များရှင်းလင်းပြောကြားပြီး ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်မျိုးဦးမှ ကုန်စည်ဒိုင်၏ ရည်ရွယ်ချက်နှင့်  ကုန်စည်ဒိုင်တွင်ဒေသထွက် ဆန်၊ရော်ဘာ၊ဆား၊ ပဲမျိုးစုံ၊ရေထွက်ပစ္စည်း၊ ရာသီပေါ်သီးနှံ စသည့်အမယ်(၆)မျိုးအား အဓိကရောင်းချမည့်အခြေအနေများအား ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်ပြီးဦးမြတ်ခေါင်လင်းမှ ကုန်စည်ဒိုင် အသက်ဝင်ရန်အတွက် ရှေ့ဆက််လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ရှင်းလင်းအကြံပေးဆွေးနွေးပါသည်။ ထို့နောက်အခက်အခဲများအား အပြန်အလှန်ဆွေးနွေးကြပြီး ရောင်းချမည့် သီးနှံကဏ္ဍအလိုက် ပြန်လည်သုံးသပ်နိုင်ရေး အတွက် ကုန်စည်ဒိုင်အလုပ်အမှုဆောင်များ၏ ရှေ့ဆက် လုပ်ဆောင်လုပ်ဆောင်ရမည့် အစီအစဉ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို သုံးလတစ်ကြိမ် ပြန်လည်ပြုလုပ်နိုင်ရန်ဆုံးဖြတ်ပြီး အစည်းအဝေးကို ညနေ ၁၆၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးဝင်းအတွင်း ၁၂၀၀ ဂါလံဆံ့ အမြင့် (၂၀၊) သံရေစင်ဆောက်လုပ်ခြင်းလုပ်ငန်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ညောင်ဦးခရိုင် ဦးစီးမှူးရုံးဝင်းအတွင်း ၁၂၀၀ ဂါလံဆံ့ အမြင့်(၂၀) သံရေစင် ဆောက်လုပ်ခြင်းလုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ သံရေစင်ဆောက်လုပ်ခြင်း လုပ်ငန်း အား (၁၃.၇.၂၀၂၀)ရက်နေ့တွင် မြေပြင်လုပ်ငန်းပြီးစီးမှု(၁၀၀%) ပြီးစီးပြီးဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး (၅၀၊×၃၅၊×၂၄၊) RC (၂)ထပ် (အတွင်း ရေ၊မီး၊မိလ္လာ)ဆောက်လုပ်ခြင်းလုပ်ငန်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ညောင်ဦးခရိုင် ဦးစီးမှူးရုံး (၅၀×၃၅×၂၄) RC (၂)ထပ် (အတွင်း ရေ၊မီး၊ မိလ္လာ) (Apron & Drain အပါ) အဆောက်အဦဆောက်လုပ်ခြင်းလုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ခဲ့ရာ အမိုးဒိုင်းတင်ရန် ငြမ်းဆင်ခြင်း၊ဆေးသုတ်ရန်အတွက် ပတ်တီးရိုက်ခြင်း၊ ရေချိုးခန်း၊ရေအိမ် တည်ဆောက်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျှက်ရှိရာ (၁၀.၇.၂၀၂၀)ရက်နေ့ အထိ စုစုပေါင်း လုပ်ငန်းပမာဏ၏ (၆၀%)ခန့် ပြီးစီးပြီးဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့နယ်မှ စိုက်ပျိုးထွက်ရှိပြီး လူကြိုက်များသော တရုတ်ဇီးသီးများအကြောင်း

     စစ်ကိုင်းမြို့ထွက် တရုတ်ဇီးသီးများသည် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလတွင် အဖူးအပွင့်များ စတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများ ဖြစ်ပေါ်လာပြီး ဧပြီလနှင့် မေလတွင် တဖြည်းဖြည်းကြီးထွားလာပြီး ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချလျှက်ရှိကြောင်းသိရပါတယ်။ တရုတ်ဇီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုံးဆန်သော မြေအမျိုးအစားဖြစ်ပြီး ပိုမိုအောင်မြင် ဖြစ်ထွန်းကြောင်း သိရပါတယ်။ အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှ ငါးနှစ်အကြား အသီးများကို ခူးဆွတ် ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ စစ်ကိုင်းဒေသထွက် တရုတ်ဇီးသီးများမှာ ရာသီဥတုကြောင့် အသီးထွက်ရှိနည်းသော်လည်း ဈေးကွက်များတွင် စတင်ခူးဆွတ်ရောင်းချကြောင်း သိရပါ တယ်။ စစ်ကိုင်းမြို့တွင် တရုတ်ဇီးသီးများကို လိုက်လံရောင်းချသူကတော့ အရင်နှစ်က ထက်စာရင် တရုတ်ဇီးသီးများမှာ ရာသီဥတုပြင်းသောကြောင့် ယခုနှစ်အသီးထွက်ရှိမှု နည်းပါတယ်။

        စစ်ကိုင်းမြို့အဝင် မုံရွာလမ်းမကြီးဘေးဝဲယာတလျှောက်တွင် စစ်ကိုင်းမြို့မှ ထွက်ရှိ သည့် တရုတ်ဇီးသီး များကို ထီးမိုး၍ စားပွဲခုံများနှင့်တင်၍ ရောင်းချနေကြပါတယ်။ စစ်ကိုင်းမြို့ရှိ  ခြံများ၊ အိမ်များတွင် တစ်ပိဿာ ၂၀ဝ၀ ၊ ၂၅၀ဝ ၊ ၃၀ဝ၀ ထိ ဝယ်ယူ ရပါတယ်။ ပြန်ရောင်းလျှင် ၂၅ ကျပ်သားတစ်စီးကို ၁၀ဝ၀ နှုန်းဖြင့် တစ်ပိဿာ ၄၀ဝ၀ နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း သိရပါတယ်။ တရုတ်ဇီးသီးများ သည် စစ်ကိုင်းမြို့မှာပင် ထွက်ရှိပါတယ်။ စစ်ကိုင်းမှ ထွက်တဲ့ တရုတ်ဇီးသီးများည် အလုံးကြီးပြီး အသားထူ၍ အရသာမှာ ချိုနစ်နေပါတယ်။

        ယခုဈေးဆိုင်များမှာ ရောင်းတဲ့တရုတ်ဇီးသီးများမှာ စစ်ကိုင်းတရုတ်ဇီးသီးများအပြင် မေမြို့ အထက်အုန်းချောက ထွက်တဲ့ ဟုန်းပန်းတရုတ်ဇီးသီးနဲ့ ယိုးဒယားတရုတ်ဇီးသီးများကိုလည်း ရော၍ ရောင်းချ ကြပါတယ်။ ဟုန်းပန်းတရုတ်ဇီးသီးများပ စစ်ကိုင်း တရုတ်ဇီးသီးနဲ့ ထွက်တဲ့ အချိန်ကာလတူညီတယ် လို့ သိရပါတယ်။ ယိုးဒယားတရုတ်ဇီးသီးကတော့ မော်လမြိုင်မှ ဝယ်ယူရရှိကြောင်း သိရပါတယ်။ ယိုးဒယား တရုတ်ဇီးသီးကတော့ တနှစ်ပတ်လုံး ထွက်ရှိ ကြောင်းသိရပါတယ်။ ယိုးဒယား တရုတ်ဇီးသီးကို တခြင်း ၁၂၀ဝ၀  ဝယ်ယူရရှိပါတယ်။ တခြင်းကို ၆ ပိဿာ ပါရှိပါတယ်။ တစ်ပိဿာ ၂၀ဝ၀ နှုန်းနဲ့ ဝယ်ယူရပါတယ်။ ပြန်ရောင်းလျှင် တစ်ပိဿာ ၄၀ဝ၀ နှုန်းနဲ့ ပြန်ရောင်းကြောင်း သိရပါတယ်။ ယိုးဒယား တရုတ်ဇီးသီးများမှာ ဆေးချွတ်ထား၍ စစ်ကိုင်း တရုတ်ဇီးသီးနဲ့ တူနေပါတယ်။ အလုံးကတော့ စစ်ကိုင်း တရုတ်ဇီးသီးထက်အလုံးကြီးကြောင်း၊ စားလျှင် စစ်ကိုင်းတရုတ် ဇီးသီးက စားလို့အလွန် ကောင်းကြောင်း သိရပါတယ်။

         စစ်ကိုင်းတရုတ်ဇီးသီးများကို မန္တလေးမြို့မှ တရုတ်များက အလွန်ကြိုက်၍ စစ်ကိုင်း မြို့ကို ဆင်းဝယ်ကြပါတယ်။ သွေးအားကောင်းကြောင်း စစ်ကိုင်းမြို့ရှိ ဈေးသည် တစ်ဦးထံမှ သိရှိရပါတယ်။ စစ်ကိုင်းမြို့ ပေါ်ရှိ ရပ်ကွက်များတွင် တရုတ်ဇီးသီး များကို  စိုက်ပျိုးထားပြီး နှစ်ရှည် သီးပင်ဖြစ်သောကြောင့်  မိသားစု တစ်ပိုင်တစ်နိုင်  အပိုဝင်ငွေရရှိသော သီးနှံဖြစ်ပြီး  စစ်ကိုင်းမြို့ရဲ့ တရုတ်ဇီးသီးဟာ မြန်မာပြည် တဝှမ်းလုံး စစ်ကိုင်းမြို့မှာဘဲသီး၍ လူကြိုက် များသော အလွန်နာမည်ကြီးကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ ၃ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ ၃ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရုံးအမှတ် ၅၂ ၊ စားသုံးသူရေးရာဦးစီးဌာန၌ Zoom Application အား အသုံးပြု၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ အစည်းအဝေးကို တက်ရောက်ခဲ့ကြပါသည်။

       အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၂၃)  နှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု လွယ်ကူစေရေး၊ ဈေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရေး၊ စားသုံးသူအကာကွယ်ပေးရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ မူပိုင်ခွင့် ကာကွယ်မှုမြှင့်တင်ရေးတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်မည့် အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကိုလည်း မဟာဗျူဟာကျသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထတစ်နှစ်တာ ကာလအတွင်း ကုန်သွယ်မှုလိုငွေ သိသာစွာကျဆင်းခဲ့ကြောင်း၊ COVID 19 ကာလနှင့် COVID 19 အလွန်ကာလများတွင်လည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက်စေရေးအတွက် electronic ကူးသန်းရောင်းဝယ်မှုမြင့်တင်ရေးတို့အား  ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်းမှာ  စားသုံးသူအကာအကွယ်ပေးရေးဖြစ်ကြောင်း၊ ထုတ်လုပ်သူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများအကြား ဘေးကင်းလုံခြုံမှုရှိသော ထုတ်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းဝယ်နိုင်ကြစေရန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ COVID 19 အလွန်ကာလများတွင် ရိက္ခာထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားသဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျည်းစည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်။

     ထို့နောက် ရုံးချုပ် ဌာနခွဲများမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှူးများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ ၃လပတ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လမ်းညွှန်မှုများပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့ သည်Toyota Myanmar Co., Ltd. မှ Managing Director ဖြစ်သူ Mr. Oideနှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့သည် Toyota Myanmar Co., Ltd. မှ Managing Director ဖြစ်သူ Mr. Oide နှင့်အဖွဲ့အား ၂ဝ၂၀ ပြည့်နှစ် ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) ၁၄:၀ဝ နာရီ အချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) ၌ လက်ခံတွေ့ဆုံခဲ့သည်။  

    ယင်းသို့ လက်ခံတွေ့ဆုံစဉ် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်နိူင်ရေးကိစ္စများနှင့် Toyota Myanmar Co., Ltd. မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် စတင် ထုတ်လုပ်မည့် Double Cup မော်တော်ယာဉ်နှင့်ပတ်သက်၍ Owner Manual နှင့် Quick Reference Guide ရေးဆွဲထားရှိမှုအခြေအနေများ၊ Owner Manual နှင့် Quick Reference Guide တို့တွင် မဖြစ်မနေ ဖော်ပြရန်လိုအပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဌာနခွဲ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇူလိုင် ၂ ရက်နေ့၊  စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ ပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေး၌ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကချမှတ် ထားသော မူဝါဒလမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်လုပ်ငန်းဖြစ်သည့် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်မှသာ အောင်မြင် သောလုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇွန်လအထိ အသိပညာပေးဟောပြောပွဲများ၊ ကွင်ဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ တယ်လီဖုန်းဝန်ဆောင်မှုများ၊ online မှတဆင့် ပစ္စည်းများဝယ်ယူရာတွင်နစ်နာမှုရှိ၍ တိုင်ကြားမှုများနှင့်ပတ်သက်သောဖြေရှင်းဆောင်ရွက်ထားရှိမှုများအခြေအနေများကိုလည်းကောင်း၊ စားသုံးရေးရာကော်မတီ၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အခြေအနေများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုနောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ