Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တရားမဝင်ကုန်သွယ်မှုပပျောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

     ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတားဆီး အရေးယူနိုင်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကလောမြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့သည် (၃၀.၇.၂၀၂၄) ရက်နေ့တွင် အောင်ပန်းမြို့၊ ပြည်သာယာဈေးရှိ သီးနှံစုံရောင်းဝယ်ရေးပွဲရုံများတွင် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်မှုရှိ/မရှိ အခြေအနေနှင့် တောင်ကြီး၊ မိတ္ထီလာလမ်းမကြီးပေါ်၌ ဖြတ်သန်းမောင်းနှင်လာသောကုန်တင်ယာဉ်များတွင် တရားမဝင်ကုန်စည်များ တင်ဆောင်လာမှုရှိ/မရှိ အခြေအနေတို့အား စစ်ဆေးစိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

သထုံမြို့နယ်၌ သက်သာဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

      ၂.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံလမ်းတွင် ဆန်/စပါး လုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

    အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀) မှတ် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၉၆၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

   ထိုကဲ့သို့ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် တစ်ရက်ခြားစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   (၃၁.၇.၂၀၂၄) ရက်နေ့၊ ​နံနက် (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီ(၂)ခုဖြစ်သော MATE THA HAR RUBBER TRADING CO.,LTD နှင့် MINGALAR THURA CO.,LTD တို့၏ ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ညောင်ဦးမြို့နယ်ရှိ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ( ၂၉-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်၌ ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ညောင်ဦးမြို့နယ်ရှိ MSMEs လုပ်ငန်းရှင်များတွေ့ဆုံ၍ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများရောင်းချပေးမှုကို လုပ်ငန်းခွင်များ၌ အမှန်တကယ်အသုံးပြုမှုရှိစေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိစေရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး)သည် လုပ်ငန်းရှင်များအား လုပ်ငန်းများလည်ပတ်လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုအပ် လျက်ရှိသောလုပ်ငန်းသုံးစားသုံးဆီများကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းများဖြင့် ဖြည့်ဆည်းရောင်းချပေးလျက်ရှိရာ လုပ်ငန်းခွင်များတွင် မှန်မှန်ကန်ကန်အသုံးပြုရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သောထုတ်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များသို့တိုင် ထိုးဖောက်ရောင်းချနိုင်ရန်အတွက် အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပြီး၊ အရည်အသွေးကောင်းမွန်ပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများကိုသာသုံးစွဲထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူအား စိတ်စေတနာအပြည့်အဝထား၍ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၊ ပဲကြော်လုပ်ငန်းရှင်များ၊ အာလူးကြော်လုပ်ငန်းရှင်များ၊ ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းရှင်များ၊ လက်ဖက်ပဲကြမ်းလုပ်ငန်းရှင်များ၊ စုစုပေါင်း( ၄၀ )ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့နယ်၊ ငှက်ပစ်တောင်ဘုရားနှင့် တူရွင်းတောင်ဘုရားတို့ရှိ ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၂၆-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုဂံ၊ ညောင်ဦးဒေသဒေသထွက် လက်ဆောင်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့နယ်ရှိ ငှက်ပစ်တောင်ဘုရားနှင့် တူရွင်းတောင်ဘုရားတို့တွင် ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များအားတွေ့ဆုံ၍ မိမိတို့ဒေသမှထွက်ရှိသော ဒေသထွက်ကုန်များကိုတန်ဖိုးထားကြရန်နှင့် ပြည်တွင်းခရီးသွားများသာမက နိုင်ငံတကာခရီးသွားများပါ ကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုပြီး နိုင်ငံတကာသို့ထိုးဖောက်ရောင်းချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် အထင်ကရဒေသတစ်ခုဖြစ်သည့်အတွက် ပုဂံဒေသရှိဈေးဆိုင်များ စနစ်တကျရှိစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေးတို့အား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြပြီးနောက် ဈေးဆိုင်တန်းများအား ကွင်းဆင်းမှုများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဟောပြောဆွေးနွေးဆောင်ရွက်မှုတွင် ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ငှက်ပစ်တောင်ဘုရား၌ လုပ်ငန်းရှင်နှင့်စိတ်ပါဝင်စားသူ(၁၂)ဦး၊ တူရွင်းတောင်ဘုရားတွင် လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဇူလိုင်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

       ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လအတွင်းတွင် ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၊ မြို့မဈေးရှိ FDAမှ သုံးစွဲရန်မသင့်ဟုထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်(၁)ကြိမ်၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်(၃)ဆိုင်၊ ပခုက္ကူမြို့ပေါ်ရှိ FDA မှ တားမြစ်ဓာတုပစ္စည်းများပါဝင်မှုမရှိသော်လည်း အလှကုန်ပစ္စည်းမှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်း(၁၂) မျိုးကိုရောင်းချခြင်းရှိ/မရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၁) ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်နှင့် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၅)ကြိမ်ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၇၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၇၈၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

     ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးတွင် ရောနှောဆီများရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား ကွင်းဆင်းစစ်ဆေး

        မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ  စားသုံးဆီများကို ကုန်အညွှန်းအမှတ်အသားပါရှိစေရေးနှင့် ရောနှောဆီများတွင် သတ်မှတ်ထား‌သော ကုန်အညွှန်းအမှတ်အသားဖြင့် ‌ဖော်ပြထားခြင်းရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ရောနှောစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ် ကုန်အညွှန်းအမှတ်အသားဖြင့် ဖော်ပြ၍ရောင်ချနေကြောင်းသိရှိရပြီး ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းသောကုန်စည်များ ရောင်းချမှုရှိစေရေး အသိပညာ ပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှ ဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့နှင့်(၂၇)ရက်နေ့တို့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်အိတ်များသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၁.၈. ၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို (၁.၈.၂၀၂၄) ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ကုန်စည်စီး ဆင်းမှုမှန်ကန်စေရေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေ သကြီး၊ မော်ကျွန်းမြို့မှ ထွက်ခွာလာသော MV မြမြဖြူရေယာဉ်တွင် ဆန်  တန်(၄၆၀)၊အိတ်ရေ (၉၂၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ထွက်ခွာသော MV အောင်တက်တိုးရေယာဉ်တွင်ဆန်တန်(၅၀၀) အိတ်ရေ(၁၀၀၀၀) တို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့၊ သာကေတရပ်တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နံနက်(၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ သာကေတရပ်ရှိ စာကြည့်တိုက်ရှေ့တွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်ဥ၊ ကြက်သွန်၊ ချဉ်ပေါင်၊ အာလူး၊ ငါးများပါဝင်ပြီး စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ