Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာရှိ “မင်းသန့်” စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆီဆိုင်အနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

စက်တင်ဘာလအတွင်း မွန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

      မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ခံများက စီးပွားရေးလုပ်ငန်းရှင်များအား သိရှိလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အသင်းအဖွဲ့များကိုထောက်ပံ့ပေးခြင်း၊ ကြပ်မတ်ထိန်းညှိခြင်းနှင့်ကုန်အညွှန်း အမှတ်အသားပြုလုပ်ခြင်းဆိုင်ရာများ စသည်တို့ကိုနှီးနှောဆွေးနွေးပေးခြင်းဖြစ်ပါသည်။ တွေ့ဆုံခဲ့သည့် ၎င်းလုပ်ငန်းရှင်များမှာ ဆီကုန်သည်အသင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ အသင့်စားရေထွက် ပစ္စည်းနှင့်ယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ ဆီကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း၊ မော်လမြိုင်မြို့ အတွင်းရှိ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ ကွမ်းသီးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ရော်ဘာလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဘီးလင်းမြို့ ကတွတ်ယိုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း တို့ဖြစ်ကြသည်။ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုရှင်းလင်းဆွေးနွေးခြင်း၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းအပြင် စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ ယခုလ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံခြင်း (၁၁)ကြိမ် ရှိပြီး လူဦးရေ(၈၇)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

 

 

 

 

မွန်ပြည်နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ သထုံ၊ ပေါင်၊ ဘီးလင်းမြို့နယ်(၆)မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ ဟောပြောပွဲများကို ကျင်းပရာတွင် အရာရှိဝန်ထမ်း၊ အမှုထမ်းများက အခြေခံပညာစာသင်ကျောင်း(၉)ကျောင်း၊ Talk Show (၁)ကြိမ် စုစုပေါင်း (၁၀)ကြိမ်၊ လူဦးရေ (၁၆၅၃)ဦး တို့ကို ဟောပြောခဲ့ပါကြောင်း သိရပါသည်။ ဟောပြောပွဲတွင် တက်ရောက်သူများ နားလည်လွယ်သော ပုံစံများနှင့် Power Point တို့ဖြင့် ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးသူများ ဖြစ်စေရေးအတွက် မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး” ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူအခွင့်အရေးများ ရယူခွင့်ကို သိရှိစေလိုကြောင်း ဟောပြောခဲ့ပါသည်။ နောက်လများတွင်လည်း စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောပွဲများကို နေရာဒေသစုံစွာတွင် ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၄.၁၀.၂၀၂၂ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ၊ ခကွမ်ရပ်ကွက်ရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      အသိပညာပေးဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်မှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့်စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်း အချက် အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ် လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန် သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်ကြောင်း စသည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကုန်စုံဆိုင်၊စတိုးဆိုင်များအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၁၃.၁၀.၂၀၂၂ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင် ၊စတိုးဆိုင်များအား ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရှမ်းမင်းသားအမှတ်တံဆိပ် (ခေါက်ဆွဲခြောက်ထုပ်)တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြ ရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း စသည့်အချက်များ ကုန်အညွန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။

DOCA(ကချင်)

လက်လီ/လက်ကား ကုန်စုံဆိုင်များသို့ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၂.၁၀.၂၀၂၂ရက်နေ့ နံနက်၁၀:၀၀နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊အောင်မြေ(၁)ကျေးရွာရှိ လက်လီ/ လက်ကားရောင်းချနေသောကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်လက်လီ/လက်ကားရောင်းချနေသောကုန်စုံဆိုင်များတွင်စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များ ပါဝင်မှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

        ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ဝန်ထမ်းစုစုပေါင်း(၃၀)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များကိုလည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှု နှင့် စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များ ကိုလည်းကောင်း၊စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးနိုင် မည့်အချက်များကို လည်းကောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေးများကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များကိုလည်းကောင်း၊ ကြော်ငြာခြင်းဆိုင်ရာ တားမြစ်ချက်များကို လည်းကောင်း၊ လိမ်လည်လှည့်ဖြားခြင်းဆိုင်ရာ တားမြစ် ချက်များကို လည်းကောင်း၊ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တာမြစ်ချက်များကို လည်းကောင်း၊ ထင် ယောင်ထင်မှား ဖြစ်စေခြင်းဆိုင်ရာ တားမြစ်ချက်များကို လည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံး မူများရှိပါကစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူ ကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅  နံပါတ်များသို့ ခေါ်ဆို၍   ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများကလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

      တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(1.803)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(0.228)၊ စုစု ပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (2.031)၊ မေလအတွင်း ပို့ကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း(1.375)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(0.291)၊ စုစုပေါင်း ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာသန်း(1.666)၊  ဇွန်လအတွင်းပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (1.039)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.311)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာသန်း (1.350)၊ ဇူလိုင်လအတွင်းပို့ကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(0.775)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.812)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (1.587)၊ ဩဂုတ်လအတွင်း ပို့ကုန်ပမာဏအမေရိကန် ဒေါ်လာသန်း(0.372)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (0.992)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (1.364)၊ စက်တင်ဘာလအတွင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း(0.475)၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(0.764)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (1.239)၊ အောက်တိုဘာလ(၁၂)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ သန်း(0.105)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(0.075) စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (0.180)၊ ၊ (၇)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (5.944)၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(3.473)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (9.417)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (12.900)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ အောက်တိုဘာလထိ (၇)လတာ လျာထားချက်အပေါ် (27.10)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

         တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ Thursday Talk ပြုလုပ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးရုံးအ‌နေဖြင့်  ဝန်ထမ်းများ အသိပညာဗဟုသုတရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ Thursday talk ကို  (၂)ပတ် တစ်ကြိမ် ပြုလုပ်လျက်ရှိပါသည်။

   ၆-၁၀-၂၀၂၂ရက်နေ့တွင် ကျင်းပသည့် Thursday Talk အခမ်းအနား၌ ဒုတိယ-ညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က ဌာနမှ ဆောင်ရွက်လျက်ရှိသော အရည်အသွေးဆိုင်ရာလုပ်ငန်းများခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပြောကြားရာတွင် အမျိုးသားအရည်အသွေး အဆောက်အအုံ၏ အဓိပ္ပါယ်၊ ပါဝင်သောအစိတ်အပိုင်းများ၊ ချိတ်ဆက်ဆောင်ရွက်မှုများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီနှင့် ဆပ်ကော်မတီများ၏လုပ်ငန်းချိတ်ဆက် ဆောင်ရွက်ပုံ၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏  ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ပြီး စိုက်ပျိုးရေးအခြေခံ စံချိန်စံညွှန်းများအကြောင်း၊ Standard Specification Technical Regulation တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အကျိုးသက်ရောက်မှုများ၊ ဌာနမှ ‌ဆောင်ရွက်လျက်ရှိသည့်  Technical Regulation များ၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM) ရှိ ဓာတ်ခွဲခန်းများအကြောင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုများ၊ ပို့ကုန် အရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အရည်အသွေးဆိုင်ရာ ပြဌာန်းချက်များအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား၌ ဝန်ထမ်းအင်အား ( ၃၇) ဦးခန့်တက်ရောက်ခဲ့ပြီး နေ့လယ် (၂း၄၅)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လုပ်ငန်းတွင်ကျယ်လာသော Mobile Market ဆိုင်ကယ်ဈေးသည်များ

      ကလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မြို့လယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် ကလေးမြို့အရှေ့ဘက် ညောင်ပင်သာရပ်ကွက်တွင် မီးခွက်ထွန်းဈေးဟု အမည်တွင်သည့် နံနက်ပိုင်း ( ၂:၀၀ ) နာရီခန့်မှစတင်၍ နံနက် ( ၆:၀၀ ) နာရီခန့် အချိန်ထိ အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချကြသော စားဖိုဆောင် သီးနှံများ၊ အသား၊ ငါးများ စုံလင်စွာနှင့် ဆား၊ သကြား၊ ဟင်းချိုမှုန့်များအပြင်၊ လူသုံးကုန်ပစ္စည်းများကိုပါ ဖယောင်းတိုင်များ ထွန်းညှိကာဖြင့် လက်လီ/ လက်ကား ရောင်းချပေးနေသော ဈေးသည်များဖြင့် စည်ကားလျက်ရှိ ပါသည်။

     အဆိုပါဈေးတွင် တဆင့်ခံပြန်လည်ရောင်းချသည့် ဈေးသည်များ ပိုမိုလာရောက်ကာဝယ်ယူ လျက်ရှိပါသည်။ ထိုဈေးသည်များအနက် ဆိုင်ကယ်များဖြင့် နယ်လှည့်ရောင်းချသည့် ကလေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအပြင်၊ ကလေးဝ၊ မင်းကင်း၊ ခမ်းပတ်၊ တမူးမြို့များအထိ စားဖိုဆောင်သီးနှံမျိုးစုံနှင့် အသား/ငါးများကို အထုပ်များအစီအရီဖြင့် ချိတ်ဆွဲကာ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အိမ်တိုင်ရာရောက် သွားရောက်ရောင်းချနေသည့် Mobile Market ဆိုင်ကယ် ဈေးသည်များအနေဖြင့် နေ့စဉ်လုပ်ငန်းတွင်ကျယ်ကာ အရောင်းအဝယ်များဖြစ်လျက်ရှိပါသည်။

   ဆိုင်ကယ်ဖြင့် လိုက်လံရောင်းချသော ဦးမောင်ကြီးထံသို့ မေးမြန်းရာတွင် မိမိအနေဖြင့် အိမ်တိုင်ရာအရောက် လှည့်လည်ရောင်းချနေသည့် လုပ်ငန်းကို ၂၀၁၉ ခုနှစ်မှ စတင်၍ လုပ်ကိုင်လျက် ရှိပါကြောင်းနှင့် မိမိဝယ်ယူရောင်းချသည့် သီးနှံများ၊ အသား/ငါးများနှင့် သီးသန့်မှာယူသည့် စားသောက်ကုန်များရောင်းချမှုအနေဖြင့် မိမိသယ်ယူနိုင်သည့် အခြေအနေပေါ်မူတည်၍ တစ်နေ့လျင် ဝင်ငွေ ( ၁၅၀၀၀ - ၂၀၀၀၀ ) ကျပ်ခန့်ထိ ဝင်ငွေရရှိလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အိမ်တိုင်ရာရောက် သွားရောက်ရောင်းချခြင်းအားဖြင့် ဝယ်ယူသူများအနေဖြင့် အဆင်ပြေကာ ရောင်းချသူများ အနေဖြင့်လည်း ပိုမိုရောင်းချနိုင်လေလေ မိသားစုအတွက်ဝင်ငွေရရှိလေဖြစ်ပြီး လုပ်ငန်းတွင်ကျယ်လာသော Mobile Market ဆိုင်ကယ်ဖြင့် ရောင်းဝယ်ကြသောလုပ်ငန်းမှာ တွင်ကျယ်လာပြီး အချိန်တိုအတွင်း နေ့စဉ် ဝင်ငွေရရှိလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ