Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပွင့်ဖြူမြို့၊ မြို့မဈေး၌စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်နှင့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက်  (၅.၄.၂၀၂၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ မြို့မဈေးအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန တို့ပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒေါ်ဌေးဌေးဝင်းမှ စားသုံးသူရေးရာကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) အရ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်သောအချက်များပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ၊  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

 

 

မင်းဘူးမြို့မဈေး၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည် (ဒု-ကြီးကြပ်ရေးမှူး)နှင့်အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီတို့နှင့်ပူးပေါင်း၍ (၆.၄.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မင်းဘူးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ သွားရောက်၍ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား ဒု-ကြီးကြပ်ရေးမှူး ဦးမြင့်ကြည်က စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ စားသုံးသူရေးရာကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့် စပ်လျဉ်း၍  အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ၊ မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန်အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ဒု-ကြီးကြပ်ရေးမှူး)နှင့်အဖွဲ့သည် (၅.၄.၂၀၂၃) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စည်းများ၊ သုံးစွဲရန်မသင့် တားမြစ်ထားသောပစ္စည်းများနှင့် သက်တမ်းလွန်ပစ္စည်းများ ဆိုင်တင်ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြင့် ပြည့်စုံသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ (၆.၄.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင်   ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ်က တွေ့ရှိသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် စားသောက်ကုန်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်လာစေရန်အတွက် ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၂)၊အမှတ်(၃)၊အမှတ်(၄)နှင့် အမှတ်(၅) ရပ်ကွက်ရှိ "Natural"ဆပ်ပြာနှင့် ခေါင်းလျှော်ရည်လုပ်ငန်းရှင်၊ "ငွေအိုး"ကောက်ညှင်းကြော်၊ "ဘိုမ" မြေပဲဆား လှော်၊ "ရွှေစင်"ချိုချဉ်၊ "အိုကေ" ပါပလာကြော်၊ "မိုးမြင့်စံ" အာလူးကြော် လုပ်ငန်းရှင်များ ဆီသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

      ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အသင့်စားမုန့်မျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦးနှင့် အငယ်တန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည်  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား သိရှိလိုက်နာပြီး စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၄.၄.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်အတွင်း ထုတ်လုပ်လျက်ရှိသော "စံရှား" သောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြလာစေရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

     ဂန့်ဂေါမြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် သောက်ရေသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ သောက်ရေသန့်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပါဝင်ဆင်နွှဲ သင်္ကြန်ပွဲ

       မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး တန်ခူးလသည် သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ တန်ခူးလသည် မြန်မာပြက္ခဒိန်အရ အတာသင်္ကြန်ရေပတာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ ပိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ရေးသားခြင်းဖြစ်ပြီး တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်ပြီး တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏ ကံ့ကော်ပန်း သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။

       တန်ခူးလတွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့မပါသွားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရေပက်ကစားခြင်းကို  ရိုးရာပွဲတော်အနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ကြပြီး ဆက်နွယ်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ပွဲတော်၊ လာအိုနှစ်သစ်ကူး၊ ကမ္ဘောဒီးယားနှစ်သစ်ကူးရက်များအဖြစ် ကျင်းပလေ့ရှိကြောင်း သိရသည်၊၊ မြန်မာနိုင်ငံတွင် (တန်ခူးလ)သင်္ကြန်ကာလအား ရုံးပိတ်ရက်ရှည် အားလပ်ရက်အဖြစ် အစိုးရမှ ရုံးပိတ်ရက်သတ်မှတ်ပေးပြီး  တရားဘာဝနာပွားများခြင်း၊ သက်ကြီးရွယ်အိုတို့အား ကန်တော့ခြင်းနှင့် စတုဒီသာမုန့်များပြုလုပ်လှူဒါန်းခြင်းများ ကျင်းပပြုလုပ်ကြပါသည်။ မြန်မာနိုင်ငံတွင် တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပြီး သင်္ကြန်ပွဲတော်အား ခရစ်နှစ် ဧပြီ ၁၃ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပလေ့ရှိကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန ၊ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ၁၃၈၄ ခုနှစ် မဟာအတာသင်္ကြန် ပွဲတော် (၁၃-၄-၂၀၂၃) ရက်နေ့ သင်္ကြန်အကြိုနေ့တွင် မုန့်လုံးရေပေါ်ပြုလုပ်၍ အလှူဒါနပြုလုပ်ခြင်း၊ ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးမဏ္ဍပ်မှ သင်္ကြန်အကျနေ့ ၁၄-၄-၂၀၂၃ ရက်နေ့တွင် သင်္ကြန်ထမင်း အလှူဒါနပြုရာ၌ လုပ်အားဒါနပြုလုပ်ဆောင်ရွက်ခြင်း၊ သင်္ကြန်အကြတ်နေ့ ၁၅-၄-၂၀၂၃ ရက်နေ့၌ အဖွဲ့ခေါင်းဆောင်တာဝန်ယူ၍ ရွှေရင်အေးမုန့် ဒါနပြုခြင်း၊ သင်္ကြန်အတက်နေ့  ၁၆-၄-၂၀၂၃ ရက်နေ့၌ သာခွေယိုင်မုန့် ဒါနပြုခြင်းများနှင့် သင်္ကြန်မဏ္ဍပ်စည်ကားသိုက်မြိုက်စေရေး၊ ရေကစားသူများ ဘေးအန္တရာယ်ကင်းရှင်း၍ ပျော်ရွင်ချမ်မြေ့စွာ ရေးကစားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

 

                                               

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် နှစ်ဦးအလှူ ဝန်ထမ်းမိသားစု မိတ်ဆုံစားပွဲပြုလုပ်

        မြန်မာသက္ကရာဇ် ၁၃၈၄၊ ခရစ်သက္ကရာဇ် ၂၀၂၃ခုနှစ်ဧပြီလ  ရုံးပိတ်ရက်ရှည် သင်္ကြန်ကာလပြီးမြောက်ပြီးနောက် အစိုးရရုံးဌာနများကို (၁၈-၄-၂၀၂၃) ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများ ပြန်လည်ဆုံဆည်းမှု အထိမ်းအမှတ် ဝန်ထမ်းမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသော နယ်အသီးသီးမှ ဝန်ထမ်းများသည် သင်္ကြန်ကာလရုံးပိတ်ရက်ရှည် အားလပ်ရက်အတွင်း အချို့မှာ မိဘနေရပ်ထံပြန်၍ မိသားစုများနှင့် အတူပြန်လည်ဆုံဆည်းခြင်း၊ ဘိုးဘွားမိဘများနှင့် သက်ကြီးဆွေမျိုးများအား ကန်တော့ခြင်း၊ အလှူဒါနပြုလုပ်ခြင်းများ ပြန်လည်ဆောင်ရွက်ကြပြီး ရုံးပိတ်ရက်ရှည် သင်္ကြန်ကာလ ပြီးမြောက်ပြီးနောက် အစိုးရရုံးဌာနများကိုပြန်လည် ဖွင့်လှစ်ခဲ့ရာ ရုံးဖွင့်ရက် ကနဦးရက်ဖြစ်သော (၁၈-၄-၂၀၂၃) ရက်နေ့တွင် ဝန်ထမ်းများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပြန်လည်ဆုံဆည်းခြင်းအတွက် အထိမ်းအမှတ်မိတ်ဆုံစားပွဲအား ကျင်းပခြင်းဖြစ်ပြီး မိတ်ဆုံစားပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးမှ ကြာဇံကြော်၊ ကြာဇံချက်များ ချက်ပြုတ်၍ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်အတူ လက်ရည်တပြင်တည်း ပျော်ရွင်စွာဖြင့် စုပေါင်းမိတ်ဆုံစားခဲ့ကြကြောင်း သိရသည်။

DOCA(ကရင်)

 

မကွေးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးဆီရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ၅.၄.၂၀၂၃ ရက်နေ့တွင် မကွေး မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သင်္ကြန်ကာလအတွင်း ဆေးများဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA၊ စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မကွေးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် မကွေးမြို့ပေါ်ရှိ သီလ၊ သံလွင်၊ မေတ္တာမွန်၊ ပတ္တမြားဆေးဆိုင်၊ ထက်ဆေးဆိုင်၊ ဇီဝက ဆေးဆိုင်၊ ပုလဲ၊ ဖန်ခါးမြေဆေးဆိုင်များနှင့် JDS ဆေးကုမ္ပဏီများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ 

            အဆိုပါအဖွဲ့အနေဖြင့် ဆေးဈေးနှုန်းစာရင်းများကောက်ယူခြင်း၊ ကုမ္ပဏီရောင်းချသောဈေးနှုန်းများနှင့် ကွာခြားမှုရှိ/မရှိ စိစစ်ခြင်း၊  ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        ဆက်လက်၍ အဆိုပါအဖွဲ့သည် မကွေးမြို့၊ ရန်ပယ်ဈေးရှိ စားသုံးဆီရောင်းချသော ဆိုင်များသို့ လည်း သွားရောက်၍ ရောဆီများပါဝင်မှုအချိုးအဆအတိုင်း လေဘယ်ကပ်၍ ရောင်းချရေး၊ ဆီများရောင်းချရာတွင် သန့်ရှင်းစွာဖြင့် ခင်းကျင်းရောင်းချရေးတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

                                                          

စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ် မတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၆)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေး တို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ညောင်ပင်သာရပ်ကွက်ရှိ “ရာပြည့်” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဒု-ဉီးစီးမှူး ဒေါ်စန္ဒာမွန်နှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်ရှိ “ ရာပြည့် ” မုန့်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ရီမြင့်၏ နေအိမ်သို့ ဧပြီလ ( ၆ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် “ ရာပြည့် ” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ရီမြင့်မှ  ယခုလအတွင်း၌ ကိတ်မုန့်၊ပေါင်မုန့်နှစ်မျိုးကိုသာ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဖောက်သည်ဈေး (၈၀၀ ) ကျပ်မှ ( ၁၆၀၀ ) ကျပ် တန် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ လုပ်သားအင်အား ( ၁၃ ) ဉီး ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး လစာနှုန်းထားများအနေဖြင့် ( ၅၀၀၀၀ ) ကျပ်မှ (၃၀၀၀၀၀) ကျပ် ခန့် ငှါးရမ်းသုံးစွဲခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်ရမှုအနေဖြင့် စားဝတ်နေရေးအတွက် ပုံမှန်အနေအထားသာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မုန့်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများမှာ ဂျုံ(40KG)တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ စားဆီ ( ၁၀ )ပိဿာဝင်တစ်ပုံး ( ၇၈၀၀၀ )ကျပ်၊ သကြားအချိန် ( ၃၀ ) ပါ တစ်အိတ် လျှင် ( ၉၆၀၀၀ ) ကျပ်၊ ကြက်ဥတစ်ပိဿာ ( ၆၇၀၀ ) ကျပ်ပေး၍ လုပ်ငန်းအတွက် ဝယ်ယူအသုံးပြုဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီး အချိန်ပြည့်ရရှိမှုမရှိသဖြင့် ဒီဇယ်၊ ဂက်(စ်)များကို အသုံးပြု၍ လုပ်ကိုင်ရသည့်အတွက် ကုန်ကျစရိတ်များမှာ ယခင်ကထက်နှစ်ဆခန့် ကုန်ကျမှုများ ရှိပါကြောင်း လုပ်ငန်းရှင် ဒေါ်ရီမြင့်မှ ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထိုနောက် စားသုံးသူရေးရာဉီးစီးဌာန၊ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး)မှ မုန့်များပြုလုပ် ထုတ်ပိုးရာတွင်  လက်အိတ်များအသုံးပြု၍ ထုပ်ပိုးမှုများပြုလုပ်ရန်နှင့်  မုန့်ဖုတ်သည့် မုန့်ဖိုများအတွင်း သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်အသုံးပြုလုပ်ကိုင်ရန်နှင့် ဓာတုဆေးဝါး များအသုံးပြုခြင်း လျော့ပါးအောင် ပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့် နည်းလမ်းများကိုးအသုံးပြု၍ ပြုလုပ်ရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ