Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရှမ်းပြည်နယ်ရှိ ပြောင်းဈေးကွက်အခြေအနေ

       ပြောင်းသည် ပြည်တွင်းမွေးမြူရေး အစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပြောင်းသည် အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိက တိုက်မှာ အများဆုံးစိုက်ပျိုးကြ၍ မြေအနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ စိုက်ပျိုး ဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာသာ အဓိကထား စိုက်ပျိုးလျက်ရှိ ပါသည်။

       မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ခင်ဉီးမြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် အနေနဲ့ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်ဆန်၊ဖယ်ခုံ၊ ဟိုပုံး၊ ပင်းတယ၊ မိုးနဲမြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ တန့်ယန်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သိန္နီ၊ မိုင်းရယ်၊ ကွမ်းလုံ၊ နမ္မတူ၊ လောက်ကိုင်မြို့နယ်များတွင် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်မိုင်းယန်း၊ မိုင်းဆတ်မြို့နယ်များတွင်လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီနယ်တွင်လည်းကောင်း စိုက်ပျိုးကြပါသည်။

       ရှမ်းပြည်နယ်တွင် ပြောင်းကို မိုးရာသီမှာလည်း မိုးပြောင်း၊ ဆောင်းရာသီမှာလည်း ဆောင်း ပြောင်းအနေနဲ့စိုက်ပျိုးကြ၍ တစ်နှစ်ပတ်လုံး ပြောင်းအရောင်းအဝယ်ရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ပြောင်းမျိုးတွေကတော့ ICP(888)၊ ဧကရီ၊ ၉၉၉၊ ၊ ရေဆင်း(၃)စသော မျိုးများကို အများဆုံး အသုံးပြုစိုက်ပျိုးကြတယ်လို့ တောင်သူတစ်ဉီးပြောကြားချက်အရ သိရှိရပါတယ်။

        ပြောင်းစိုက်ရန်သင့်တော်တဲ့ မြေအမျိုးအစားတွေကတော့ ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သော မြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြေအမျိုး အစားမှာ အချဉ်ဓာတ်အနည်းငယ်ပါဝင်ပြီး အစိုဓာတ်မှာ ပုံမှန်သာဖြစ်သည့်အတွက် ပြောင်းစိုက်ပျိုး ဖြစ်ထွန်းမှုကောင်းတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် နှစ်စဉ် ပြောင်းစိုက်ပျိုးမှုမှာ ဧက(၈)သိန်းမှ (၉)သိန်း အထိ စိုက်ပျိုးနိုင်ပြီး ပြောင်းတန်ချိန် (၁၂)သိန်းမှ (၁၃) သိန်းနီးပါး အထိ စိုက်ပျိုးထွက်ရှိပါတယ်။ ဈေးနှုန်းဈေးကွက်အနေနဲ့ကတော့ ရှမ်းပြည်နယ်အတွင်း ဒေသတွင်း အသုံးပြုပြီးပိုလျှံပြောင်းများကို မြဝတီနယ်စပ်နှင့် မူဆယ်(၁၀၅)မိုင်မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့တင်ပို့လျက်ရှိပါတယ်။ နယ်စပ် ပေါက်ဈေးကတော့ တစ်ပိဿာ (၉၄၀)ကျပ် အထိ ပေါက်ဈေးရှိတယ်လို့ နယ်စပ်ဒေသ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံအနေဖြင့် ပြောင်းတင်သွင်းမှုကို ခေတ္တ ရပ်ဆိုင်းထားကြောင်းလည်း သိရှိရပါတယ်။ ဒေသတွင်း ဈေးကွက်အနေနဲ့ကတော့ ရှမ်းပြည်နယ်ရှိ ပြောင်းများကို ဒေသတွင်း တိရိစ္ဆာန် အစာစပ် စက်ရုံများသာမက ရန်ကုန်၊ မန္တလေးတိရိစ္ဆာန် အစာစပ်စက်ရုံများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ လက်ရှိဈေးကွက် ပေါက်ဈေးအနေနဲ့ကတော့ တစ်ပိဿာ (၉၅၀) ကျပ်အထိ ပေါက်ဈေးရှိကြောင်း ပြောင်းကုန်သည် တစ်ဉီးထံမှ သိရှိရပါတယ်။ ယခင်အပတ်က (၉၂၀)ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင် အနည်းငယ် မြင့်တက်လာခဲ့ပါသည်။ မနှစ်က ယခုလိုအချိန်တွင် ဒေသတွင်း ပြောင်းတစ်ပိဿာ (၇၂၀မှ၇၅၀) ကျပ်အထိ၊ နယ်စပ်မှာတော့ (၈၀၀)ကျပ် အထိသာ အမြင့်ဆုံးရှိခဲ့ပါတယ်။ ပြောင်းလက်ကျန် အနေနဲ့ကတော့ ပြောင်းအဟောင်းများကုန်သည်  များ လက်ထဲတွင်လက်ကျန်ကုန်နေပြီး ပြောင်းအခြောက်ခံစက်နှင့် ကုမ္ပဏီများထံတွင်သာ အနည်းငယ်ကျန်ရှိတော့ပါကြောင်းနှင့် ပြောင်းအသစ်များမှာတော့ စက်တင်ဘာလမှစ၍ စတင်ထွက် ပေါ်နေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

      ပုံမှန်အားဖြင့် ဈေးကွက်သဘောသဘာဝအရ ဈေးနှုန်းတက်သည်ဆိုသည်မှာ ဝယ်လိုအား များနေတာမျိုးကြောင့်ဖြစ်သည်။ ယခုလို  ဈေးနှုန်းတွေတက်နေခြင်းသည် ဝယ်လိုအားများနေခြင်း မျိူး မဟုတ်ဘဲ  မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသော စိုက်ပျိုးရေးသွင်းအားစုများ ဈေးတက်နေ တာကတစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကြောင့် သယ်ယူပို့ဆောင်ရာတွင် လမ်းခရီးအဆင်ပြေချောမွေ့ မှုများ မရှိနေတာကတစ်ကြောင်း၊ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော အကြောင်း တရားများစွာကြောင့် လည်းကောင်း ဈေးနှုန်းများ အင်မတန်မြင့် တက်လာ တာဖြစ်တယ်လို့ သုံးသပ် မိပါသည်။ ပြောင်းဈေး နှုန်းဈေးကွက်ကောင်းနေပေမယ့် ပြည်ပဈေးကွက်အနေနဲ့ကလည်း ကိုဗစ်ကာလဖြစ်နေ၍  လွတ်လပ်စွာကုန်သွယ်မှုမပြုနိုင်ခြင်း၊ ပြည်တွင်း တိရိစ္ဆာန် အစာစပ် စက်ရုံများသို့လဲ သယ်ယူပို့ဆောင်မှု အခက်အခဲ အနည်းငယ်ရှိနေတာကြောင့် အပြည့်အဝရောင်းဝယ်ဖောက်ကားမှု မပြုနိုင်ခြင်း တို့ကြောင့် တောင်သူများအနေနဲ့ ယခင်ပြောင်းရောင်းဝယ်ဖောက်ကားတဲ့ အချိန်များထက်စာရင် စိန်ခေါ်မှု တစ်ရပ် နှင့်ကြုံတွေ့နေကြရတယ်လို့ သုံးသပ် ရေးသားလိုက် ရပါသည်။

DOCA(ရှမ်း)

Commerce Journal အတွက် သတင်းဆောင်းပါးရေးသားခြင်းဆိုင်ရာ အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ (၁၂-၁၀-၂၀၂၂)

              Commerce Journal သို့ သတင်း/ဆောင်းပါးရေးသားပေးပို့ခြင်းနှင့်စပ်လျဉ်း၍ အရည် အသွေးပြည့်မီသည့် သတင်း/ဆောင်ပါးများ ပေးပို့နိုင်ရေးအတွက် Commerce Journal အုပ်ချုပ်သူ ဦးမျိုးသူ (ဒုတိယညွှန်ကြားရေးမှူးချုပ်ငြိမ်း)  နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/ဆောင်းပါးရေးသားသည့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံဆွေးနွေးသည့် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေး ရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ Commerce Journal အုပ်ချုပ်သူနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း/ဆောင်းပါး ရေးသားတင်ပြရေး အဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် Commerce Journal အုပ်ချုပ်သူ ဦးမျိုးသူ က Commerce Journal ကို ၂၀၀၀ ခုနှစ်က စတင်ထုတ်ဝေခဲ့ပါကြောင်း၊ “စီးပွားရေးအောင်မြင်ရန် သတင်းအချက် အလက်အခြေခံ” ဆောင်ပုဒ်ကို အခြေခံ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လှုပ်ရှားမှုများ၊ ပြည်တွင်း/ပြည်ပကုန်သွယ်မှုဆိုင်ရာ သတင်းများ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ အားကိုး အားထားပြုနိုင်သည့် သတင်း/ဆောင်းပါးများအား နှစ်ပတ်လျှင် တစ်ကြိမ် တနင်္လာနေ့တိုင်း ထုတ်ဝေ ခဲ့ပါကြောင်း၊ ယခုထပ်မံထုတ်ဝေမည့် Commerce Journal တွင် ဆန်စပါး၊ ပဲမျိုးစုံဆိုင်ရာ သတင်း များ၊ အထူးစီးပွားရေးဇုန်ဆိုင်ရာသတင်းများ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာသတင်းများ၊ ကုန်စည်ဒိုင် များတွင် ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းနှိုင်းယှဉ်ချက်များ၊ စက်သုံးဆီ၊ စားသုံးဆီ၊ ရွှေဈေးနှုန်းများ၊ ရော်ဘာ၊ စားဖိုဆောင်သီးနှံဆိုင်ရာ သတင်းများ၊ ဘာသာပြန်သတင်းများ၊ စီးပွားရေးသံမှူးဆိုင်ရာ သတင်းများ၊ ဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနဆိုင်ရာ သတင်းများ ထည့်သွင်းဖော်ပြရန် လျာထားပါ ကြောင်း၊ သတင်းဆောင်းပါး ရေးသားသူများအနေဖြင့် မိမိတို့ရေးသားသည့် သတင်းများထည့်သွင်း ဖော်ပြနိုင်ရေးအတွက် အရေအတွက်ထက် အရည်အသွေးပြည့်မီသည့် ဆောင်းပါးများဖြစ်ရန် လိုအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း/ဆောင်းပါး ရေးသားတင်ပြရေး အဖွဲ့ဝင်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အရည်အသွေးကောင်းမွန်သည့် သတင်းများရေးသားနိုင်ရေးအတွက် တွန်းအား ပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံ ခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက မိမိတို့ ဝန်ကြီးဌာနနှင့် ဦးစီးဌာန Website များ၊ Facebook Page များတွင် သတင်းများလတ်ဆတ်မှုရှိစေရေးအတွက် အထူးအလေးထား ရေးသားစေလိုအပ်ပါ ကြောင်း ပြောကြားခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း/ဆောင်းပါး ရေးသားတင်ပြရေး အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ITQM)

လူသုံးများသည့်ဒေသထွက်ကုန် သံလိုက်ဆီဈေးကွက်အခြေအနေ

      ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး တောင်ကုန်း တောင်တန်း ထူထပ်များပြားသကဲ့သို့ သဘာဝသယံဇာတများ၊ ဆေးဘက်ဝင်ပရဆေးပင်များ အလေ့ကျပေါက်ရောက်လျှက်ရှိပါသည်။ ထို့ကြောင့် ပြည်နယ်အတွင်းရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်အချို့မှာလည်း ဒေသထွက်ကုန်ပစ္စည်းအချို့ကိုလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြပါ သည်။ ကယားပြည်နယ်၏ ဒေသထွက်ကုန်ပစ္စည်းတစ်မျိုးမှာ “သံလိုက်ဆီ”ဖြစ်ပါသည်။

       ကယားပြည်နယ်ဟုဆိုလိုက်လျှင် ကယားရိုးရာခေါင်ရည်၊ ကယားဝက်အူချောင်း၊ ကယား ဟင်းထုပ်များအပြင် ရပ်ဝေးမှ တိုင်းရင်းဆေးဝါးနှစ်သက်သူများသည် ကယားပြည်နယ်ထွက် “သံလိုက်ဆီ”အား တွဲလျှက်မှတ်မိနေတတ်ကြပါသည်။ “သံလိုက်ဆီ”ဆိုသည်မှာ နိုင်ငံတကာ ဈေးကွက်တွင် “megnet oil” ဟုလူသိများပြီး ၎င်းကိုတိုက်ရိုက်ဘာသာပြန်ဆိုပါက “သံလိုက်ဆီ” ဟုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ “သံလိုက်ဆီ”ကို သဘာဝပယင်းနှင့် ၎င်း၏သဘာဝလွန်စွမ်းအားများ ဖြင့်အချိုးညီပေါင်းစပ်ထားပြီး မြန်မာ့ရှားပါးအစွမ်းထက်သဘာဝဆေးအမယ်များဖြင့် ထပ်မံပံ့ပိုး ထောက်ပံ့ကာဆေးကုသခြင်း၊ အသွင်ပြောင်းခြင်း၊ ဆင့်ပွားပေါင်းစပ်၍ အဆီအနှစ်ထုတ်ကာ ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ကြသည်။

       Magnet Spiritual Oil a Combination of natural and supernatural energies working together for healing, transformation and evolutionary change. All the equipement is steralised to ensure that no contamination what so ever can occur…..ဟု google တွင် ဖော်ပြထားပြီး “Spiritual” နတ်ဆေးဟုပင် တင်စားဖော်ပြထား သည်။

       သဘာဝပယင်းအား အဆီအနှစ်ထုတ်ယူပြီး တန်ဖိုးကြီးဆေးအမယ်များဖြစ်သည့် နှမ်းနက် ဆီ၊မုန်ညင်းဆီ၊ သံလွင်ဆီ၊စပလင်ဆီ၊သစ်မွေးဆီ၊ နနွင်းနက်နနွင်းခါး၊သက်ရင်းကြီးရွက်၊နွားချေး၊ မြင်းချေးတို့ဖြင့် အချိုးကျပေါင်းစပ်ပြီးဖော်စပ်ရသည်။ ယင်းဆေးအမယ်များအား ဆေးချက်ရာ တွင် မြေအိုးစစ်စစ်တွင်ထည့်ကာ မြေကောင်းရာအရပ်တွင်တွင်းတူးပြီး (၃)ရက်ခန့်မြေမြှုပ်ရပြီး တဖန်ပြန်ထုတ်ကာဖန်ပုလင်းဖြင့်နေရောင်တွင်(၃)ရက်ပြရသည်။ ဆေးစွမ်းထက်စေရန် တန်ဆောင် မုန်းလပြည့်ညဆေးပေါင်းခသောညများတွင် မန္တာန်စုပ်ကာမီးဖြင့် တဖန်ပြန်ချက်ရသည်။ ယင်းကို ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဓါတ်ကြီးလေးပါးဖြင့် ပြုပြင်ခြင်းဟုခေါ်သည်။ “သံလိုက်ဆီ” ဆိုသည်မှာအခေါ်အဝေါ်ကားတူသော်လည်း ဆေးဖော်စပ်ပုံကားမတူညီကြပါ။ 

       အစက်ချ “သံလိုက်ဆီ”တွင် ထင်းရှူးဆီ၊ ပရုပ်အေး၊ တေဇောဆီ၊ လေးညှင်း၊ ဖာလာ၊ သစ်ကြပိုးခေါက်တို့ဖြင့် ဖော်စပ်ကြသည်။ “သံလိုက်ဆီ”သည် သက်ကြီးရွယ်အို၊အဘိုးအဘွား၊ ကလေးငယ်ရှိသည့် အိမ်တိုင်းမဖြစ်မနေဆောင်ထားသင့်သော ဆေးတစ်မျိုးဖြစ်ပါသည်။ ထိခိုက် ရှနာ၊ သွေးထွက် သံယို၊ ပွန်းပဲ့၊အရိုးအက်၊အကြောထုံး၊ အကြောနာ၊ အကြောတက်ရောဂါအမျိုး၊ ဒူးနာခါနာရောဂါအမျိုးမျိုး၊ လေဖြတ်လေငန်းရောဂါများ၊ ညောင်းညာကိုက်ခဲသော ရောဂါများ စသည်ရောဂါအမျိုမျိုးအတွက် အထူးသင့်လျော်သော တိုင်းရင်းဆေးဖြစ်ပါသည်။ သံလိုက်ဆီအား G6PD (Glucose 6 Phosphate dehydrogenase)ခေါ်မွေးရာပါဓါတ်တစ်မျိုးချို့တဲ့သည့် ရောဂါ ဖြစ်နေသူများနှင့် လသားကလေးငယ်များ အသုံးပြု၍မရပါ။

     ကယားပြည်နယ်သည် တောတောင်ရေမြေထူထပ်သော တောင်ပေါ်ဒေသဖြစ်သည့်အပြင် သဘာဝဆေးဖက်ဝင်အပင်များ၏ အဆီအနှစ်များဖြင့် ထုတ်လုပ်ထားသော “သံလိုက်ဆီ”မှာ လူကြိုက် များလှပါသည်။ ရပ်ဝေးမှ မိဘဆွေမျိုးများ၊ သက်ကြီးရွယ်အိုများအား ဒေသထွက်သံလိုက်ဆီ တိုင်းရင်းဆေးအား လက်ဆောင်ပေးနိုင်ပါသည်။ သီတင်းကျွတ် အခါသမယဖြစ်သည်နှင့်အညီ ဘိုးဘွားလူကြီးမိဘများအား “သံလိုက်ဆီ”ဖြင့် ကန်တော့နိုင်ပါသည်။ ယခင်က “သံလိုက်ဆီ”တစ် ပုလင်းလျှင် လက်လီဈေး(၁၅၀၀)ကျပ်သာရှိသော်လည်း ယခုအခါကုန်ကြမ်းပစ္စည်းများ ဈေးနှုန်း မြှင့်တက်လာမှုကြောင့် အစက်ချသံလိုက်ဆီ တစ်ပုလင်းလျှင် လက်လီဈေး(၂၀၀၀)ကျပ်၊ ၁၀ ပုလင်းနှင့်အထက် (၁၉၀၀)ကျပ်နှင့် ၃၀ပုလင်း(တစ်ဖာ)နှင့် အထက်(၁၈၀၀)ကျပ်တို့ဖြင့် လက်လီ၊ လက္ကားဆက်သွယ်မှာယူနိုင်ပါသည်။ ကယားပြည်နယ် ဒေသထွက်စစ်စစ်ဖြစ်သည့်အပြင် အသက် အရွယ်မရွေး သုံးစွဲနိုင်သော ဆေးစွမ်းဖြစ်သည့်အတွက် ကားလမ်းဖွင့်ရာဒေသများသို့ လက်လီ/ လက္ကားပို့ဆောင်ပေး နေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

DOCA(ကယား)

 

Diamond Dragon Co.,Ltd မှ စားအုန်းဆီများရောင်းချပေးခဲ့

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း များ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း”တို့နှင့် ပူးပေါင်း၍ ၄.၁၀.၂၀၂၂ ရက်နေ့၌ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ ပြည်သူများကို စားအုန်းဆီ ၁ ပိဿာ လျှင် ၅၄၀ဝိ/- နှုန်းဖြင့် Diamond Dragon Co.,Ltd မှ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တွံတေးခရိုင် ကျိုက်သလဲကျေးရွာ၊လာကပုံကျေးရွာများရှိ တောင်း၊ခြင်း ထုတ်လုပ်မှု

     ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ကျိုက်သလဲကျေးရွာအုပ်စုသည် တွံတေး-ကော့မှူး ကားလမ်း၏ ဝဲ-ယာ တွင်တည်ရှိသည့် ကျေးရွာအုပ်စုတွင်ပါဝင်သော ကျိုက်သလဲကျေးရွာနှင့် လာကပုံကျေးရွာတို့တွင် ဝါးဖြင့်တောင်း၊ခြင်းမျိုးစုံယက်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်၍ အသက် မွေးဝမ်း ကျောင်းပြုလျက်ရှိပါသည်၊၊ ယခုအခါ ဝါး၊ ခြင်း တောင်းယက်လုပ်ခြင်းကို မိသားစု တစ်ပိုင် တစ်နိုင် လုပ်ငန်းအဖြစ်ဆောင်ရွက်နေပြီး တောင်း၊ ခြင်းအမျိုးအစား အလိုက်မှာယူမှု့ အပေါ် အခြေခံ၍ ကုန် ကြမ်းပေးကုန်ချောယူစနစ်ဖြင့် အငှားပေးကာလုပ်ငန်းလည်ပတ်လျက်ရှိသည်၊၊

      ယက်လုပ်ထားသော တောင်း၊ ခြင်းများကို ကိုယ်တိုင်ရောင်းချခြင်းရှိသကဲ့သို့ ပွဲစားများမှ တစ်ဆင့်ရောင်းချခြင်းများရှိကြောင်းသိရှိရသည်၊၊အိမ်အရောက်ဝယ်ယူမှုများရှိသကဲ့သို့ မှာယူသည့် နေရာအရောက်ပစ္စည်းပေးပို့ရသည်များလည်းရှိကြောင်းသိရှိရပါသည်၊၊သီတင်းကျွတ်ပြီးကာလများတွင် ငါးခြောက်ခြင်းသီးသန့်မှာယူမှုများရှိပြီး ဧရာဝတီတိုင်းဒေသကြီး ငါးထုတ်လုပ်ရာ ရေချို၊ရေငံ အရပ်များမှ မှာယူမှု့ပို့များပြီးဖျာပုံနယ်ဘက်မှအများဆုံးမှာယူမှုရှိသည်၊၊ ပဲဆွတ်ခူးရာသီတွင် ပဲတောင်းများကို ခရမ်း/သုံးခွဘက်မှ အများဆုံးဝယ်ယူကြောင်း သိရှိရသည်၊၊ဈေးကွက်မှာယူမှု့အပေါ်လိုက်၍ ဝါးခြင်း/တောင်းများကို ပစ္စည်းမျိုးစုံယက်လုပ်ကြပြီး ကြိုတင်ထုတ်လုပ် ယက်ထားခြင်းမရှိဘဲ မှာယူမှသာ လုပ်ကိုင်ကြသည်၊၊အဓိကကုန်ကြမ်းမှာဒေသထွက်ထီးရိုးဝါး(နှီးဖြာဝါး)ဒေသအခေါ် ဝါးမရောင်း ဖြစ်ပြီး ခြံခုတ်နှင့်အိမ်အရောက်ပို့ဈေးမှာအနည်းငယ်ကွာခြားပြီး ၁၈တောင်ဝါးတစ်လုံးကို  ၂၀၀၀  မှ  ၃၀၀၀ ထိပေးရသည်၊၊

     ကုန်ပစ္စည်းများကို တင်ပို့ရောင်းချရာတွင် ၎င်းပွဲစားများမှတဆင့်ရောင်းချရာတွင် ငွေ လက်ငင်းရခြင်းရှိသလို ခေါက်ပြန်ကြေးပေးထားရသည်များလည်းရှိသည်၊၊အငှားရက်သူသို့ ဝါးဖိုး၊ အလုပ်ခများ ကြိုတင်ပေးထားရသည့် မိသားစုလုပ်ငန်း(ကိုယ်တိုင်)ထုတ်လုပ်သူအတွက် အရင်းအနှီး တစ်လ ကျပ် ၁၀သိန်းမှ ၂၀သိန်းကျပ်ခန့်ရှိကြောင်းသိရှိရသည်၊၊ ဝါးဖြင့်ပြုလုပ်သော တောင်း၊ ခြင်း အမျိုးအစားအလိုက် ပုံသဏ္ဍာန်ကွဲပြားခြားနားသော်လည်း ကုန်ပစ္စည်းထည့်သွင်း သယ်ဆောင်ရာ တွင်လိုသလို အသုံးပြုနိုင်သော ကုန်ပစ္စည်းဖြစ်ကြောင်း သိရှိလေ့လာရပါသည်၊၊ ယက်လုပ်ထားသော တောင်း၊ ခြင်းများမှ အမျိုးအစားအလိုက် ပုံသဏ္ဍာန်ကွဲပြားခြားနားသဖြင့် ရောင်းချသော ဈေးနှုန်းများမှာလည်း ကွဲပြားခြားနားကြောင်း သိရှိရပါသည်၊၊ ကျိုက်သလဲကျေးရွာ အုပ်စုတွင်  ဝါးဖြင့် ပြုလုပ်သော တောင်း/ခြင်း လုပ်ငန်းနှင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၂၀)ဦး ခန့်ရှိကြောင်းသိရှိရသည်၊၊၎င်းလုပ်ငန်းမှ ကျေးရွာရှိ လူဦးရေ ၂၀၀ ကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်ကို သိရှိရပါသည်၊၊

DOCA(ရန်ကုန်)

 

ဗဟုသုတတိုးပွားဖို့ Thursday Talk လုပ်ကြစို့

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ဗဟုသုတတိုးပွားစေရန် ရည်ရွယ်လျက် ၂၀၂၂ ခုနှစ်အောက်တိုဘာလ(၆) ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် “တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့် ကြာသပတေးနေ့စကားဝိုင်း (Thursday Talk) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဦးရွှေဖြူနှင့် အရာထမ်း/အမှုထမ်း စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ကြပါသည်။

   အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းစံပယ်ဦး(ဒု-ကြီးကြပ်ရေးမှူး) မှ “တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ” နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူ၏ အခွင့်အရေးများ၊ ဘယ်သူတွေက တိုင်ကြားနိုင်သလဲ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ တိုင်းကြားနိုင်သည့် နေရာများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)များ ဖွင့်လှစ်ထားရခြင်း၏ ရည်ရွယ်ချက်များ၊ တိုင်ကြားမှုလက်ခံဆောင်ရွက်ခြင်း နည်းလမ်းအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ Thursday Talk တက်ရောက်သည့် ဝန်ထမ်းများမှလည်း သိလိုသည်များကို မေးမြန်းကြ၍ အပြန်အလှန်ဆွေးနွေးခဲ့ခြင်းနှင့် ဆွေးနွေးပေးသည့် ဝန်ထမ်းအား ဆုချီးမြှင့်ခြင်းများ ပြုလုပ်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့်  ဝန်ထမ်းများသည် (၄-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ဂွမြို့ကင်းရုံ(၂) အခြေခံ ပညာမူလတန်းကျောင်းသို့ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အများပြည်သူ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဂွမြို့ ကင်းရုံ(၂) အခြေခံပညာမူလတန်းကျောင်းမှ ကေျာင်းအုပ် ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌‌‌ဒေါ်ရွှေရည်ဝင်းကျော်မှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းနှင့် ပတ်သက်၍ ကျောင်းသား/သူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲတက်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ သေချာစွာလေ့လာဖတ်ရူပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော မုန့်ပဲသရေစာများကို ဝေငှဖြန့်‌ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၆.၁၀.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတွင်ပါဝင်သည့် Winter Coffee(အသင့်ဖျော်ကော်ဖီ)၊ အရသာကောင်း(မြေပဲယို)၊ ချိုကိုစတော်(ကွတ်ကီး)တို့အား ညွှန်ကြားချက် အမှတ်(2/2019)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား များဖြစ်သည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ပြည့်စုံစွာဖော်ပြထားခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA(ကချင်)

 

ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၃.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ အအေးခန်းစက်ရုံလုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုထုတ်လုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရေး ဆောင်ရွက်မည့် အစီအစဉ်အား ချပြရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးစီမံကိန်းကို သီးနှံအမျိုးအစားအလိုက် ဆောင်ရွက်မည့် အစီအစဉ်များ၊ အတိုးနှုန်း သတ်မှတ်ချက်များ၊ ချေးငွေဆပ်ရမည့် ကာလသတ်မှတ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ဟင်းမွှေးမဆလာလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ အသိပညာပေး

      မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတာဝန်ခံသည် ၅.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံး၌ “အပူးလေး” အထက်တန်းဟင်းမွှေး မဆလာ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်က လိုက်နာ ရမည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ