Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ - ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ နေ့လည်(၁၃:၃၀) အချိန်တွင် ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက် မိုင်းယန်းလမ်းရှိ ဒေါ်နန်းဟွမ်ခမ်း၏ “ရွှေဆင်” ပဲငံပြာရည်လုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ကျိုင်းတုံမြို့ရှိ စားသုံးသူပြည်သူများသည် ပဲငံပြာရည်ကို နေ့စဉ်မီးဖိုချောင်၌ ချက်ပြုတ်စား သောက်ရန်အတွက်သာမက နံနက်စာအဖြစ်လည်းနေ့စဉ်စားသုံးလျက်ရှိသောရှမ်းခေါက်ဆွဲတွင်လည်း အသုံးပြုစားသုံးကြပါသည်။ ယင်းကြောင့် ပဲငံပြာရည်များ ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိပြီး သန့်ရှင်းလတ်ဆက်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါ သည်။

  စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်“ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင်အား ပဲငံပြာရည်ကြိုချက်ရာတွင် အသုံးပြုလျက်ရှိသောရေများသည် ရေကောင်းရေသန့် များဖြစ်စေရန်၊ ရေလှောင်ကန်အား သန့်ရှင်းမှုရှိစေရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိုင်စေရန်၊ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈)ပါ “ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်း” နှင့်ပတ်သတ်၍ အလေးထားဆောင်ရွက်ရန် ထုတ်လုပ်သည့် လိပ်စာအား ကုန်စည်များတွင်ထင်ရှားတိကျစွာဖြင့် မှန်ကန်သည့်လိပ်စာများ ထည့်သွင်းဖေါ်ပြရန် စားသုံးသူကာ ကွယ်ရေးဉပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုပါလိုက်နာ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ရှမ်း)

 

သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

       ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန အမ်းခရိုင် အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၃၀-၉-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် အမ်းမြို့ အမှတ်(၅)ရပ်ကွက် ဦးသစ်လွင် ပိုင်ဆိုင်သော  U Maw Family Co.ltd မှ    Best Fly တံဆိပ်ပါ သောက်ရေသန့်ထုတ်လုပ်သော စက်ရုံသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူး ပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြစေရန် ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဦးအောင်မင်းခိုင်မှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူ ကာကွယ်ရေးပြဌာန်းချက်အရ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ အရ ကုန်စည် အုပ်စု(၈)မျိုးအလိုက် ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများနှင့်ပတ်သက်၍ သိရှိစေရေးရှင်းလင်းပြောကြားပြီး သောက်ရေ သန့်ဗူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်များအား မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ခြင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ ရယူရန်လိုအပ်ကြောင်း၊ စက်ရုံပတ်ဝန်ကျင်သန့်ရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ အလုပ်သမားများ၏ တကိုယ်ရေးသန့်ရှင်းမှုရှိစေရေး၊ သောက်ရေသန့်ဗူးများ သန့်ရှင်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေးဟောပြော ဆွေးနွေးပွဲ(၃/၂၀၂၂) ကျင်းပပြုလုပ်ခြင်း

        မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး သင်တန်း (၃/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

     ဆက်လက်၍သင်တန်းတွင် ဟောပြောဆွေးနွေးမည့် သင်တန်းသား/သူများမှ အလှည့်ကျမိတ်ဆက် ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဟောပြောရန် အလှည့်ကျသည့် ဒု-ဦးစီးမှူး ဦးဆယ်မောင်မှ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်နုနုလွင်မှ အသုံးစရိတ်အကြောင်း တစေ့တစောင်း၊ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းမှ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များ၊ ဦးစီးမှူး ဦးအုန်းမြင့်မှ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်းအားလည်းကောင်း Power Point များဖြင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဆွေးနွေး ဟောပြောခဲ့မှုများအပေါ် ပြန်လည်သုံးသပ်၍ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ ယခုကဲ့သို့ အလေ့အကျင့်များ ပြုလုပ်ပေးခြင်းအားဖြင့် မြေပြင်ကွင်းဆင်း ခြင်းလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အမှားအယွင်းမရှိ ကောင်းမွန်စွာ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲအား (၁၂:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းသို့ စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

                                                         

စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့်လှည့်လည်ရောင်းချပေးနေမှုများ

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသို့ စားသုံးဆီ များကိုဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ၃၀-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ရုံးအမှတ် (၇)၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ဆီပိဿာချိန် (၂၁၀)ကိုလည်းကောင်း၊ရုံးအမှတ် (၂၄)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီပိဿာချိန် (၄၀၀)ကိုလည်းကောင်း၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ကုန်သွယ်ရေးဦးစီးဌာနတို့တွင် ဆီပိဿာချိန်(၁၀၈၁)ကိုလည်းကောင်း၊ ရုံးအမှတ်(၅၂)ရှိစားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီး ဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့တွင် ဆီပိဿာချိန် (၁၈၈၆)ပိဿာကိုလည်းကောင်း  တစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး ခဲ့‌ကြောင်းသိရှိရပါတယ်။

      ဆက်လက်၍ ယဥ်ကျေးမှုဦးစီးဌာနတွင် ဆီပိဿာချိန်(၃၆၀)ကိုလည်းကောင်း၊ ရုံးအမှတ် (၁၈)ရှိ တွဲဖက်ဌာနများမှ ဝန်ထမ်းများအား ဆီပိဿာချိန်(၁၄၀)ကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနတွင် ဆီပိဿာချိန်(၃၀၄)ပိဿာကိုလည်းကောင်း တစ်ပိဿာလျှင် (၄၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်းသတင်း ရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်းအလိုက် စက်တင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

             စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ စက်တင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၂၇)ဦးက အပ်နှံလာသော သီးနှံ အမျိုး အစား(၁၃)မျိုး၊ နမူနာအရေအတွက် (၅၆) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၄၂) ခုကို စမ်းသပ် စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပါသည်။

             စမ်းသပ်စစ်ဆေးခဲ့သည့် သီးနှံအမျိုးအစားများမှာ ပဲတီစိမ်း၊ ပဲတီစိမ်းအခွံချွတ်ခွဲခြမ်း၊ ဘိုကိတ်ပဲ၊ ပြောင်းဖူးစေ့၊ နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းဖြူ၊ စားအုန်းဆီ၊ မြေပဲဆီ၊ နွားချေး၊ ဖွဲနု၊ ဘီယာဖတ်နှင့် မြေပဲဖတ် တို့ဖြစ်ပါသည်။

             ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲစမ်း သပ်မှု (၂၇) ခု၊ မှိုဆိပ်ဆိုင်ရာဓာတ်ခွဲစမ်းသပ်မှု (၅) ခု၊ ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲစမ်းသပ်မှု (၁၀၂) ခုနှင့် သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှု (၈)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၄၂) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ITQM)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၃၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေး တို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

 

ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံရေး

      ကသာခရိုင်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များသည် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းသော ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရှည်လျားသည့် မြေနုလွင်ပြင်များရှိသော ဒေသဖြစ်သည်။ အဆိုပါမြေနုလွင်ပြင်များတွင် တောင်သူများသည် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ကြံ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးကြသည်။

      ဦးစားပေးတင်ပြလိုသည်မှာ ဆီထွက်သီးနှံဖြစ်ပြီး ကသာခရိုင်အတွင်း ဆီထွက်သီးနှံမျိုးစုံ စိုက်ဧကမှာ (၂၂၇၂၆၈)ဧကရှိကြောင်း သိရသည်။ ခရိုင်တွင်း ဆီထွက်သီးနှံအမျိုးအစားအလိုက် ယခင် ၂၀၂၁-၂၀၂၂ ခုနှစ် ကိန်းဂဏန်းများကို လေ့လာမည်ဆိုပါ မြေပဲစိုက်ဧက(၅၁၅၄၁)ဧက၊ အထွက်နှုန်း (၆၆.၈၃)တင်းနှင့် အထွက်တင်းပေါင်း (၃၄၄၄၃၈၀)တင်း၊ ဆောင်းနှမ်းစိုက်ဧက(၇၅၄၁၈)ဧက၊ အထွက် နှုန်း (၁၄.၀၀)တင်း၊ အထွက်တင်းပေါင်း(၁၀၅၆၂၅၆) တင်း၊ နွေနှမ်းစိုက်ဧက(၁၅၅)ဧက၊ အထွက်နှုန်း (၁၁.၇၇)တင်း၊ အထွက်တင်းပေါင်း (၁၈၂၄)တင်း၊ မုန့်ညှင်းစိုက်ဧက(၅၀၃၂)ဧက၊ အထွက်နှုန်း (၁၄.၂၁) တင်း၊ အထွက်တင်းပေါင်း (၇၁၄၇၉)တင်း၊ နေကြာစိုက်ဧက(၄၅၉၈၇)ဧက၊ အထွက်နှုန်း(၃၄.၈၄)တင်း၊ အထွက်တင်းပေါင်း (၁၆၀၂၂၅၀)တင်း၊ ပန်းနှမ်းစိုက်ဧက(၄၉၁၃၅)ဧက၊ အထွက်နှုန်း(၁၁.၈၅)တင်း၊ အထွက်တင်းပေါင်း (၅၈၂၂၂၆)တင်း စသည်ဖြင့် အသီးသီးရှိကြောင်း သက်ဆိုင်ရာဌာနဖော်ပြချက် စာရင်းများအရသိရသည်။

 

ကသာခရိုင်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း အမျိုးမျိုး၊ နေကြာ)များ၏ မျိုး၊ အလေအလွင့်နှင့် လက်ကျန် တွက်ချက်ခြင်း

စဉ်

အမျိုးအစား

အထွက် တင်းပေါင်း

စိုက်ဧက

နုတ်ပယ်ခြင်း

လက်ကျန် တင်း

မျိုး

အလေ အလွင့်

ပေါင်း

မြေပဲ

၃၄၄၄၃၈၀

၅၁၅၄၁

၃၀၉၂၄၆

၂၅၇၇၀၅

၅၆၆၉၅၁

၂၈၇၇၄၂၉

နှမ်း

၁၄၆၀၃၀၆

၁၂၄၇၀၈

၁၅၅၈၈

၂၄၉၄၁၆

၂၆၅၀၀၄

၁၁၉၅၃၀၂

နေကြာ

၅၈၂၂၂၆

၄၅၉၈၅

၁၁၄၉၆

၉၁၉၇၀

၁၀၃၄၆၆

၄၇၈၇၆၀

 

 

 

ကသာခရိုင်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း အမျိုးမျိုး၊ နေကြာ)များ၏ ဆီထုတ်လုပ်နိုင်မှု

စဉ်

အမျိုး အစား

အရေ အတွက်

အထွက်နှုန်း

ဆီထွက်နှုန်း (ပိဿာ)

စုစုပေါင်း ဆီထွက်နှုန်း

အတောင့် (တင်း)

အဆံ ပိဿာ

အဆံ

ဆီ ပိဿာ

အတောင့်

အဆံ

ဆီ

ပိဿာ

မြေပဲ

၂၈၇၇၄၂၉

၁-တင်း

၄.၅

၁-တင်း

၆.၅၀

၂၈၇၇၄၂၉

၁၂၉၄၈၄၃၀

၈၄၁၆၄၇၉၅

နှမ်း

၁၁၉၅၃၀၂

-

-

-

၁၁၉၅၃၀၂

၇၁၇၁၈၁၂

နေကြာ

၄၇၈၇၆၀

-

-

-

၄၇၈၇၆၀

၁၄၃၆၂၈၀

 

စုစုပေါင်း (ခရိုင်အတွင်းစားသုံးဆီထုတ်လုပ်နိုင်မှု)

 

၉၂၇၇၂၈၈၇

 

ကသာခရိုင်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း အမျိုးမျိုး၊ နေကြာ)အမျိုးအစားအလိုက် စားသုံး/ပိုလျှံ တွက်ချက်မှု

စဉ်

ဆီ အမျိုးအစား

ဆီထုတ်လုပ်နိုင်မှု အရေအတွက်

လူဦးရေ

လူတစ်ဦး တစ်နှစ် စားသုံးမှုနှုန်း (ပိဿာ)

ဆီစားသုံးသူ ပေါင်း

အသားတင် လက်ကျန် ဆီပိဿာ

မြေပဲဆီ

၈၄၁၆၄၇၉၅

၅၄၉၄၇၅

၄.၅

၂၄၇၂၆၃၇

(+)၈၁၆၉၂၁၅၈

နှမ်းမျိုးစုံဆီ

၇၁၇၁၈၁၂

၄.၅

(+)၄၆၉၉၁၇၅

နေကြာဆီ

၁၄၃၆၂၈၀

၄.၅

(-)၁၀၃၆၃၅၇

စုစုပေါင်း

၉၂၇၇၂၈၈၇

၅၄၉၄၇၅

၄.၅

၂၄၇၂၆၃၇

(+)၉၀၃၀၀၂၅၀

 

        ကသာခရိုင်၏ ဆီထွက်သီးနှံများနှင့်ပတ်သက်ပြီး မြေပြင်ကိန်းဂဏန်းအချက်အလက်များအရ ခရိုင်တွင်းလူဦးရေ၏ တစ်နှစ်စားသုံးမှုမှာ (၂၄၇၂၆၃၇)ပိဿာဖြစ်ပြီး တစ်နှစ်ဆီပိဿာအထွက်နှုန်းမှာ (၉၂၇၇၂၈၈၇)ပိဿာဖြစ်သောကြောင့် (၉၀၃၀၀၂၅၀)ပိဿာ ပိုလျှံလျက်ရှိကြောင်း၊ ရာခိုင်နှုန်းမှာ (၉၇.၃၃)ရာခိုင်နှုန်း ပိုလျှံကြောင်း စိစစ်တွေ့ရှိရသည်။

          ကသာခရိုင်အတွင်း SMEs ဆီစက်များ၏တည်ရှိမှု၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စားသုံးဆီအသုံးပြု ကုန်ထုတ်လုပ်ငန်းများအား လေ့လာကြည့်မည်ဆိုပါက ခရိုင်တွင်း မြို့နယ်များဖြစ်သည့် ကသာမြို့နယ် တွင် ဆီစက်(၃၂)စက်၊ အင်းတော်မြို့နယ်တွင် (၅၆)စက်၊ ထီးချိုင့်မြို့နယ်တွင် (၃၅)စက်နှင့် ဗန်းမောက် မြို့နယ်တွင်(၇)စက် စုစုပေါင်း(၁၂၉)စက်ရှိပြီး ဆီစက်များမှာ တစ်နှစ်လျှင်တန်(၆၀) ကြိတ်ထုတ်နိုင် သော ဆီစက်များဖြစ်ကြောင်း စက်မှုလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရသိရသည်။ အဆိုပါ ဆီစက် အရေအတွက်နှင့် ကြိတ်ခွဲအားအရ ဆီစက်များနှစ်ပေါက်ဆီ ကြိတ်ခွဲထုတ်လုပ်လျှင် တစ်နှစ်တန်ချိန် (၇၇၄၀)တန်ဖြစ်ပြီး ပိဿာချိန်အရ(၄၈၃၇၅၀၀)အထိ ရှိကြောင်းတွေ့ရှိရပါသည်။ အဆိုပါ ကြိတ်ထုတ် အားအရ ခရိုင်အတွင်း ကျန်းမာရေးနှင့်ညီညွတ်သော မြေပဲဆီကို နှစ်ပေါက်လုံလုံလောက်လောက် ကြိတ်ထုတ်နိုင်သော အင်အားရှိသော်လည်း ခရိုင်အတွင်းရှိ ပုံမှန်ဆီစက်လုပ်ငန်းလုပ်ကိုင်နေသော ဆီစက်များမှာ လက်ချိုးရေတွက်၍ရသော အခြေအနေသာရှိသည်။ ဆီစက်လုပ်ငန်းရှင်များ၏ တစ်ဆင့် စကားများအရ အရင်းအနှီးမရှိကြောင်း၊ စားအုန်းဆီဈေးကွက်ကို ထိုးဖောက်၍ မရကြောင်း သိရသည်။ SMEs ကိစ္စနှင့် ကြုံကြိုက်၍ တင်ပြချင်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် အရင်းအနှီးချေးငွေလိုချင် ကြောင်း တစ်ဖွဖွပြောကြသည်။ ချေးငွေရယူပြီးပါက စီမံခန့်ခွဲမှုမကျွမ်းကျင်လျှင် ဈေးကွက်အခြေအနေ မကောင်းလျှင် ချေးငွေများ ပိုက်ဘောမိသလိုဖြစ်နေတတ်သည်ကို သတိထားရမည်ဖြစ်သည်။ လက်ရှိ အခြေအနေတွင်လည်း SMEs ချေးငွေများပိုက်ဘောမိနေသော လုပ်ငန်းရှင်များရှိနေသည်ကို မြင်တွေ့ နေရသည်။

      ခရိုင်တွင်း စားသုံးဆီသုံး ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေများကို လေ့လာကြည့်မည် ဆိုပါက မြေပြင်စာရင်းအရ လုပ်ငန်းပေါင်း(၁၃၉)မျိုးရှိပြီး နေ့စဉ် စားသုံးဆီသုံးစွဲမှုပမာဏ(၂၀၈၅၀) ပိဿာ ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ သုံးစွဲဆီမှာ တန်ဖိုးနည်းစားအုန်းဆီများဖြစ်ကြသည်။ သို့သော် လည်း ခရိုင်အတွင်း စားသုံးဆီအခြေအနေများ တွက်ချက်မည်ဆိုပါက ပြစ်ပယ်ထား၍ မရသောအပိုင်း ဖြစ်သည်။

     ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ကသာခရိုင်တွင် ပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ် လုပ်သူများအသင်းကို ၂၀၁၄-ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အဖွဲ့ဝင် (၁၄၄) ဦးဖြင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ဖွဲ့စည်းခဲ့သည်။ အသင်းသား တောင်သူများကို ၂၀၁၅-ခုနှစ်မှ ၂၀၁၆-ခုနှစ်အထိ ဇေယျာပဒေသာဖောင်ဒေးရှင်းမှ စိုက်ပျိုးစရိတ် ချေးငွေများရယူပြီး မြေပဲမျိုးသန့် ဆင်းပဒေသာ(၁၁)မျိုးအား ဖြန့်ဝေစိုက်ပျိုးနိုင်ခဲ့ကြသည်။ ၂၀၁၈-ခုနှစ် နိုဝင်ဘာလတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များနှင့် ပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ် သူများအသင်းတို့ ချိတ်ဆက်ပြီး မျိုးကောင်းမျိုးသန့်များ၊ စက်ကိရိယာများ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့သည် အထိ တိုးတက်အောင်မြင်ခဲ့သည်။ ၂၀၁၉-ခုနှစ် မတ်လတွင် အမေထွားမြေပဲဆီသန့်လုပ်ငန်းနှင့် ချိတ် ဆက်နိုင်ခဲ့ပြီး အရည်အသွေးကောင်းမြေပဲများ စမ်းသပ်စိုက်ပျိုးခြင်း၊ သင်တန်းများပေးခြင်း ဆောင်ရွက် နိုင်ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ကုန်စည်ပြပွဲများ တက်ရောက် ပြသခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ ဈေးကွက်လေ့လာခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

လက်ရှိ အခြေအနေမှာ မြေဆီ၊ မြေဩဇာဈေးကြီးမြှင့်မှုနှင့် စက်သုံးဆီဈေးကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးစရိတ် ပိုမိုကုန်ကျလျက်ရှိသည်။ ၂၀၁၈-ခုနှစ်ထိ တစ်ဧကကုန်ကျစရိတ် သုံးသိန်းကျော်ကုန်ကျ ရာမှ ယခုနှစ်တွင် ခြောက်သိန်းကျော် ခုနစ်သိန်းနီးပါးထိ နှစ်ဆ/သုံးဆခန့် ကုန်ကျလျက်ရှိသည်ကို တွေ့ရှိရသည်။ သို့သော်လည်း တစ်ဧကအထွက်နှုန်း တင်း(၆၀)ကျော်ထွက်ခြင်း၊ မြေပဲဆီဈေးတက်လာ ခြင်းတို့ကြောင့် အနည်းငယ်အကျိုးအမြတ်ရှိသော်လည်း စားသုံးသူပြည်သူများ စားသုံးဆီ ဈေးကြီးပေး ဝယ်ရသည်ကို တွေ့ရသည်။ စားသုံးဆီဈေးကွက်တွင် မြေပဲဆီသန့်နှင့် စားအုန်းဆီဈေးကွာခြားမှု အနည်းငယ်သာရှိသော်လည်း စားသုံးသူများအနေဖြင့် ဈေးလျော့နည်းသော စားအုန်းဆီကို ရွေးချယ် စားသုံးကြသည်။ မြေပဲဆီသန့်နှင့် စားအုန်းဆီ လေးထောင်ကျပ်ခန့် ကွာခြားလျက်ရှိသည်ကို တွေ့ရ သည်။

       ကသာမြို့ ဆီစက်လုပ်ငန်းရှင်များအသင်း၊ အမှုဆောင် ဦးခင်မောင်တိုး (ဇမ္ဗူရာဇ်)ဆီစက်ပိုင်ရှင် နှင့် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အပိုင်း(၃)ပိုင်းဖြင့် ဆွေးနွေးခဲ့ပါသည်။ ပထမပိုင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူ များအပိုင်း၊ ဒုတိယပိုင်းမှာ ကုန်ချောထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအပိုင်းနှင့် တတိယပိုင်း အနေဖြင့် ဖြန့်ဖြူးရောင်းချသည့် ကုန်သည်များမှအစ Export နှင့် Marketing အပိုင်းတို့ဖြစ်ပါသည်။

     ပထမပိုင်းဖြစ်သည့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူများအနေဖြင့် ယနေ့ အချိန်သည် စိုက်ပျိုးစရိတ်ကြီးမြင့်သော်လည်း မြေပဲဆံတစ်ပိဿာ (၄၀၀၀) ကျပ်၊ နှမ်းသုံးတင်းဝင် တစ် အိတ် (၂၅၀၀၀၀)ကျပ်ကျော် ရှိသည့်အတွက် အချိန်ကောင်းအခါကောင်းဖြစ်သည်။ အရည်အသွေး ကောင်းအောင် စနစ်တကျစိုက်ပျိုးထုတ်လုပ်သင့်ကြောင်း တောင်သူများနှင့်ဆက်နွယ်သည့် မန္တလေး ကုန်စည်ဒိုင်ကြီးများ၊ ဆီစက်လုပ်ငန်းများအနေနှင့်လည်း တောင်သူလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သင့်သည်။ တောင်သူများအနေနှင့်လည်း အပြန်အလှန်ယုံကြည်မှုရရှိအောင် ရိုးသားကြိုးစားကြရမည်ဖြစ်သည်။

     ဒုတိယပိုင်းအနေဖြင့် ကုန်ချောထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအပိုင်းဖြစ်သည်။ စားသုံး သူများ မြေပဲဆီသန့်ကို အရောအနှောကင်းစွာ တန်ဖိုးသင့်သော ဈေးနှုန်းနှင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်သင့်သည်။ ဆီစက်လုပ်ငန်းရှင်များမှ စုစည်းပြီး တောင်သူများ အား လိုအပ်သောပံ့ပိုးကူညီမှုများပေးခြင်း၊ ထိုမှတစ်ဆင့် တောင်သူများထံမှ ကုန်ကြမ်းအား မိမိစက်နှင့် နှစ်ပေါက်ကြိတ်ခွဲထုတ်လုပ်နိုင်သည်အထိ ကာလပေါက်ဈေးဖြင့် အရေအတွက်ပြည့်မီစွာ ဝယ်ယူ သိုလှောင်ခြင်း၊ ဒေသတွင်းစားသုံးဆီလိုအပ်ချက်အား အထူးဦးစားပေးဖြန့်ဝေခြင်းများ ဆောင်ရွက်ရ မည်ဖြစ်သည်။ ယခုအခက်အခဲဖြစ်နေသည်မှာ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာပေါ် သည်နှင့် မန္တလေးဈေးကွက်က ဈေးပိုရသည့်အတွက် မန္တလေးဈေးကွက်ကို ဦးစားပေးပို့ကြသည်။ အထိန်းအကွပ်မဲ့ တင်ပို့မှုများကြောင့် ဒေသတွင်းကုန်ကြမ်းပြတ်လပ်ပြီး ဆီစက်လုပ်ငန်းများရပ်နားကြ ရသည်။ ထို့နောက် စားအုန်းဆီများ အဆမတန်ဝင်ရောက်လာပြီး ဈေးကွက်နေရာယူလျက်ရှိသည်။

    တတိယပိုင်းဖြစ်သည့် ဖြန့်ဖြူးရောင်းချသည့်ကုန်သည်များမှအစ Export နှင့် Marketing အပိုင်း ဖြစ်သည်။ စားအုန်းဆီဈေးကွက်ကို ကြည့်မည်ဆိုပါက ကုန်အမှတ်တံဆိပ်ခိုင်ခိုင်မာမာဖြင့် ကုမ္ပဏီများ က ဖြန့်ဖြူးလျက်ရှိသည်။ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိအောင် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချကြ သည်။ မြေပဲဆီသန့်ထုတ်လုပ်မှုအပိုင်းတွင် ဆီသန့်စားသုံးလိုပါက စက်ရုံသို့သွားရောက်ဝယ်ရသည်။ ကုန်အမှတ်တံဆိပ်ခိုင်ခိုင်မာမာဖြင့် ဈေးကွက်/ဈေးဆိုင်များတွင် အလွယ်တကူဝယ်ယူ၍မရသော အခြေ အနေဖြစ်သည်။ ကုမ္ပဏီများဖြင့် စုဆောင်းဝယ်ယူပြီး ကုန်အမှတ်တံဆိပ်တစ်ခုခုဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိသလောက်ရှားပါးသည်။ ထိုအကြောင်းအရာများသည် ဒေသတွင်း ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီသန့်ဖူလုံရေးကို အဟန့် အတားဖြစ်နေမည်ဖြစ်ကြောင်း ဆွေးနွေးသုံးသပ်ခဲ့ပါသည်။

     ကသာခရိုင်ကဲ့သို့ ရေခံမြေခံကောင်းပြီး ဆီထွက်သီးနှံအလျှံပယ်ထွက်ကာ အဆမတန်ပိုလျှံသော ဒေသတွင် ကျန်းမာရေးနှင့်ညီညွတ်သော ဆီကောင်းဆီသန့်ကို အလွယ်တကူဝယ်ယူရန် ဈေးကွက် အတွင်း ကုန်စုံဆိုင်အမျိုးမျိုးတွင် ရောင်းချခြင်းမရှိဘဲ ဘေးထွက်ဆိုးကျိုးများရှိသည့် စားအုန်းဆီ ကုန် အမှတ်တံဆိပ်အမျိုးမျိုးသည် ပါကင်ဗူးဆိုဒ်မျိုးစုံဖြင့် ဈေးကွက်နေရာယူနေခြင်းမှာ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်မြင်ယူဆ လျက်ရှိကြပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ

       စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊  ကလေးခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့နယ် ကလေးဝမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ဖောင်းပြင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ ခရိုင်စိုက်ပျိုးရေးရုံးတွင်လည်းကောင်း၊ စစ်ကိုင်း ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ စစ်ကိုင်းမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းမြို့၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင်ပြုလုပ်သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း(၃/၂၀၂၂)တွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သမဝါယမအသင်းစုတွင်ပြုလုပ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ဝက်လက်မြို့၊ အမှတ်(၂)၊ ဗိုလ်အောင်ဇေယျ ရပ်ကွက်တွင်လည်းကောင်း  စုစုပေါင်း (၁၀)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှောမှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူ တိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ထို့အပြင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးမှုများကို ကလေးခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၀)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၆)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ် စုစုပေါင်း (၃၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေး လုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ် ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့ ဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၂-ခုနှစ် အောက် တိုဘာလ(၄)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ ကသာမြို့မှ ဆီလုပ်ငန်းရှင် ဒေါ်ခင်မျိုးသက်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည်များအား ဆွေးနွေးခဲ့သည်။

          ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းသူ(လ/ထညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ကုန်ညွှန်အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာစာဖြင့် မဖြစ်မနေ ဖော်ပြရမည့်အချက်များ၊  စားသုံးဆီအမျိုးအစားအလိုက် ကုန်အညွှန်အမှတ်အသား ဖော်ပြရာတွင် လိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ ဒု-ခရိုင် ဦးစီးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)မှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိကို မိမိတို့ဌာနတွင် တင်ပြ လျှောက်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရရှိအောင်လည်း ဆောင်ရွက်ထားရန် ဆွေးနွေးပြောကြားခဲ့ကြပြီး လုပ်ငန်းရှင်မှလည်း သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခဲ့ကာ ကသာခရိုင်ဦးစီးမှူးရုံးမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

         

လားရှိုးမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး လက်အောက်ရှိ ခရိုင်/မြို့နယ်မှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လားရှိုးခရိုင်မှ မြို့မဈေးကြီးနှင့် ဘူတာဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ကျောင်းမုန့်ဆိုင်နှင့် ရပ်ကွက်တွင်းရှိ လက်လီဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အလားတူ ကျောက်မဲခရိုင်အတွင်မှလည်း စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ရပ်ကွက် ထဲရှိ လက်လီဆိုင်များ၊ ဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအားလည်းကောင်း၊ မူဆယ်ခရိုင်အတွင်း မှလည်း ဈေးကွက်အတွင်းရှိကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၊ ရပ်ကွက်အတွင်းရှိ လက်လီဆိုင်များ သို့သွားရောက်ကြပြီး တရားမဝင်မှတ်ပုံတင်ခြင်းမရှိသည့် ကုန်စည်များ၊ စားသုံးရန်မသင့်သော တားမြစ်ထားသောအစားအစာများ၊ သက်တမ်းလွန်အစားအစာများ ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရာမှာ စက်တင်ဘာလအတွင်း အကြိမ်ပေါင်း(၁၄)ကြိမ် စစ်ဆေးဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ