Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိုးစပါး ရိတ်သိမ်းရောင်းချနေမှုအား ကွင်းဆင်းလေ့လာဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ံဒေါ်ခင်မေဝင်းသည် (၂၆.၉.၂၀၂၂)ရက်နေ့တွင် အောင်ဆန်းရပ်ကွက်၊ အုန်းသုံးပင်ကွင်းရှိ တောင်သူ ဦးမြင့်ဆွေပိုင် ၂၀၂၂-၂၀၂၃ မိုးစပါးရိတ်သိမ်းရောင်းချနေမှုအား ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့လေ့လာဆောင်ရွက်ရာတွင် ၎င်းတောင်သူပိုင် ဆင်းသုခစပါးကြဲခင်း(၇)ဧကအား ရိတ်ခြွေ စက်ဖြင့် ရိတ်ခြွေပြီး စက်ကျစပါးအစို ၅၅ ပေါင်၊ တစ်တင်း(၁၀၀၀ဝိ/-ကျပ်)ဈေးနှုန်းဖြင့် ဒေသပွဲစားထံ ရောင်းချခြင်းဖြစ်ပြီး တစ်ဧက ပျမ်းမျှ ၅၅ ပေါင် အစို(၈၅) တင်းခန့် ထွက်ရှိပါကြောင်းနှင့် တစ်ဧကအတွက် ရိတ်ခြွေခစက်ဖိုး (၈၀၀၀ဝိ/-ကျပ်)နှင့် စပါး(၁၀၀)အတွက် လုပ်သားခ (၂၅၀ဝိ/-ကျပ်) ပေးချေရပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့အတွင်း စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ

     လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့် စားအုန်းဆီ များကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်အထိုင် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များ ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်း ဖြင့်နေ့စဉ်ရောင်းချပေးလျက်ရှိရာ (၁၂.၉.၂၀၂၂)ရက်နေ့တွင် ကိုးဆူရပ်ကွက်နှင့် အပင်နှစ်ဆယ်ရပ်ကွက်၊ (၁၃.၉.၂၀၂၂)ရက်နေ့တွင် သမ္မတရပ်ကွက်နှင့် ထုံးဘိုရပ်ကွက်၊ (၁၄.၉.၂၀၂၂) ရက်နေ့တွင် ပိတောက် ချောင်းနှင့် ကုလားစုရပ်ကွက်၊ (၁၅.၉.၂၀၂၂)ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူရပ်ကွက်နှင့် စက်တော်ရာ ရပ်ကွက်၊ (၁၆.၉.၂၀၂၂)ရက်နေ့တွင် တိုင်တစ်ရာနှင့် အိုးဘိုတန်းရပ်ကွက်စသည့် ရပ်ကွက်များနှင့် ပေါက်ကုန်းနှင့် ပျဉ်းကတိုးကုန်း ကျေးရွာများအား Mobile စနစ်ဖြင့် တစ်ရက်လျှင်ရပ်ကွက်(၂)ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ(၆)လုံး၊ တစ်နေ့လျှင်ဆီပေပါ(၁၂)လုံး၊ လူတစ်ဦးလျှင်(၁)ပိဿာဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများမှ စနစ်တကျတန်းစီဝယ်ယူအားပေးကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့လေတပ်စခန်းဌာနချုပ်နှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးထွန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီ၊လက် ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူလတ်နှင့်အဖွဲ့သည် ၂၆.၉.၂၀၂၂ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ပုသိမ်လေတပ်စခန်းဌာနချုပ် ဟောပြောပွဲခန်းမသို့ သွားရောက်၍ စားသုံးသူအကာအကွယ်ပေးရေး  အသိပညာပေးဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက ဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ၁၅ရက်နေ့ ပြည်ထောင်စုလွှတ်တော်အမှတ်(၉) ဖြင့် ပြဌာန်းထားရှိခဲ့ကြောင်း စားသုံးသူတွေမှာ စားသုံးသူအခွင့်အရေး(၈)ရပ်ရှိ၍ ၎င်းအခွင့်အရေး များနှင့်ပတ်ပြီးသိရှိထားရှိရန်လိုအပ်ကြောင်း စားသုံးသူအခွင့်အရေးအပြင်လိုက်နာရမည့် တာဝန်(၄) ရပ်ရှိပြီး စားသုံးသူပြည်သူတိုင်းကုန်စည်/ဝန်ဆောင်မှုများကိုနေ့စဉ်နဲ့အမျှ ဝယ်ယူစာသုံးနေရတာ ဖြစ်လို့ လူတိုင်းစားသုံးသူအခွင့်အရေးကို သိထားသင့်ဖို့လိုကြောင်း အခွင့်အရေးဆုံးရှုံးရင် စားသုံးသူ ရေးရာဦးစီးဌာနမှာရှိတဲ့ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ CICC ရုံးမှာရှိသော နေရာတွေမှာ လူကိုယ်တိုင်ဖြစ်စေ online အသုံးပြုပြီးဖြစ်စေ complaint websiteမှတဆင့် တိုင်ကြားနိုင်ကြောင်း စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါ သည်။

     ဟောပြောပွဲသို့ ပုသိမ်လေတပ်စခန်းဌာနချုပ် အုပ်ချုပ်ရေးတပ်မှူးဒုတိယဗိုလ်မှူးဝင်းမင်ဦး အပါအဝင် ပုသိမ်လေတပ် ခလရ(၂၇၁)၊ အမှတ်(၇)တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ အရာရှိ၊ အရာခံ အကြပ်စစ်သည် ရဲမေများအပါအဝင် စုစုပေါင်း-၁၀၀ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ အား စားသုံးသူအကာအကွယ်ပေးရေးဥပဒေစာအုပ်များနှင့် စားသုံးသူအသိပညာပေးလက်ကမ်း စာ စောင်များဖြန့်ဝေပေးခဲ့ပါသည်။

       ဆက်လက်၍ မွန်းလွဲ (၀၁:၀၀) နာရီ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမတွင် စခန်းရုံးမှ ဒုတိယဗိုလ်မှူးကြီးသန်းယုအောင် အပါအဝင် တပ်ရင်းတပ်ဖွဲ့ (၁၀)ခုမှ အရာရှိ၊ အရာ ခံ၊ အကြပ်စစ်သည် မိသားစုများနှင့် ရဲမေ စုစုပေါင်းအင်အား (၂၀၀)ဦးအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော၍ တက်ရောက်လာသူများအား စားသုံးသူအကာအကွယ်ပေးရေး ဥပဒေစာအုပ်များနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

ပုသိမ်မြို့၊ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် အမှတ်(၇) အထကကျောင်းတွင် စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီ၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူလတ်နှင့်ဝန်ထမ်းများသည် ၂၃.၉.၂၀၂၂နံနက် ၀၉:၀၀နာရီ ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ဘုရင့်နောင်ခန်းမသို့ သွားရောက်၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် စားသုံးသူအခွင့်အရေးများအကြောင်း ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သတ်၍ စားသုံးသူများ၏နစ်နာမှုများကို တိုင်ကြားနိုင်သည့် တိုင်းဦးစီးမှူးရုံး၊ ခရိုင်ဦးစီမှူးရုံးနှင့် မြို့နယ်ရုံးများနှင့် ဖုန်းနံပါတ်များ မိမိတို့ဝန်ကြီးဌာန website မှ တဆင့် online မှလည်း တိုင်ကြားနိုင်ကြောင်း စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ မိမိတို့ ဌာနမှဆောင်ရွက်မှုများနှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါအကြောင်းအရာများအား အသေးစိတ်ဟောပြောခဲ့ပါသည်။

     ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီနှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူလတ်တို့မှ စားသုံးသူရေးရာအကြောင်းသိကောင်းစရာများနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ အကျယ်တဝံ့ဆွေးနွေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲသို့ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး မင်းကြည်စိုးအပါအဝင် အရာရှိ၊ အရာခံအကြပ်တပ်သားများ၊ ရဲမေများအပါအဝင် စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

       အဆိုပါ၂၃.၉.၂၀၂၂ရက်နေ့ မွန်းလွဲ၁:၀၀ နာရီ ဒုတိုင်းဒေသကြီးဦးစီးမှူးဦးထွန်းထွန်းနှင့် အဖွဲ့သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တပ်ဝင်းအတွင်းရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဗိုလ်မှူးသန်းဇော်အပါအဝင် ဆရာ/ဆရာမ ၂၀ ဦး ကျောင်းသား   /သူ ၃၅၀ ဦး အား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေး၍ တက်ရောက်လာသူများအား  စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ စာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

    ကရင်ပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) ကို ၂၇-၉-၂၀၂၂ ရက် (အင်္ဂါနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌ ဦးစောခင်မောင်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ ဦးစောခင်မောင်မြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ  အတွင်းရေးမှူး စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ယခင်လအစည်း အဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဌမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

   အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦး တက်ရောက် ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၇) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

         

                  

သာစည်မြို့နယ် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။

          အဆိုပါ ဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများ ၊ Covid ကာကွယ်ရေးသုံး ဆေးပစ္စည်း များ၊ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး ၊ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်း မရှိစေရေး ရည်ရွယ်၍ အပတ်စဉ်သွားရောက်စစ်ဆေးမှုများ ၊ ဈေးနှုန်းကောက်ယူခြင်း လုပ်ငန်းများလုပ်ဆောင်ခဲ့ ပါသည်။ဈေးကွက်အတွင်းဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား မေးမြန်း ဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တ‌လေး)

 

မိုးရာသီနှင့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း

      ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုတွင် စီးပွားဖြစ်စိုက်ပျိုးမှုနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုတို့ရှိကြ သည်။ ဘေးကင်းလုံခြုံသော အစားအစာရရှိရန် ငရုတ်၊ ချဉ်ပေါင်၊ ပျဉ်းတော်သိမ်၊ ဥစားနှင့် အမြိတ်စား ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကန်စွန်းတို့ကို အိမ်ခြံရှိသူများ စိုက်ပျိုးနိုင်သကဲ့သို့ နေ့စဉ် ဈေးကွက်ရှိနေသော ဟင်းသီးဟင်းရွက်ကို စီးပွားဖြစ်ခြံကြီးများဖြင့် စိုက်ပျိုးမှုကလည်း မြို့ပြ ဝန်းကျင်တစ်ဝိုက်တွင် ရှိလာကြပြီဖြစ်သည်။

        ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုများပြားသည်မှာ ဆောင်းရာသီဖြစ်၍ ဒုတိယများပြားသည်မှာ မိုးရာသီဖြစ်သည်။  မိုးရာသီတွင် ရေမဝပ်ရန် စိုက်ခင်းဘောင်အမြင့်ဖြင့် စိုက်ပျိုးကြပြီး ဆောင်းရာသီ တွင် စိုက်ခင်းဘောင် အနိမ့်ဖြင့် စိုက်ကြသည်။

        ဟင်းသီးဟင်းရွက်မှာ စင်တင်ရသောအုပ်စု၊ စင်မတင်ရသောအုပ်စုနှင့် ချုံပုတ်သဖွယ်စိုက်ပျိုး သော အုပ်စုဟူ၍ (၃)အုပ်စု ခွဲခြားနိုင်သည်။ စင်တင်ရသော ဟင်းသီးဟင်းရွက်တွင် ဘူး၊ ဖရုံ၊ သခွား၊ ပဲတောင့်ရှည်၊ ခဝဲ၊ ပဲလင်းမြွေ၊ တိုင်ထောင် ခရမ်းချဉ် ရှိသည်။

         စင်မတင်ရသောအုပ်စုတွင် ငရုတ်၊ ခရမ်း၊ ဒန့်ဒလွန်၊ ဂေါ်ဖီထုပ်၊ ဆလတ်၊ ကြောင်လျှာ၊ ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညင်း၊ ပင်ထောင်၊ ခရမ်းချဉ်၊ ကြက်သွန်၊ ဟင်းနုနယ်၊ နံနံ၊ ပျဉ်းတော်သိမ် စသည်ရှိသည်။

          မြို့ကြီးများ၏ ဘေးဝန်းကျင်အနီးအနား၌ အပင်ကို ချုံပုတ်သဖွယ် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလာကြရာ လူခါးစောင်းခန့်အမြင့်ရှိအောင် ပြုပြင်ကိုင်းဖြတ်ထားသော ဆူးပုပ်၊ မန်ကျည်း၊ ခွေး‌တောက်၊ ကင်ပွန်းချဉ်၊ ပေါက်ပန်းဖြူတို့စိုက်ပျိုးနိုင်သည်။

         လူနေမှုနှင့် ဈေးကွက်အပေါ် မူတည်၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုစနစ်သည် တိုးတက် ပြောင်းလဲလာသည်။ ခြံဝင်းမရှိသူများကလည်း တိုက်ခန်း ဝရန်တာတွင် စိုက်ပျိုးကြသည်။ ခရမ်းချဉ် ဆိုလျှင် စင်တင်နွယ်မျိုးစိုက်ပျိုးမှုများလာသဖြင့်  ဒေသကိုင်းသီး(ကိုင်းခရမ်းချဉ်) ရှားလာသည်။ စပ်မျိုးများ၏ အရည်အသွေးနှင့်အထွက်ကောင်းမှုကို လက်ခံလာကြသလို ဒေသမျိုးဟင်းသီးဟင်းရွက် များကိုလည်း မျိုးထိန်းသိမ်းသင့်ပါသည်။ များသောအားဖြင့် ပဲစောင်းလျား၊ ခရမ်းချဉ်၊ ငရုတ်၊ ကန်စွန်း၊ မုန်လာ၊ ဖရုံတို့သည် ပြည်ပမျိုးများ များပြားလာသည်။ ဒန့်ဒလွန်ပင်မျိုးမှာ ခြောက်လမျိုး (ပြည်ပ)စိုက်ပျိုးလာကြသည်။

          ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုတွင် မြေကောင်း၊ မျိုးကောင်း၊ မျိုးသန့်ရမည်။ အထွက်ကောင်း ရမည်။ မြေအစိုဓာတ် မပြတ်ရှိရမည်။ ရေမဝပ်ရ။ ပေါင်းလိုက်၊ မြေဆွ၊ ပိုးမွှားနှင့် ရောဂါကာကွယ် ရမည်။ စားသုံးသူဘေးအန္တရာယ်ကင်းစေရန် သဘာဝပိုးသတ်ဆေးများဖြစ်သည့် တမာ၊ ဆပ်ပြာဖျော်ရည် တို့ကို အသုံးပြုနိုင်သည်။ ပိုးနှင့်ရောဂါကို ခူးဖယ်ရှင်း၊ ကောက်ယူဖယ်ရှင်းစနစ်ဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ခင်းများ ပြုလုပ်သင့်သည်။ ကိုယ်တိုင်စိုက်ပျိုးစားသုံးသည်ဆိုကတည်းက ကျန်းမာရေးနှင့် ညီညွတ်သော ဘေးကင်းအစာ၊ ဓာတုဆေးဓာတ်ကြွင်းမပါသည့်အစာကို စားသုံးလို၍ ဖြစ်သည်။

       ထို့ကြောင့် မိုးရာသီမှာ ဟင်းသီးဟင်းရွက်စိုက်ပါ။ မိုးများသော ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စသည့် ဒေသကြီးများတွင် ပလတ်စတစ် အကြည်စပေါင်းမိုးဖြင့် စိုက်ခင်းဘောင်အရှည်ပေါ်တွင် မိုး၍ စိုက်ပျိုးနိုင်ပါသည်။ နေပူလျှင် ဖွင့်၊ မိုးရွာလျှင် ဖုံးအပ်မှုဖြင့် မိုးမပြတ်ရွာလည်း စိုက်ပျိုးနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                           

အညာဒေသ၏ မိုးတွင်းပေါက်သော ရာသီပေါ်မှိုနီ

          ယခုနှစ်မိုးရာသီတွင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း‌ဒေသဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ မိုးများ၍ မိုးလေဝသ ရာသီဥတုမှန်ကန်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူများ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

       မိုးရာသီအချိန်အခါ၌ မိုးရာသီ၏ ရာသီစာတစ်ခုဖြစ်သော သဘာဝကပေးသော “တစ်နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်းထီးဖြူဆောင်း” ဆိုသည့်မှိုများ အရာတော်မြို့၌ ယခင်ကထက် အများ အပြား ပေါက်ကြောင်းသိရသည်။ မှိုများစွာရှိသည့်အနက် လူတို့စားသုံးရန်မသင့်သော လူတို့အတွက် အဆိပ်အတောက်ဖြစ်စေကာ အသက်ကိုပင် အန္တရာယ်ဖြစ်စေသောမှိုများလည်း ရှိပေသည်။  မြန်မာနိုင်ငံတွင် မိုးရာသီ၌ အလေ့ကျပေါက်သော မှိုများစွာရှိသည့်အနက် မှိုနီ၊ မှိုဥနက်တို့မှာ မိုးရာသီ၏ လက်ဆောင် အကောင်းဆုံးအစားအစာဟု အညာဒေသရှိ တောသူတောင်သားများက မှတ်ယူထားဟန် ရှိသည်။ ကောက်ရိုးမှို၊ အပ်မှိုကဲ့သို့သော လူတို့ သိပ္ပံနည်းကျ စိုက်ပျိုးထားသော မှိုများလည်း ရှိပါသည်။ သို့သော် အရသာအားဖြင့် ကွဲလွဲမှုရှိကြောင်းလည်း သိရသည်။ မှိုနီနှင့် မှိုဥနက်တို့သည် မိုးရာသီအတွင်း ပေါက်ကြသော်လည်း မှိုနီမှာ မိုးဦးနှင့် မိုးလယ် အချိန်အခါများတွင် မြေနီကုန်းနှင့် ဆူးပင်ချုံပုတ်များ အတွင်း စိုစွတ်၍ မြေဆွေးပေါများသောနေရာများ၌ ပေါက်ရောက်ကြသည်။ အညာဒေသအခေါ် မှိုဥ နက်မှာ မိုးနှောင်းအချိန်အခါ ကျစ်မြေနှင့် ရွံ့စေးမြေများတွင် ပေါများစွာ ပေါက်ကြသည်။

        မှိုနီ၏ အသွင်အပြင်မှာ မှိုပွင့်၏ထိပ်၌ အနီရောင်သန်းနေသော အနီစက်များပါရှိ၍ ရိုးတံသည် မကြီးမသေး အရွယ်အစားရှိသည်။ မှိုနီကို ချတ်ပြုတ်၍ စားလျှင် ကျိချွဲသောအရသာ အနည်းငယ် ရှိသည်။ မှိုနီကို ချတ်ပြုတ်ကြော်လှော်စားရာတွင် အထူးသတိပြုရမည့်အချက်မှာ ကျက်အောင် ချတ်ပြုတ်ရမည်ဖြစ်သည်။ မကျက်တကျက်ချတ်ပြုတ်စားသောက်မည်ဆိုပါလျှင် မှိုဆိပ် တောက်ခြင်းကို ဖြစ်ပေါ်ကာ အော့အန်ခြင်းဝေဒနာကို ခံစားရစေနိုင်ပါသည်။ ကြက်ဟင်းခါးသီး၊ ကြက်ဥ၊ ခံသီး၊ နို့အမျိုးမျိုး၊ ဂဏန်း ကဲ့သို့သော အစားအသောက်များကို မှိုနှင့် တွဲဖက်၍စားလျှင် အန္တရာယ်ဖြစ်စေနိုင် ကြောင်းလည်း သိရသည်။ မှိုဆိပ်တောက်လျှင် ထန်းလျက်စားသုံးခြင်း၊ ထန်းလျက်ရည်သောက်ခြင်း၊ ကျီးအာမြစ်ကို ဆားနှင့်သွေး၍ သောက်သုံး၍ မှိုဆိပ်ဖြေနိုင်ကြောင်း သိရသည်။

       ယခုနှစ်မိုးရာသီအချိန် မိုးဦးနှင့် မိုးလယ်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော် မြို့နယ်အတွင်း၌ မှိုနီများကို လိုက်လံဝယ်ယူ၍ အနီးဆုံးမြို့ဖြစ်သော မုံရွာမြို့သို့ နေ့စဉ်ရောင်းချနေကြောင်း သိရသည်။ မှိုဝယ်ယူစုဆောင်း ရောင်းချနေသော ဈေးသည်တစ်ဦး၏ ပြောပြချက်အရ ယခုနှစ်တွင် မိုးများစွာ ရွာသွန်း၍ မှိုများစွာပေါက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် မှိုနီတစ်ပိဿာလျှင် လက်လီ (၁၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး မှိုနီတစ်ပိဿာလျှင် ရောင်းဈေး (၁၂၀၀၀)ကျပ်ဖြင့် မုံရွာမြို့ရှိ သံလမ်းဈေး၊ ကန်သာယာဈေးနှင့် မကျီးပင်ဈေးများ၌ ရောင်းချလျှက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                           

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုံများ၊ကုန်စည်ဒိုင်များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

       ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးနှင့် ကုန်စည်ထုတ်လုပ်မှုတိုးတက်စေရေးရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှု ဇုန်များ၊ ကုန်စည်ဒိုင်မှလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၂)ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ရှင်များ၊ စက်မှုလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

         အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသော အခက်အခဲများနှင့် လိုအပ်ချက်များကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရင်ဆိုင်တွေ့ကြုံနေသည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြပေးသွားကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ စိတ်အေးချမ်းသာစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းအဆင့်ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို အဖြေရှာ၍ ကူညီဆောင်ရွက်ပေးသွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စုစုပေါင်းမြေဧက ၂၃၁ သိန်းကျော်ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းဧကကျော် စိုက်ပျိုးပြီး သီးထပ်၊ သီးညှပ်ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ သီးနှံပေါင်းစုံ စိုက်ဧက များပြားသည်နှင့်အညီ တောင်သူများလိုအပ်သည့်သီးနှံအလိုက် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ အလုံအလောက်သုံးစွဲစိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်း သီးနှံအလိုက် မျိုးစေ့ထုတ် စိုက်ခင်းများဆောင်ရွက်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးကြရန်နှင့် တောင်သူများလိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ သွင်းအား စုများ၊ အလွယ်တကူရရှိသုံးစွဲနိုင်ရေး၊ ရာသီချိန်ခါမီ စိုက်ပျိုးနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့်လည်း တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လုပ်ငန်းငန်းများသည် များသောအားဖြင့် (Micro Small and Medium Enterprises) MSME လုပ်ငန်းများဖြစ်သောကြောင့် ၎င်း (Micro Small and Medium Enterprises) MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ နည်းပညာ များရရှိရေး၊ ရင်းနှီးမြုပ်နှံမှုများရရှိရေးနှင့် ချေးငွေဆိုင်ရာမူဝါဒများ ပြောင်းလဲသက်မှတ်ရေးများကို အစိုးရအဆက်ဆက်ဆောင်ရွက်ခဲ့သလို မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ် ကာလမှာလည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အကျိုးအမြတ်ရရှိစေမည့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်၊ စက်မှုဇုန်များနှင့် စီးပွားရေးအသင်း အဖွဲ့များအနေဖြင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်မှုများကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြစေလိုပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တက်စွမ်းသမျှ ပေါင်းစပ် ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

       ထို့နောက်တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှလုပ်ငန်းရှင်များက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများ၊ ထုတ်လုပ် တင်ပို့ရောင်းချနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။ 

        ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                           

 

 

စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့် ခရိုင်သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့ ဥသျှစ်ကန်ကျေးရွာရှိ သိန်းသန်းစက်သုံးဆီအရောင်းဆိုင်နှင့် ပိတောက်ခေါင်းကျေးရွာရှိ ဝင်းမေတ္တာ စက်သုံးဆီ အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့်အလေးချိန် မှန်ကန်မှုရှိ/မရှိစစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန် ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်  ဌာနမှဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စက်သုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် အကြောင်းများ၊ တိုင်ကြားခြင်းအပေါ်  စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခြင်းအကြောင်းများ၊ အခန်း(၂၃)ပါတားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                           

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ