Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရာသီစာ ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက်

       ကလေးမြို့တွင် အောက်တိုဘာလပိုင်းအစရောက်ပြီဆိုတာနဲ့ ကလေး-ကလေးဝ ကားလမ်းမပေါ်ရှိ ဦးလေးကြီး ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ဆိုင်ကလေးမှာ စတင်ရောင်းအား ကောင်းလာပြီဖြစ်ပါတယ်။

      ရာသီစာ ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ရောင်းချနေသည့် ဦးလေးကြီးနှင့် တွေ့ဆုံမေးမြန်းရာတွင် မိမိအနေဖြင့် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ကောက်ညှင်းဆန်ဟောင်းများဖြင့် စတင်ပြုလုပ်ကာရောင်းချလျက်ရှိပြီး ကောက်ညှင်းဆန်သစ်ပေါ်ချိန် နိုဝင်ဘာလတွင် ပိုမိုရောင်းအားကောင်းကြောင်းကို ပြောကြားခဲ့ပါသည်။

       ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ပြုလုပ်ပုံအဆင့်ဆင့်အား မေးမြန်းရာတွင် ကောင်းညှင်းဆန်(ငချိတ်) တစ်အိတ်လျှင် ( ၈၅၀၀၀ ) ကျပ်၊  ကောက်ညှင်းဆန် (ဖြူ) တစ်အိတ်လျှင် ( ၈၀၀၀၀ ) ကျပ်၊ တင်းဝါး ( ၅ ) ဆစ်ပါ တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်၊ ထင်း ( ၁ ) တန်လျှင် ( ၇၅၀၀၀ ) ကျပ်ပေး၍ ဝယ်ရပါကြောင်း၊  ပထမဦးစွာ ကောက်ညှင်းဆန်များကို သန့်စင်ပြီး ရေစင်အောင်ဆေး ကာ ရေစိမ် ( တစ်ညသိပ် ) ပြီး ရေပြန်ဆေးကာ တင်းဝါးထဲသို့ ကောက်ညှင်း ဆန်များသွတ်၍ ထင်းကောင်းကောင်း၊ မီးကောင်းကောင်းဖြင့် ဖုတ်ရပြီး ဝါးကျွမ်းပြီးအကြေးလှန်အောင် လှည့် ကာ ဖုတ်ရပါကြောင်း၊ ကောက်ညှင်းဆန်ဟောင်းဖြင့် ပေါင်းတင်းဝါး ဖုတ်ရာတွင် ဆန်များအကျက်မညီ ဖြစ်တတ်သောကြောင့် သတိထား၍ ဖုတ်ရပါကြောင်း သိရသည်။

       ရောင်းအားအနေဖြင့် ကောက်ညှင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃ ) ရက်ခန့်သာ အသုံးပြုရပြီး တစ်ရက်လျှင် ( ၈ ) ပြည်ခန့် အသုံးပြု၍ အကြီး၊ အသေးပေါ်မူတည်၍ အချောင်း ( ၅၀ ) ခန့် ရရှိ ပါကြောင်း၊ ပေါင်းတင်း တစ်ချောင်းလျှင် ( ၂၅၀၀ ) ကျပ်၊ ( ၂၀၀၀ ) ကျပ်၊ ( ၁၅၀၀ ) ကျပ်၊ ( ၁၀၀၀ ) ကျပ် စသည်ဖြင့် မိသားစု တစ်နိုင်တစ်ပိုင်ဖြင့် နှစ်စဉ် ဝင်ငွေရရှိကာ ဦးလေးကြီး ပေါင်းတင်းဆိုပြီး နာမည်တွင်နေသော ရာသီစာ ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ဖြစ်ပါကြောင်းနှင့် ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ယခုအခါတွင် မြို့နယ်တွင်းသာ ရောင်းချရပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါက မုံရွာမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့အထိပါ တင်ပို့ရောင်းချရပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့၊ မုန့်တီလုပ်ငန်း ထုတ်လုပ်မှုအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကသာမြို့ ရပ်ကွက်(၃)ရှိ ဒေါ်ဆင့်မုန့်တီလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာ ၎င်းလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်း ဖြစ်ပြီး လုပ်သားဦးရေအနေဖြင့် (၅)ဦးခန့်ရှိပါသည်။ ကသာမြို့တွင် အလားတူမုန့်တီလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်ဦးရေ (၃)ဦးခန့်ရှိကြောင်းလည်း သိရှိရသည်။

ထုတ်လုပ်ပုံအဆင့်ဆင့်

     ဆန်အမာကို ရေစင်အောင်ဆေး၍ တစ်နာရီခန့် ရေစိမ်ရပါသည်။ ရေစိမ်ပြီးပါက ရေစစ်ထုတ်၍ ရရှိလာသောဆန်အား တစ်ညသိပ်ထားရပါသည်။ နောက်တစ်နေ့တွင် တစ်ညသိပ်ထားသော ဆန်ကို စက်ဖြင့်ကြိတ်၍ ထွက်ထားသော မုန့်နှစ်များကို ပိတ်စအဖြူဖြင့် ရေစင်အောင်ညစ်ရပါသည်။ ရေစစ်ပြီး ရရှိလာသော မုန့်နှစ်များကို မီးဖိုပေါ်တွင် ပေါင်းရပါသည်။ ပေါင်း၍ရလာသော မုန့်နှစ်ကို စက်ဖြင့်ပြန် လည်ညစ်၍ မုန့်တီဖတ်ကို ထုတ်လုပ်ရရှိပါသည်။

ထုတ်ပိုးမှု၊ ထုတ်လုပ်မှုအခြေအနေ

     ထုတ်ပိုးမှုအနေဖြင့် အင်ဖက်၊ ကျွတ်ကျွတ်အိတ်များဖြင့် ထုတ်ပိုးကြပြီး ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် ဆန်(၈)ပြည်ခန့် ထုတ်လုပ်နိုင်ကာ ဆန်တစ်ပြည်လျှင် မုန့်တီ(၂)ပိဿာခန့် ထုတ်လုပ်နိုင် ၍ အမှာရှိပါက ပိုမိုထုတ်လုပ်ကြောင်း၊ ထုတ်လုပ်မှုကာလအနေဖြင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်ကြောင်း သိရှိရသည်။

ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်

     မုန့်တီတစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဆန်တစ်ပြည် (၁၅၀၀)ကျပ် (ပျှမ်းမျှ)ရှိပြီး ဆန်တစ်ပြည်လျှင် မုန့်တီ(၂)ပိဿာ ထုတ်လုပ်နိုင်သောကြောင့် အကျိုးအမြတ်ရရှိမှုမှာ (လုပ်သားခမပါ) ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်း အကျိုးအမြတ် ရရှိကြောင်း သိရှိရသည်။

ဈေးကွက်ဖြန့်ဖြူးမှုနှင့် လက်ရှိလုပ်ငန်းအခြေအနေ

     ကသာမြို့ပေါ်ရှိ မုန့်တီလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကုန်ကြမ်းအား ဒေသတွင်ရှိသော ဆန်ကိုသာ အသုံးပြုကြပြီး ဆင်းဧကရီ(၃)ဆန်အမာ အမျိုးအစားကို အများဆုံးအသုံးပြုကြကြောင်း သိရှိရသည်။ ဈေးကွက်ဖြန့်ဖြူးမှုမှာ ထုတ်လုပ်ရရှိသော မုန့်တီများကို ကသာမြို့ပေါ်နှင့် အနီးဝင်းကျင်မြို့များဖြစ်သော အင်းတော်၊ ဗန်းမောက်မြို့များသို့ တင်ပို့ရောင်းချကြောင်းနှင့် လက်ရှိအချိန်တွင် လုပ်ငန်းလည်ပတ်ရုံ သာရှိပြီး ငွေကြေးအရင်းအနှီးများ နိုင်ငံတော်မှ အထောက်အပံ့ရရှိပါက မုန့်တီအစိုအား မုန့်တီအခြောက်ပြုလုပ်၍ အခြားဒေသများသို့ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး ထပ်မံအသိပညာပေး

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး နှင့် ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင်   ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး နှင့် ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိစေရန် သွားရောက်တွေ့ဆုံ အသိပညာပေးဆွေးနွေးခဲ့ပြီးဖြစ်သော ပခုက္ကူမြို့ အမှတ်(၁၄)၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပဲကြော်အမျိုးမျိုး၊ စားသောက်ကုန်များထုတ်လုပ် ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များနှင့် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သော လုပ်ငန်းရှင်များဆီသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်စေရေးအတွက် ထပ်မံသွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

        ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ အစားအသောက်တွင်  မြန်မာ ဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ် လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း ထပ်မံ အသိပေး အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာရှိ ဆေးရှောက်ယိုလုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း  

       မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး (မင်းဘူးမြို့ နယ်တာဝန်ခံ) ဦးမြင့်ကြည်နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင်  ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မင်းဘူးမြို့နယ်၊ ထောက်ရှာပင် ကျေးရွာရှိ “အောင်” အမှတ်တံဆိပ်ပါ ဆေးရှောက်ယိုလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ပထမဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးအခွံများကိုလှီးထုတ်ရပါကြောင်း၊ ကျန်ရှိသည့် အနှစ်များကို အရည်ညှစ်ကြောင်း ၊ အရည်ညစ်၍ရရှိလာသော ရှောက်ရည်များအား သကြားထည့်၍ ရောကြိုရပါကြောင်း၊ လှီးထုတ်ထားသောရှောက်ခွံများအားလည်း အိုးတစ်လုံးဖြင့်ကြိုရကြောင်း၊ အရည်ညှစ်ပြီးသောအဖတ်များအား မသုံးပါကြောင်း၊ ပြုတ်ထားသောရှောက်ခွံ နူးအိလာပါက သကြားရည်ထဲ ထည့်၍ ထပ်မံကြိုရပါကြောင်း၊ အနေတော်ဖြစ်လာသည့်အခါတွင် အအေးခံပြီး ပလပ်စတစ်ဗူးများတွင်  ထည့်သွင်း၍ ရောင်းချပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ရှောက်သီးအလုံး (၅၀)၊ သကြား(၃)ပိဿာနှင့် ဆားအထုပ်သေး (၁)ထုပ်လျှင် ရှောက်ယိုဗူး(၃၀) ထွက်ရှိပါကြောင်း၊ ‌ရှောက်သီးအလုံး(၅၀)ကို (၂၅၀၀)ကျပ်၊ သကြား (၁)ပိဿာကို (၃၀၀၀)ကျပ်၊ ဆားအထုပ်သေး(၁)ထုပ်ကို (၁၀၀)ကျပ်နှင့် ရှောက်ယိုထည့်သည့်ဗူးခွံ (၃၀) ကို (၂၄၀၀)ကျပ် ဖြင့် စုစုပေါင်း ကုန်ကျငွေ (၁၄၀၀၀)ကျပ် ကုန်ကျပါကြောင်း၊ ရှောက်ယို(၁)ဗူးလျှင် (၇၀၀)ကျပ် ရောင်းရသဖြင့်ဗူး(၃၀)လျှင် (၂၁၀၀၀)ကျပ်ရရှိပါကြောင်း မိသားစုလုပ်အားခ အပါအဝင် အသားတင်အကျိုးအမြတ် (၇၀၀၀)ကျပ် ကျန်ရှိပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့နယ်၌ မိုးစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေ

      မ‌ကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဒေသခံတောင်သူများသည် ငမင်ဆည်၊ ကန်တော်ကြီးကန်၊ ကင်ပွန်းတောင်ဆည်၊ ယင်းမလည်ဆည်၊ ကျောက်မိချောင်း ရေလွှဲဆည်၊ ဘန်းကုန်းဆည်၊ ရန်ပယ်ဆည်နှင့် အစိုးရဆည်ငယ်ကန်ငယ်တို့မှ မြေအောက်ရေစုပ်စက်ဖြင့် မိုးစပါး သီးနှံစိုက်ပျိုးလျက်ရှိရာ လျာထားချက် (၉၇၇၉၂)ဧက ပြည့်မီကျော်လွန်စေရေးအတွက် ဇွန်လ (၂၀)ရက်မှ စ၍ စတင်စိုက်ပျိုးခဲ့ပြီး အောက်တိုဘာလဆန်းအထိ မိုးစပါးသီးနှံ (၉၇၉၇၅)ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် သတ်မှတ်လျာထားဧကထက် (၁၈၃)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

     စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုးစပါးနှင့် မနောသုခစပါးမျိုးတို့ကို ဧက(၄၀၀၀၀) ကျော်စီနှင့် ဧရာမင်း(ဧရာပဒေသာ) စပါးဧက (၂၀၀၀၀)ခန့်စိုက်ပျိုးခဲ့ကြောင်း၊ မိုးနှောင်း မိုးရွာသွန်းမှုူ များသည့်အတွက် စပါးခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အပြင် ရေလိုအပ်ပါကလည်း ဆည် တာတံမံများမှ ပေးသွင်းနိုင်ရန် စီစဉ်လျက်ရှိသည့်အတွက် အထွက်နှုန်းကောင်းမွန်မည်ဟု ယူဆကြောင်း ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ကြီးမြင့်မှုရှိသည့်အတွက်လည်း သဘာဝမြေဩဇာ၊ ငါးအမိုင်နို အက်စစ်တို့ကို ပြုလုပ်၍ ပတ်ဖျန်းအသုံးပြုသွားနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာဖြန့်ဖြူး ပေးလျက်ရှိကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆေးဝါးမှတ်ပုံတင်မရှိသော Parbisure Injection ဆေးဝါးအား ဈေးကွက်တွင်  ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ရှမ်းပြည်နယ်(ကျိုင်းတုံ)၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ် အောက်တိုဘာ (၁၁)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့အမှတ် (၁/၂) ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်(၅)ဆိုင်အား ဆေးဝါးမှတ်ပုံတင်မရှိသော Medisure Laborations Pakistan (Pvt) Limited, Pakistan ထုတ် Parbisure Injection ဆေးဝါးအား ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် Parbisure Injection အမှတ် တံဆိပ်ဆေးဝါးများကို အဆိုပါ ဆေးဝါးပစ္စည်း အရောင်းဆိုင်(၅)ဆိုင်တွင် ရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          စစ်ဆေးရေးမှူးနှင့် တာဝန်ရှိ သူများသည် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင် မရှိသော Medisure Laborations Pakistan (Pvt) Limited, Pakistan ထုတ် Parbisure Injection ဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်း သည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင် အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်”များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကော့သောင်းမြို့ပေါ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကော့သောင်းခရိုင်ဉီးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေး ဈေးတာဝန်ခံနှင့်အတူ (၁၃.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ လေဟာပြင်ဈေးတွင် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့၊လေဟာပြင်ဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှိများအား အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ် စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ကုန်များကို ရောင်းချစေရေးတို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ လယ်ပေါ်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၁၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အိမ်မဲမြို့ လယ်ပေါ်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ တွင် ရောင်းချနေသော မုန်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ လယ်ပေါ်ရပ်ကွက်တွင် ရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၁၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက် ဘုရားလမ်းအတွင်းရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက် များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာ တစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်ပြန်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ/မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့နယ် စတိုးနှင့် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၁.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ သတ်တမ်းလွန်ကုန်ပစ္စည်းများ၊ ဈေးကွက်ရောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ စွာရရှိနိုင်ပြီး စားသုံးသူလိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင် ရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါဝင်ရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များမှလည်း လုပ်ငန်းလိုအပ်ချက်များရှိပါက သက်ဆိုင်ရာအစိုးရဌာနနှင့် ပူးပေါင်း၍ လုပ်ငန်းများ အဆင်ပြေချောမွေ့ ရောင်းချလည်ပတ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြီး ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား စစ်ဆေးခဲ့ကြောင်းသတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ