Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၃-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊  ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းဘေးရှိ ကြယ်တံခွန်ဆန်စက်သို့သွားရောက်၍ ဆန်စက်ပိုင်ရှင် ဒေါ်နော်သာဝါးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သထုံခရိုင်ဦးစီးမှူးက ထုပ်ပိုးမှုအပိုင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မိမိ၏ဆန်စက်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများ၊ အသားတင်အလေးချိန်တို့ကိုပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

    ထို့ပြင် ယခု နွေစပါးဝယ်ယူမှုအခြေအနေ၊ စျေးကွက်အခြေအနေ၊ ဆန်စပါးတို့၏ လက်ရှိစျေးနှုန်းအတက်အကျအခြေအနေ၊ သယ်ယူဖြန့်ဖြူးမှုနှင့် ဆန်စပါးများစီးဝင်/စီးထွက်မှုအခြေအနေများဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

မော်လမြိုင်မြို့နယ်တာဝန်ခံသည် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီသိုလှောင်ကန်များထားရှိမှုမှာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးထားရှိမှု၊ မီးသတ်ရေကန်ထားရှိမှုအခြေအနေအား စစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၃) ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင် (၁၈) ဆိုင်အား စစ်ဆေးခဲ့ပြီး အဆိုပါဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး ထိုကဲ့သို့ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကိုရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်တာဝန်ခံက သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ “မိဘစွမ်းအား” သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံက သောက်ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူများအား သန့်ရှင်းသောသောက်သုံးရေကို သုံးစွဲနိုင်စေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စသည့်အချက်များ ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရမည့်အချက်များဖော်ပြပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဆီစက်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀.၃.၂၀၂၃)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးသည် ရွှေဘိုခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ သိန်းသန်းဖြိုး ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)တွင် ပြဌာန်း ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည် ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုန်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန် အခက်အခဲ ရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/ အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့် အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန် လိုအပ်ကြောင်း၊ စားသုံးဆီ အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ၍ ဌာန၏အတည်ပြုချက် ရယူကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ အိုးလုပ်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ အိုးလုပ်စျေးနှင့် စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ‌စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာရောင်းချနိုင်ရေးနှင့် သက်တမ်းကုန်လွန်သောကုန်စည်များကို ရောင်းချမှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် အချက်အလက်များအား မိမိတို့ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့်း အသိပညာပေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေမှုများဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။   ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့်ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းကုန်လွန်နေသောဆေးဝါးများရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတက်ရောက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်ဦးစီးအရာရှိသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ကျင်းပပြုလုပ်သည့် ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

    အဆိုပါသင်တန်းကို သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာလေ့ကျင့်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပေါ်လာစေရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အားရည်ရွယ်၍  ဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်တန်းပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း သိရပါသည်၊၊

       သင်တန်းသည်  (၁၉-၃-၂၀၂၃) ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့ထိ ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုး၊ ငါးမုန့်၊ စာလေးခွေ၊ ကွတ်ကီးအမျိုးမျိုးပြုလုပ်နည်းကို စာတွေ့လက်တွေ့ ၅ ရက်တာသင်ကြားပေးခြင်းဖြစ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် အနီးအတဝိုက်ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

မော်လမြိုင်မြို့၊ ဘိုကုန်းဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ ဘိုကုန်ဓမ္မာရုံ၌ ပြည်သူလူထုအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဟောပြောဆွေးနွေးရာတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရခြင်း (သို့မဟုတ်) စားသုံးသူနစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့်နေရာ၊ တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်၊ Website၊ Call Center အကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ပြည်သူလူထု (၃၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရေး လုပ်ငန်းရှင်အား အသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၉-၃-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “နေလကွာစေ့”လုပ်ငန်းရှင်ဒေါ်ခင်ဝင်းအေးအားတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်နိုင်ရေး သွားရောက်အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ၊ စီမံခန့်ခွဲ့ရေးနည်းလမ်းအရ အရေးယူခြင်းနှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းဆွေးနွေးခဲ့ပြီး  လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သောကုန်စည်မျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂/၂၀၁၉)ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြလျောက်ထားနိုင်ပါကြောင်း၊ စားသုံးသူများအား ကုန်အညွှန်းအမှတ်အသားဖော်ပြပေးခြင်းဖြင့် မိမိတို့၏ကုန်စည်များအား အာမခံချက်အပြည်အဝပေးနိုင်မည်ဖြစ်ပါကြောင်း ယနေ့ခေတ်စားသုံးသူများသည် အသိပညာကြွယ်ဝလာပြီဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားများကိုကြည့်ရှုပြီးမှ ဝယ်ယူစားသုံးခြင်းနှင့်သုံးစွဲနေတတ်ခြင်းတို့ကြောင့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာမဖြစ်မနေထည့်သွင်းဖော်ပြပေးမည်ဆိုလျှင် မိမိ၏ကုန်စည်များအား စားသုံးသူများယုံကြည်မှုရရှိလာပြီး  အကျိုးစီးပွားများပိုမိုရရှိလာမည်ဖြစ်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ