ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာ၌ ကျင်းပသည့် တောင်သူစုပေါင်းရောင်းချပွဲသို့ ကွင်းဆင်းလေ့လာခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် (၂၁-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ လယ်ကိုင်းကျေးရွာ၌ “တိုင်းတောင်သူဖွံ့ဖြိုးရေး”အဖွဲ့က ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲသို့ သွားရောက်ကွင်းဆင်း၍ လေ့လာဆွေးနွေးခဲ့ပါသည်။
အဆိုပါစုပေါင်းရောင်းချပွဲတွင် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် Good Brother ကုမ္ပဏီတို့ပူးပေါင်း၍ သီးနှံများကိုဝယ်ယူပါကြောင်း၊ ထိုသို့ဝယ်ယူရာတွင် အဖျင်းအမှော်၊ ဖုံသဲခဲ၊ လုံးပိန်၊ လုံးညှပ်ပါဝင်မှုပေါ်မူတည်၍ ကုလားပဲ (929) (၁၉)ပိဿာတစ်တင်းလျှင် ဈေးနှုန်းအနေဖြင့် (A)အဆင့်ထိပ်စကို ကျပ် (၇၀၀၀၀)ဖြင့်လည်းကောင်း (B) အဆင့်ကို ကျပ်(၆၉၅၀၀)ဖြင့်လည်းကောင်း ဝယ်ယူပါကြောင်း၊ ကတ္တားအချိန်အတွယ်အနေဖြင့်လည်း တောင်သူများစိတ်ကြိုက် ကတ္တားဖြင့်ဝယ်ယူပါကြောင်း၊ မိမိတို့ဝယ်ယူနေသော ယခုလက်ရှိကတ္တားများအားလည်း အချိန်မရွေးအစစ်ဆေးခံနိုင်ပါကြောင်း၊ ကတ္တားတစ်ဆွဲလျှင် (၃၀.၅)ပိဿာချိန်တွယ်ပါကြောင်း၊ တစ်ဆွဲချင်းချိန်တွယ်၍ စုစုပေါင်းရရှိလာသောပိဿာများအား တင်း၊ ပြည်၊ ပုံး မည်မျှရသည်အထိ ပြောင်းလဲပေး၍ဝယ်ယူပါကြောင်း၊ တစ်ဆွဲလျှင် ပီနံအိတ်ခွံတစ်တင်းခွဲအိတ်အတွက်အား (၁၂)ကျပ်ခွဲသားတောင်းပါကြောင်း၊ ထိုသို့အချိန်အတွယ်များအား ကျေနပ်ပါက ငွေစာရင်းတွင် ငွေလက်ခံရရှိမှာဖြစ်ပါကြောင်း၊ ငွေစာရင်းတွင်လည်း အမှားအယွင်းမရှိအောင်ဆောင်ရွက်နေပါကြောင်း၊ တစ်ခါတစ်ရံ မိမိတို့ဘက်မှသော်လည်းကောင်း၊ တောင်သူများဘက်မှသော်လည်းကောင်း၊ ငွေပိုရခြင်း၊ ငွေလိုရခြင်းများရှိခဲ့ပါကလည်း ကွန်ပျူတာထဲတွင် ထည့်သွင်းထားခြင်းဖြစ်ပါသောကြောင့် မည်သည့်နေ့ရက်၌ဖြစ်စေကာမူ ဘောင်ချာစာရွက်နှင့် တောင်းသူဘက်က ပြသနိုင် လျှင် ဖြေရှင်းပေးပါကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်လည်း ကုမ္ပဏီနှင့်စတင်စာချုပ်စဉ်ကတည်းကပင် အဝယ်စင်တာများ၏ ဒေသပေါက်ဈေးထက် (A) အဆင့်ထိပ်စ (၁၉)ပိဿာတစ်တင်းလျှင် ဒေသပေါက်ဈေးထက် ကျပ်(၈၀၀)ပိုပေးရန်နှင့် (B)အဆင့်ဆိုလျှင် ဒေသပေါက်ဈေးထက် ကျပ်(၃၀၀)ပိုပေး၍ (C) အဆင့်ဆိုလျှင် ဒေသပေါက်ဈေးအတိုင်း ဝယ်ယူပေးပါမည်ဟု စာချုပ်ထားပါကြောင်း၊ စာချုပ်ထားသည့်အတိုင်းလည်း ဝယ်ယူနေပါကြောင်း၊ ဈေးနှုန်းများကိုလည်း နံနက်(၀၈:၀၀)နာရီအချိန်တွင် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း အဝယ်စင်တာများက နေ့စဉ်တင်ပေးရပါကြောင်း၊ (၄-၃-၂၀၂၃)ရက်နေ့မှစတင်၍ ဝယ်ယူရာတွင် (၂၁-၃-၂၀၂၃) ရက်နေ့အထိ စုစုပေါင်းတင်းပေါင်း(၈၅၀၀)ခန့်ဝယ်ယူရရှိပြီးဖြစ်ပါကြောင်း၊ (၄-၄-၂၀၂၃)ရက်နေ့အထိ (၁)လတိတိ ဖွင့်လှစ်ဝယ်ယူမည်ဖြစ်ပါကြောင်း၊ မိမိတို့စင်တာတွင် လာရောက်ရောင်းချပါက တောင်သူများသည် ပွဲရုံ၊ ပွဲခ၊ အလုပ်သမားခများသက်သာမည်ဖြစ်ပါကြောင်း၊ တိုင်းတောင်သူ အဖွဲ့ကဦးဆောင်၍ အပူပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသ စိုက်ပျိုးရေးနှင့်အသက်မွေးဝမ်းကျောင်းစီမံကိန်း၊ (ALLADZ) ကလည်း ကျေးရွာအတွင်းရှိ (၅)ဧကအောက်တောင်သူငယ်များကိုလည်း အလုပ်သမားခများပံ့ပိုးပေးထားပါကြောင်း၊ ၎င်းတောင်သူများကလည်း မိမိတို့စင်တာတွင် လာရောက်ရောင်းချရမည်ဖြစ်ပါကြောင်း၊ တစ်နေ့ချင်းတစ်နေ့ဝယ်ယူရရှိသော ကုလားပဲများကို မကွေးမြို့ရှိ Good Brother ကုမ္ပဏီမှ ဂိုဒေါင်များသို့ နေ့စဉ်တင်ပို့ပါကြောင်း၊ မိမိတို့သည် တောင်သူများဘဝပိုမိုမြင့်မားလာပြီး မိမိစိုက်ပျိုးထွက်ရှိသည့်အတိုင်း အပြည့်အဝခံစားရရှိစေမည့် တောင်သူအကျိုးပြုအဖွဲ့ဖြစ်ပါကြောင်းကို တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွင် တွဲဖက်အတွင်းရေးမှူးနှင့် ပွင့်ဖြူမြို့နယ်တွင် တောင်သူဖွံ့ဖြိုးရေးအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြင့်ထံမှ သိရှိခဲ့ရပါသည်။
DOCA(မကွေး)