Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များတွင်ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြန်အောင်မြို့၊ မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအား ကွင်းဆင်းလေ့လာခြင်း

     ၂၀၂၃ခုနှစ်၊ မတ်လ (၁၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မှ ဒု-ခရိုင်ဦးစီးမှူးသည် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအား ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအားစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့်စည်းကမ်းချက်များ၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်းပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ရန် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်(၃) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ “ထွန်းသစ်စ”စက်သုံးဆီဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ မတ်လ (၁၆) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာ-ငါးသိုင်းချောင်းကားလမ်းဘေး၊ အိုင်သပြုကားဂိတ်ရှိ “ထွန်းသစ်စ” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ်နှင့်အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသောညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့ရှိ ပဲပြား၊ မုန့်ဖက်နှင့် မျှစ်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနပူးပေါင်းအဖွဲ့သည် (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် ဗူးဘုရားဈေးအတွင်းရှိ ပဲပြား၊ မုန့်ဖက်နှင့် မျှစ်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များဖြစ်သည့် ပဲပြား၊ မုန့်ဖက်နှင့် မျှစ်များတွင် တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိတို့ကို နမူနာကောက်ယူစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်တားမြစ်ချက်များကို သိရှိနားလည်စေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရန် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၆) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍  (၁၄-၃-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   ဟင်္သာတမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်တို့က စားသုံးသူကာကွယ်ရေးအသိပညာပေးမှုနှင့်ပတ်သက်၍ မေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေများနှင့် နည်းဥပဒေများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရမည့်ညွှန်ကြား ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လှုပ်ရှားမှုများအကြောင်းတို့ကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၇)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဂုံညှင်းတန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးအိမ်၌ စားသုံးသူပြည်သူ(၂၀)ဦးအား စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြော ခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများအကြောင်း၊ စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများအကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စာအုပ်နှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ၂၀၂၃ခုနှစ်၊ မတ်လ ( ၁၉ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအား စစ်ဆေးရာတွင် ရုံးစာကြည့်တိုက်တွင် စာအုပ်များထားရှိမှုအခြေအနေ၊ မှတ်တမ်းများထားရှိမှုအခြေအနေများ၊ ဌာနခွဲများတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရုံးနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ထမ်းသက်သာချောင်ချိရေး ဆောင်ရွက်မှုများ၊ လုပ်ငန်းခွင်ပျော်ရွင်စေရေး ဆောင်ရွက်မှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများအား power point  များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအပေါ် မည်သို့ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ကို လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန်၊ စဉ်ဆက်မပြတ်လေ့လာသင်ယူကြရန်နှင့် စာဖတ်သည့်အလေ့အထကောင်းကို ပြုစုပျိုးထောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပြည်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းများအားဈေးကွက်စောင့်ကြည့်စစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိစေရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့်ဝန်ထမ်းများဦးဆောင်၍ ပေါင်းတလည်ဈေးအတွင်းရှိ ဈေးတာဝန်ခံ၊ ပေါင်းတလည်မြို့ ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၅.၃.၂၀၂၃) ရက်နေ့တွင်  ပေါင်းတလည်မြို့ပေါ်ရှိ စည်ပင်သာယာဈေး၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်များတွင် (၁၀)ဂရမ် အထက် အလှကုန်ပစ္စည်းများအားစစ်ဆေးရာတွင် ကုန်စည်၏ ထုတ်ပိုးမှု၊ ကုန်အညွှန်း အမှတ်အသား၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ထားသိုသိမ်းဆည်းပုံ၊ မြန်မာဘာသာ(သို့မဟုတ်) မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည့် အချက်အလက်များကို ပြည့်စုံစွာဖော်ပြရန် ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မူပိုင်ခွင့်ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၁၆.၃.၂၀၂၃ရက်နေ့က ပဲခူးတိုင်း ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ စီးပွား‌ရေးရာ ဝန်ကြီး ၊ ဦးတင်ဦးက ယနေ့ဆွေးနွေးပွဲသည်  " ၂၀၁၉ ခုနှစ်က အတည်ပြု ပြဌာန်းခဲ့တဲ့ မူပိုင်ခွင့် ဥပဒေများ ထဲမှ တစ်ခုဖြစ်တဲ့  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို  အာဏာ သက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း ၊ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ၊ အဆိုပါ ဥပဒေ အာဏာသက်ဝင်ပြီးနောက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းများကို လျှောက်လွှာလက်ခံမည့် ဌာနများမှ တစ်ဆင့်လည်းကောင်း ၊ အီလက်ထရောနစ်စနစ်မှတစ်ဆင့်လည်းကောင်း ပြုလုပ်နိုင်ကြောင်းနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် လျှော်လွှာ လက်ခံမည့် ဌာနများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း " အဖွင့်အမှာ စကားပြောကြားခဲ့ပါသည် ။

         ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မူပိုင်ခွင့်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အာဏာ သက်ဝင်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်း က အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ညွှန်ကြားရေးမှူး ‌ဒေါက်တာ အေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ AYA ဘဏ်မှ ဒေါ်အေးအေးမြင့် နှင့် CB ဘဏ်မှ ဦးနေလင်းထွန်းတို့က အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အခကြေးငွေ ပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများ အကြောင်းကို လည်းကောင်းအသီးသီး ဆွေးနွေးကြပြီး တက်‌ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူအသီးအသီးက ပြန်လည်ဖြေကြားခဲ့ကြသည် ။  ထို့နောက် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ မိုးမိုးသွယ်က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်‌ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

     (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ၁၈-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ We Love Mawlamyine ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပြခန်းများဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ရာ ငွေကြေးလည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် များစွာအကျိုးဖြစ်ထွန်းပါကြောင်း၊ MSME လုပ်ငန်းများမှထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်လုပ်မှုများတင်ပို့နိုင်ရေး ကြိုးပမ်းကြစေလိုပါကြောင်း၊ စီးပွားရေးဝန်းကျင်ကောင်းများဖြစ်ထွန်းလာစေရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ငွေကြေးအထောက်အပံ့များရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအထောက်အပံ့ရရှိရေးကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့များသည် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါပြခန်းများတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့က ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက်ကုန်ပြခန်းများ၊ MSME ပြခန်းများ၊ မွန်ရိုးရာအစားအသောက်များရောင်းချသည့်ဆိုင်ခန်းများ၊ စုစုပေါင်း (၈၂) ခန်းပြသခဲ့ကြပြီး လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ